အာမေးနီးယားတို့ သိမ်းယူခဲ့တဲ့ နယ်မြေတွေကို အဇာဘိုင်ဂျန်ထံ ပြန်ပေးရလိမ့်မယ်လို့ အီရန်ခေါင်းဆောင် ပြော 

အာမေးနီးယားတို့ သိမ်းယူခဲ့တဲ့ နယ်မြေတွေကို အဇာဘိုင်ဂျန်ထံ ပြန်ပေးရလိမ့်မယ်လို့ အီရန်ခေါင်းဆောင် ပြော 
Photo - AFP

နိုဝင်ဘာ ၅

အာမေးနီးယားတို့ သိမ်းပိုက်ထားခဲ့တဲ့ နယ်မြေတွေကို အဇာဘိုင်ဂျန်လက်ထဲ ပြန်လည်ပေးအပ်ရလိမ့်မယ်ဆိုပြီး အီရန် ခေါင်းဆောင် အယာတိုလာ အလီခါမေနီက နိုဝင်ဘာ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

တစ်ချိန်တည်းမှာလည်းပဲ လူသေဆုံးမှုတွေဖြစ်စေခဲ့တဲ့ နာဂေါ်နိုကာရာဘက်ခ် ပဋိပက္ခကို အဆုံးသတ်ဖို့ အာမေးနီးယားတို့ရဲ့ လုံခြုံရေးဟာ မဖြစ်မနေလိုအပ်တဲ့ အခြေအနေတစ်ခုအဖြစ် သေချာစေရလိမ့်မယ်ဆိုပြီး အယာတိုလာက ပြောသွားခဲ့ပါတယ်။ 

“သူတို့ပြောတာကတော့ အမျိုးသားတစ်ယောက် အသတ်ခံခဲ့ရတယ်၊ အဲဒီတော့ အဲဒီလူ သေဆုံးမှုအတွက် ဝမ်းနည်းစာနာ ချစ်ခင်ကြောင်း ပြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်၊ ဒါပေမယ့်လည်း ခင်ဗျားတို့အနေနဲ့ ဒီလို မလျော်ကန်တဲ့၊ ဆိုးယုတ်တဲ့ ရုပ်ပြောင်တစ်ခုကို ဘာကြောင့်များ အတိအကျ ကာကွယ်နေရတာလဲ၊ ပြင်သစ်အစိုးရနဲ့ အခြားနိုင်ငံတွေဘက်က ဒီ ရုပ်ပုံရေးဆွဲမှုကို မတော်တရော် မနှစ်မြို့ဖွယ် ကာကွယ်နေမှုကို ကြည့်မယ်ဆိုရင် ဒီလို စက်ဆုပ်ဖွယ် လုပ်ရပ်တွေက စနစ်တကျ စီစဉ်ထားတဲ့ လုပ်ဆောင်ချက်ကနေ အစပြုတယ်ဆိုတာကို ပြသနေပါတယ်” လို့ အီရန်ခေါင်းဆောင်က တမန်တော် မိုဟာမက် ရုပ်ပြောင်ကာတွန်းကိစ္စနဲ့ပတ်သက်လို့ ပြောပါတယ်။ 

ဒါ့အပြင် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အကြား ပဋိပက္ခတိုက်ပွဲတွေနဲ့ပတ်သက်လို့လည်း အီရန် ခေါင်းဆောင်က “ဒါကို တတ်နိုင်သလောက် မြန်မြန် ရပ်ဆိုင်းရပါလိမ့်မယ်၊ တကယ်တမ်းမှာ အာမေးနီးယားတို့ သိမ်းထားတဲ့ နယ်မြေတွေကို ပိုင်ရှင်လက်ထဲ ပြန်အပ်ရပါလိမ့်မယ်၊ အဲဒါက မဖြစ်မနေ လိုအပ်တဲ့ အခြေအနေတစ်ခုပါ၊ ဒီမြေတွေက အဇာဘိုင်ဂျန် ပိုင်တာပါ၊ အဇာဘိုင်ဂျန်က ဒီမြေတွေနဲ့ပတ်သက်လို့ အခွင့်အရေး အပြည့်အဝ ရှိပါတယ်၊ တချိန်တည်းမှာလည်းပဲ ဒီ မြေတွေပေါ်မှာ နေထိုင်တဲ့ အာမေးနီးယားတွေရဲ့ လုံခြုံရေးကိုလည်း သေချာအာမခံပေးရပါလိမ့်မယ်” လို့ ပြောသွားခဲ့ပါတယ်။ 

“အကြမ်းဖက်သမားတွေ (ဆီးရီးယားနဲ့ လစ်ဗျားကနေ စပြီး ကာရာဘက်ခ်အထိ တူရကီလိုလားတဲ့ တိုက်ခိုက်ရေးသမားတွေ) အနေနဲ့ ကျုပ်တို့ နယ်နမိတ်အနီးမှာ အခြေချလို့ မရပါဘူး၊ ခိုင်လုံတဲ့ သတင်းတွေအရ ဒီလို အကြမ်းဖက်သမားတွေ ရှိနေတယ်ဆိုတာကို ကြားထားရပါတယ်၊ တကယ်လို့ သူတို့ဆီကနေ ခြိမ်းခြောက်မှု ရှိနေတယ်လို့ ကျုပ်တို့ ယူဆရင်တော့ ကျုပ်တို့ဟာ ပြတ်ပြတ်သားသား တုံ့ပြန်သွားမှာဖြစ်ပါတယ်” လို့လည်း အီရန်ခေါင်းဆောင်က ပြောသွားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required