အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် ရွေးကောက်ပွဲ အနိုင်တစ်ပြေးနေတဲ့ ဂျိုးဘိုင်ဒင် မေတ္တာရပ်ခံ 

အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် ရွေးကောက်ပွဲ အနိုင်တစ်ပြေးနေတဲ့ ဂျိုးဘိုင်ဒင် မေတ္တာရပ်ခံ 
Photo - AFP

နိုဝင်ဘာ ၇

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ နီးစပ်နေတဲ့ ဂျိုးဘိုင်ဒင်က အမေရိကန်ပြည်သူတွေအနေနဲ့ အမျိုးသားစည်းလုံးညီညွတ်မှုရှိကြဖို့ကို သောကြာနေ့မှာ ပန်ကြားပြောဆိုပါတယ်။ 

ရွေးကောက်ပွဲမှာ အနိုင်ရတယ်ဆိုပြီး မကြေညာဖို့ သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုချိန်မှာပဲ ဂျိုးဘိုင်ဒင်က ပြောလာတာလည်း ဖြစ်ပါတယ်။ 

ပင်ဆယ်ဗေးနီးယားနဲ့ အခြားပြည်နယ် သုံးပြည်နယ်မှာ မဲရေတွက်နေဆဲမှာပဲ သမ္မတ ထရမ့်အနေနဲ့ ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ဖို့က မဖြစ်နိုင်သလောက် ရှိနေပါတယ်။ 

ဂျိုးဘိုင်ဒင်က ၎င်း အနိုင်ရမယ်ဆိုတာကို ယုံကြည်ထားတယ်လို့ ထပ်မံပြောကြားလာပေမယ့်လည်း မဲရေတွက်မှု အပြီးထိ စောင့်ကြည့်မှာဖြစ်တယ်လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ညပိုင်းမှာ မိန့်ခွန်းပြောဆိုရာမှာတော့ ရွေးကောက်ခံ သမ္မတ တစ်ဦးသဘောမျိုးနဲ့ ပြောဆိုသွားတာဖြစ်ပြီး ကိုဗစ်-၁၉ ကို ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ သန္နိဋ္ဌာန်ချ ပြောဆိုပါတယ်။ အမေရိကန်နိုင်ငံမှာ သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၁၂၇၀၀၀ ကျော်အထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

“ကျွန်တော်တို့တွေ စိတ်ဆိုးဒေါသ အမျက်တွေနဲ့ ဂိုဏ်းဂဏဖွဲ့တာတွေကို ချန်ထားပစ်ခဲ့ကြရမှာဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံအဖြစ် အတူတကွ နေထိုင်သွားကြရမယ့် အချိန်ပဲ ဖြစ်တယ်။”လို့ ဂျိူးဘိုင်ဒင်က ပြောပါတယ်။ 

“သမ္မတအဖြစ်နဲ့ ကျွန်တော် တာဝန်ခံမှုဟာ တစ်နိုင်ငံလုံးကို ကိုယ်စားပြုသွားမှာ ဖြစ်တယ်။”လို့ သူက ဆက်လက်ပြောပါတယ်။ 

နိုင်ငံအတွင်း လူပေါင်း ၂၃၀၀၀၀ ကျော် သေဆုံးတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်တက်နေတဲ့အရေးနဲ့ ပတ်သက်ပြီး ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့လည်း ဂျိူးဘိုင်ဒင်က ဆိုပါတယ်။ 

“ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ အစီအစဉ်တွေကို ကျွန်တော်တို့ ချမှတ်ဖော်ဆောင်သွားပါမယ်။ လာမယ့် လတွေမှာတော့ လူအသက်တွေ များစွာကို ကယ်တင်နိုင်မှာ ဖြစ်တယ်။”ဆိုပြီး ဂျိူးဘိုင်ဒင်က ပြောခဲ့ပါတယ်။ 

ရွေးကောက်ပွဲ အနိုင်ရမဲ ၂၇၀ မှာ လက်ရှိ ဂျိူးဘိုင်ဒင်က ၂၅၃ မဲနဲ့ သမ္မတ ထရမ့်က ၂၁၄ မဲ ရရှိထားတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required