တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က နိုင်ငံခြားသင်္ဘောများကို ပစ်ခတ်နိုင်ဟု ဥပဒေသစ်တွင် ခွင့်ပြုမည် 

By Nikkei Asia
06 November 2020
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က နိုင်ငံခြားသင်္ဘောများကို ပစ်ခတ်နိုင်ဟု ဥပဒေသစ်တွင် ခွင့်ပြုမည် 

နိုဝင်ဘာ ၆ 

တရုတ်နိုင်ငံတွင် ယခုအပတ်ထဲ ထုတ်ပြန်ခဲ့သည့် ဥပဒေမူကြမ်းတစ်ရပ်အရ နိုင်ငံရေပိုင်နက်ထဲ တရားမဝင်သည့် လုပ်ရပ်များတွင် ပါဝင်ပတ်သက်သော နိုင်ငံခြားသင်္ဘောများကို လက်နက်များအသုံးပြုပစ်ခတ်ရန် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ကို တရားဝင်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ 

နိုဝင်ဘာ ၄ ရက်တွင် အမျိုးသားပြည်သူ့ကွန်ဂရက်က ထုတ်ဖော်ခဲ့သည့် ဥပဒေမူကြမ်းစာသားများအရ အရေးပေါ် အခြေအနေများတွင် ဖြစ်စေ သို့မဟုတ် သတိပေးချက်များကို အရေးမစိုက်သည့် အချိန်တွင် ဖြစ်စေ တရုတ်၏ အချုပ်အခြာအာဏာကို ချိုးဖောက်သည်ဟု ယူဆရသည့် ရေယာဉ်များကို လက်နက် အသုံးပြု အရေးယူနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ 

ယခုကဲ့သို့ ပေကျင်း၏ လုပ်ဆောင်ချက်က ဂျပန်ထိန်းချုပ်သော ဆန်ကာကူကျွန်းစု တစ်ဝိုက်တွင် ပဋိပက္ခတစ်ခု ဖြစ်နိုင်သည့် အလားအလာအန္တရာယ်ကို ပိုမိုမြင့်တက်စေမည့်အပေါ် စိုးရိမ်ပူပန်မှုများ တိုးပွားစေခဲ့သည်။ အဆိုပါ ကျွန်းစုများကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း တရုတ်က အရေးဆိုနေသလို ယင်းတို့ကို ဒိုင်အိုယူကျွန်းစုများအဖြစ် ခေါ်ဝေါ်သုံးနှုန်းထားသည်။ ထို့ပြင် ကမ်းခြေစောင့်သင်္ဘောများအပါအဝင် တရုတ်ရေယာဉ်များကို ယင်းဧရိယာတွင် နေ့တိုင်းနီးပါးမျှ မြင်တွေ့ထားခဲ့ရသည်။ 

တိုကျိုအနေဖြင့် တရုတ်၏ ကမ်းခြေစောင့်တပ်နှင့်ပတ်သက်၍ အခြေအနေများကို စိတ်ဝင်စားမှုကြီးစွာဖြင့် ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ အစိုးရအေဂျင်စီများအနေဖြင့်လည်း သတင်းအချက်အလက်များ စုဆောင်းလျက် ရှိကြောင်း ဂျပန် အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ကက်ဆုနိုဘူ ကာတိုက နိုဝင်ဘာ ၅ ရက်တွင် ပြောသည်။ 

ယခု ဥပဒေသစ်အရ တရုတ် ကမ်းခြေစောင့်တပ်ကို ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့ထက် လက်နက်အသုံးပြုမှုပိုင်းတွင် ပိုမို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိစေမည်ဖြစ်သည်။ ဂျပန် ကမ်းခြေစောင့်တပ်အနေဖြင့်ကမူ တင်းကျပ်သည့်  ကန့်သတ်ပိတ်ပင်ချက်များနှင့် ရင်ဆိုင်နေရသည်။ ဂျပန်ဥပဒေအရ နိုင်ငံခြားသင်္ဘောတစ်စင်းပေါ်ရှိ “မသင်္ကာဖွယ် သံသယရှိ လုပ်ဆောင်ချက်” ကို သေချာ အတည်ပြုရန်လိုအပ်သလို ကြီးလေးသည့် ပြစ်မှုတစ်ခု ကျူးလွန်ရန် ဖြစ်နိုင်ဖွယ် ပြင်ဆင်မှုများအပါအဝင် သတ်မှတ်အခြေအနေများ မကိုက်ညီသရွေ့ လူများကို အန္တရာယ်ဖြစ်စေနိုင်သည့် တုံ့ပြန်မှုများကို တားမြစ်ထားသည်။ 

တရုတ် ဥပဒေအရမူ ကမ်းခြေစောင့် တပ်ဖွဲ့ ရေယာဉ်များ တိုက်ခိုက်ခံရချိန်တွင် သင်္ဘောတင် လက်နက်များဖြင့် တုံ့ပြန်ရန် ခွင့်ပြုပေးမည်ဖြစ်သည်။ထို့ပြင် တရုတ် ရေပိုင်နက်ထဲ တရားမဝင် ဝင်လာခဲ့သည်ဟု သတ်မှတ်နိုင်သည့် နိုင်ငံခြားရေယာဉ်များကို ထိန်းသိမ်းခြင်း သို့မဟုတ် ဆွဲယူခြင်းကဲ့သို့ အခြားသော အစီအမံများ လုပ်ခွင့်လည်း ပြုမည်ဖြစ်သည်။ 

အဆိုပါ ဥပဒေ ဖော်ပြချက်အရ ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန်ဝတ္တရားများထဲတွင် တရုတ်၏ ပင်လယ်ရေကြောင်း အရင်းအမြစ်များနှင့် ငါးဖမ်းလုပ်ငန်းကို ကာကွယ်ခြင်း ပါဝင်နေသည်။ ယင်းအတွက်ကြောင့် ဆန်ကာကူ ကျွန်းများတစ်ဝိုက်တွင် သွားလာနေသော တရုတ်ငါးဖမ်းရေယာဉ်များကို ကာကွယ်ရန် အကြောင်းပြပြီး ဂျပန် ရေပိုင်နက် နယ်နမိတ်ထဲ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်များ ပိုမို ဝင်ရောက်လာနိုင်သည့်အပေါ် အချို့က ပူပန်နေသည်။ 

ထို့ပြင် ယင်းဥပဒေအရ မဟာဗျူဟာကျ ကျွန်းစုများ၊ အထူး စီးပွားရေးဇုန်များနှင့် ကျွန်းတုများကို ကာကွယ်ရန် လိုအပ်သည့် အစီအမံလုပ်ဆောင်ချက်များ လုပ်ဆောင်ရေးကို တရုတ် ကမ်းခြေစောင့်တပ်၏ တာဝန်များထဲတွင် ထည့်သွင်းထားသည်။ ကျွန်းတုများ ဆိုသည်မှာ တောင်တရုတ်ပင်လယ်ရှိ ပေကျင်း၏ ကျွန်းတုများကို ရည်ညွန်းဖွယ် ရှိသည်။ 

ယခု ဥပဒေပြဋ္ဌာန်းမှု ကိစ္စကို ဒီဇင်ဘာတွင် အစောဆုံး အတည်ပြုဖွယ် ရှိနေသည်။ 

လက်ရှိအချိန်တွင် ရေတပ်အရာရှိဟောင်းတစ်ဦး ကွပ်ကဲနေသည့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ကို ပြည်သူ့လွတ်မြောက်ရေးစစ်တပ်၏ ရေတပ်နှင့် ပေါင်းစည်းရေးကို ပေကျင်း ခေါင်းဆောင်ပိုင်းက တွန်းအားပေးလုပ်ဆောင်နေသည်။ 

၂၀၁၉ ခုနှစ် နှစ်ကုန်အထိ တရုတ်၏ ကမ်းခြေစောင့်တပ်ဖွဲ့တွင် ရေယာဉ်သင်္ဘောပေါင်း ၁၃၀ စင်းအထိ ရှိထားသည်ဟု သိရပြီး ယင်းက ဂျပန် ကမ်းခြေစောင့်တပ်ရှိ ကင်းလှည့်သင်္ဘောအရေအတွက်ထက် အကြမ်းဖျင်း နှစ်ဆ ပိုများသည်။ ထို့ပြင် တရုတ်ကမ်းခြေစောင့်တပ်တွင် ကမ္ဘာ့အကြီးဆုံး ကမ်းခြေစောင့်ရေယာဉ်များဖြစ်သည့် ၇၆ မမ အမြှောက်များတပ်ထားသည့် တန် ၁၀,၀၀၀ အထက် သင်္ဘောများလည်း ရှိသည်ဟု အတည်ပြုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required