ဂျပန်က ကိုဗစ်ရောဂါ စစ်ဆေးသည့် PCR Test Kit များ ဒုတိယအသုတ် လှူဒါန်း

ဂျပန်က ကိုဗစ်ရောဂါ စစ်ဆေးသည့် PCR Test Kit များ ဒုတိယအသုတ် လှူဒါန်း
ဓာတ်ပုံ - JICA

နိုဝင်ဘာ ၆၊ ၂၀၂၀

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ ကိုဗစ်ရောဂါ စစ်ဆေးသည့် PCR test kit များ ဒုတိယအသုတ်အဖြစ် နိုဝင်ဘာလ ၆ ရက်တွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန - ရန်ကုန် (NHL) သို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။  

“ဤထောက်ပံ့မှုအစီအစဉ်သည် Japan/JICA မှ မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ COVID-19 တိုက်ဖျက်ရေး လုပ်ငန်းစဉ်များအတွက် စဉ်ဆက်မပြတ် ကူညီပေးသော အကူအညီ အစီအစဉ်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်” ဟု JICA မြန်မာရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ - JICA

COVID 19 အတည်ပြုလူနာ ၁၀၀၀ ကျော်ဖြင့် နေ့စဉ်ရင်ဆိုင်နေရချိန်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် စောစီးစွာ ရောဂါရှာဖွေ ဖော်ထုတ်၍ ရောဂါကူးစက်ခံရသော ပြည်သူများအား ကျန်းမာရေး စောင့် ရှောက်မှု ပေးနိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျှက်ရှိရာ PCR တိုးမြှင့် စစ်ဆေးမှုများအတွက် PCR test kit များ စဉ်ဆက် မပြတ်ထောက်ပံ့မှုများ လိုအပ်လျှက်ရှိကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံတွင် COVID -19 ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် JICA မှ စုစုပေါင်းကျပ် ၈၃၆ သန်း တန်ဖိုးရှိ viral nucleic acid extraction kits များထဲမှ ပထမ အသုတ်ကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ယခု ပေးအပ်မှုမှာ ဒုတိယအသုတ် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၅၇၉၃၅ ဦးရှိပြီး သေဆုံးသူ ၁၃၅၂ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာလ ၅ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required