ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှာစိုးရိမ်သဖြင့် တရုတ်က ဗြိတိန်နှင့်ပြင်သစ်အပါအဝင် နိုင်ငံအများအပြားမှ ဧည့်သည်ဝင်ရောက်မှုတားမြစ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှာစိုးရိမ်သဖြင့် တရုတ်က ဗြိတိန်နှင့်ပြင်သစ်အပါအဝင် နိုင်ငံအများအပြားမှ ဧည့်သည်ဝင်ရောက်မှုတားမြစ်
Photo - AFP

နိုဝင်ဘာ ၆

တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ကူးစက်ဖြစ်ပွားမှာကို တားဆီးတဲ့အနေနဲ့ ပြင်သစ်အပါအဝင် နိုင်ငံအများအပြားက နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုကို ကြာသပတေးနေ့က ထပ်မံတားမြစ်လိုက်ပါတယ်။  

ကမ္ဘာတစ်လွှား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြင်းထန်ချိန် မတ်လတုန်းက တရုတ်နိုင်ငံက ပြည်ပနိုင်ငံသားဝင်ရောက်မှုကို တားမြစ်ခဲ့ပြီး နောက်ပိုင်းမှာ ကန့်သတ်ချက်တွေကို တဖြည်းဖြည်းဖြေလျှော့ခဲ့ကာပြည်ပမှာ သောင်တင် နေတဲ့သူတွေကို သံရုံးတွေရဲ့ အထူးခွင့်ပြုချက်နဲ့ ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။  

အခုအခါ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု တစ်ဖန်မြင့်တက်လာတဲ့အတွက် ဗြိတိန်က တရုတ်နိုင်ငံသားမဟုတ်တဲ့သူတွေကို နိုင်ငံတွင်းဝင်ရောက်ခွင့် ယာယီဆိုင်းငံ့မယ်လို့ ယူကေမှာရှိတဲ့ တရုတ်သံရုံးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ယူကရိန်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သံရုံးတွေကလည်း အလားတူကြေညာချက်မျိုး ထုတ်ပြန်ခဲ့ကြပါတယ်။  

ခုလို ထုတ်ပြန်ချက်ဟာ ကပ်ရောဂါကို ကိုင်တွယ်ဖို့ ယုတ္တိတန်ပြီးတရားမျှတတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။  

ကမ္ဘာပေါ်မှာ ကပ်ရောဂါအဆိုးဆုံးခံရတဲ့ ဗြိတိန်နိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်သန်းကျော်ရှိပြီး ၄၈ ၀၀၀ နီးပါးသေဆုံးထားကာ ရောဂါကူးစက်မှုကို တားဆီးဖို့ ဒုတိယအကြိမ်အဖြစ် တစ်နိုင်ငံလုံး လော့ဒေါင်းချမှတ်ထားပါတယ်။  

အမေရိကန်မှာလည်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၀ ၀၀၀ ရှိခဲ့ပြီး စံချိန်တင်ကူးစက်မှုတစ်နေ့တာဖြစ်ခဲ့ပါတယ်။  

ပေကျင်းကတော့ မကြာသေးမီကပဲ နိုင်ငံအများအပြားက ဧည့်သည်ဝင်ရောက်မှုနဲ့ပတ်သက်ပြီး ဒေသဆိုင်ရာ တရုတ်သံရုံးတွေကနေ ထုတ်ပေးတဲ့ ကျန်းမာရေးထောက်ခံစာနဲ့ ၄၈ နာရီအတွင်း ဆေးစစ်ချက်တွေကို ပြသရခြင်းအပါအဝင် စည်းကမ်းတွေ ပိုမိုတင်းကျပ်ထားပါတယ်။  

တရုတ်နိုင်ငံရဲ့ ပြည်ပနိုင်ငံသားဝင်ရောက်မှု ထပ်မံတားမြစ်ခံရတဲ့နိုင်ငံတွေထဲမှာ စင်္ကာပူ၊ ကနေဒါ၊ ဂျာမနီ၊ ပါကစ္စတန်၊ တောင်အာဖရိကနဲ့ အမေရိကန်တို့ ပါဝင်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly