ဖိလစ်ပိုင်နှင့် ဗီယက်နမ် မဟာဗျူဟာမြောက်မိတ်ဖက်စာချုပ် လက်မှတ်ရေးထိုးမည်

ဖိလစ်ပိုင်နှင့် ဗီယက်နမ် မဟာဗျူဟာမြောက်မိတ်ဖက်စာချုပ် လက်မှတ်ရေးထိုးမည်

မနီလာ၊ နိုဝင်ဘာ ၁၇ ။          ။ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သည် မဟာဗျူဟာမြောက်မိတ်ဖက်စာချုပ်ကို နိုဝင်ဘာ ၁၇ တွင် လက်မှတ်ရေးထိုးမည်ဟု ဖိလစ်ပိုင်အရာရှိတစ်ဦးက ပြောသည်။ ယင်းစာချုပ်က နှစ်နိုင်ငံလုံးက တရုတ်နှင့် ပိုင်နက်အငြင်းပွားမှု ရင်ဆိုင်နေရစဉ် မဟာမိတ်အဖြစ်ခိုင်မာအောင် ပြုလုပ်ခြင်းဖြစ်သည်။

သဘောတူစာချုပ်ကို ဖိလစ်ပိုင်သမ္မတ ဘင်နစ်နိုအကွီနိုနှင့် ဖိလစ်ပိုင်သို့ရောက်ရှိနေသည့် ဗီယက်နမ်သမ္မတ ထရောင်တန်ဆန်တို့ ရှေ့မှောက်တွင် လက်မှတ်ရေးမည်ဖြစ်သည်ဟု ဖိလစ်ပိုင်   နိုင်ငံခြားရေးရာ ပြောခွင့်ရပုဂ္ဂိုလ် ချားလ်စ်ဟိုဆေးက အေအက်ဖ်ပီသို့ နိုဝင်ဘာ ၁၆က ပြောသည်။

ဆန်သည် အဖွဲ့ဝင် ၂၁ ဦးပါ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(အေပက်)မှ အခြားခေါင်းဆောင်များနှင့် အတူ ဖိလစ်ပိုင်သို့ ရောက်ရှိမည်ဖြစ်ပြီး နိုဝင်ဘာ ၁၈မှ စတင်ကာ ကုန်သွယ်ရေးကို အဓိကထားမည့် နှစ်ရက်ကြာထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်သည်။

သို့သော်လည်း တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့်ပိုင်နက်အငြင်းပွားမှုတွင် ဖိလစ်ပိုင်က ၎င်းအားထောက်ခံမှုကို ရှာဖွေစဉ် အရေးကြီးသော မဟာမိတ်များအခိုင်အမာရရှိရန် အကွီနိုက အခွင့်အရေးကို ရယူမည်ဖြစ်သည်။

ကြီးမားသည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ပေါ်ခွလျက်ရှိနေသည်ဟု ယုံကြည်ရသော တောင်တရုတ်ပင်လယ်၏ အားလုံးနီးပါးကို ၎င်းပိုင်ဆိုင်သည်ဟု တရုတ်က ပြောကြားထားသည်။ ထို့အပြင် ၎င်းပင်လယ်မှာ အသက်သွေးကြော ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းများ တည်ရှိရာလည်းဖြစ်သည်။ ပိုင်ဆိုင်မှုအငြင်းပွားမှုတွင် ပါဝင်သော အခြားနိုင်ငံများမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်တို့ဖြစ်သည်။

မကြာသေးမီနှစ်များအတွင် တောင်တရုတ်ပင်လယ်တွင် တရုတ်၏လုပ်ရပ်များကို အများဆုံးဝေဖန်သူများမှာ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ဖြစ်သည်။ တောင်တရုတ်ပင်လယ်ကို စိုးမိုးလိုသည့် တရုတ်၏ လုပ်ရပ်များနှင့် ပတ်သက်၍ ၎င်းတို့တွင် တူညီသည့် စိုးရိမ်မှုများဖြစ်နေခဲ့ပြီး မကြာသေးမီနှစ်များအတွင်း ၎င်းတို့နှစ်နိုင်ငံကို ပိုမိုနီးကပ်စေခဲ့သည်။

ယခုလက်မှတ်ရေးထိုးသည့် သဘောတူစာချုပ်က အထင်ရှားဆုံး ဖြစ်ပေါ်တိုးတက်မှုဖြစ်သည်။ သဘောတူညီချက်က ကာကွယ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆက်ဆံမှုကို မြင့်တင်စေမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့က ယခင်ကတည်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly