နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ထားခြင်းကြောင့် ဆောင်းရာသီငါးဖမ်းလုပ်ငန်းများ ဆက်လက်လည်ပတ်ရန် အခက်တွေ့

By အောင်အောင်ထူး
04 November 2020
နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ထားခြင်းကြောင့် ဆောင်းရာသီငါးဖမ်းလုပ်ငန်းများ ဆက်လက်လည်ပတ်ရန် အခက်တွေ့
ဓာတ်ပုံ - အောင်အောင်ထူး

နိုဝင်ဘာ၄

ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းအစကတည်းက နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ထားသဖြင့် ဆောင်းရာသီငါးဖမ်း လုပ်ငန်း ရှင်များအနေဖြင့် လုပ်ငန်းဆက်လက်လည်ပတ်ရန် အခက်တွေ့နေကြောင်း လုပ်ငန်းရှင်များကဆိုသည်။

ထိုသို့ နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ထားခြင်းကြောင့် ပြီးခဲ့သည့်နှစ်က ဖမ်းယူရရှိခဲ့သည့် ငါးခြောက်များမှာ လက်ရှိအချိန်ထိ ရောင်းမထွက်သေးသည့်အတွက် ယခုနှစ်ဆောင်းရာသီငါးဖမ်းလုပ်ငန်းများမှာ ဆက်လက်လည်ပတ်ရန် အခက်တွေ့နေခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။

 

ဓာတ်ပုံ - အောင်အောင်ထူး

“ဝိုင်းပိုက်သမားတွေတော့ အခက်ခဲဖြစ်သွားမယ်။ ဘာလို့လဲဆိုတော သူတို့မှာရတဲ့ ပစ္စည်းတွေကကျတော့ ဘင်္ဂလားကိုပို့ရတာ။ ရန်ကုန်ကိုတင်တယ်။ ရန်ကုန်ကနေတဆင့် မူဆယ်ကိုတင်တယ်ပေါ့လေ။ ရခိုင်မှာ မြောက်ပိုင်းက ငါးတွေက ဘင်္ဂလားကိုသွားတာ များတယ်။ ဒီနှစ်မှာ ဆက်လုပ်လို့ရမယ့်အနေအထားတောင်ရှိမှာ မဟုတ်တော့ဘူး။ သူတို့မှာရထားတဲ့ငါးကို ဘင်္ဂလားကိုလည်း ပို့မရတော့  ထူထောင်လို့ မရလောက်တဲ့ အနေအထားတောင် ဖြစ်သွားမယ်”ဟု စစ်တွေမြို့မှ ငါးလုပ်ငန်းရှင် ကိုဇော်ဇော်က ပြောသည်။

ဝိုင်းပိုက်ဟု ဒေသကခေါ်ဝေါ်သည့် အဆိုပါလုပ်ငန်းမှာ အသေးစားလုပ်ငန်းတစ်မျိုးဖြစ်ပြီး မိုးရာသီအကုန် ပွင့်လင်းရာသီအရောက်တွင် စတင်လေ့ရှိကြပြီး နှစ်စဉ် နိုဝင်ဘာလမှ သင်္ကြန်အပြီး ဧပြီကာလအထိ ခြောက် လခန့် လုပ်ကိုင်ကြရသည်။

ယင်းလုပ်ငန်းများမှ ငါးနီတူနှင့် ငါးကြောညို အဓိကရရှိပြီး အခြောက်ခံပြီးနောက် ဘင်္ဂလားဒေ့ရ်ှနှင့် တရုတ်နိုင်ငံများသို့ တိုက်ရိုက်သော်လည်းကောင်း၊ တဆင်ခံသော်လည်းကောင်း တင်ပို့ကြသည်။

ဓာတ်ပုံ - အောင်အောင်ထူး

သို့သော် တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားလာချိန်တွင် တင်ပို့မှုများကို ရပ်ဆိုင်းခဲ့ကြရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် ရာနှင့်ချီသည့် ငွေများကို ဆုံးရှုံးနေရကြောင်း  ပေါက်တောမြို့နယ် မြေငူကျွန်း၊ သဲခုံရွာတွင် ယင်းလုပ်ငန်းလုပ်ကိုင်သည့် ဦးမောင်စောမြင့်က ပြောသည်။

“(တစ်ပိဿလျှင်)ခြောက်ထောင်၊ ခြောက်ထောင်ကျော်၊ ခုနစ်ထောင်နီးပါးလောက်တောင် ဈေးရနေခဲ့တာ။ ဝူဟန်မှာရောဂါဖြစ်လို့ ပြီးခဲ့တဲ့ ၂ လပိုင်းအစလောက်ကတည်းက ဈေးကထိုးဆင်းပြီ။ အဲဒီအချိန်ကနေ ဈေးကျသွားတာ လေးထောင့်ငါးရာဖြစ်သွားတယ်။ သုံးလပိုင်းဆန်းလောက်ကိုရောက်တာနဲ့ လေးထောင်၊ လေးထောင့်နှစ်ရာနဲ့ သုံးလပိုင်းတစ်လလုံး။ လေးလပိုင်းတက်တာနဲ့ သုံးထောင့်ငါးရာသုံးထောင်ဖြစ်သွားပြန် ရော။ အဲဒီငါးတန်ချိန်တစ်သောင်းကျော်လောက်ရှိတယ်။ ဦးလေးမှာ။”ဟု ဦးမောင်စောမြင့်က ပြောသည်။

ထို့ပြင် အလုပ်သမားအား ကြိုတင်ငွေပေးရခြင်းများအပြင် ပြီးခဲ့သည့်နှစ်က ရရှိခဲ့သည့် ငါးတန်ချိန်တစ်သောင်း ကျော် အရောင်းမထွက်နိုင်သေးသည့်အတွက် ငွေကျပ်သိန်း ၆၀၀ ကျော်ဖိုးမှာ နစ်မြုပ်နေကြောင်းလည်း ဦးမောင်စောမြင့်သည်။

“တစ်နှစ်စီမှာ ပိုက်ချဖို့အတွက် (အလုပ်သမား)လူတွေကို (ကြိုတင်ငွေ)တစ်သိန်းလောက်စီ ပေးထားရတယ်။ လူနှစ်ဆယ်၊ သုံးဆယ်ဆိုရင် ပိုက်ဆံသိန်းနှစ်ဆယ်၊ သုံးဆယ်ကုန်သွားပြီ။ လှေတွေပြုပြင်၊ ပိုက်တွေဖာ နောက်ထပ် သုံးလေးဆယ်ထပ်ကုန်။ အများလုပ်တဲ့သူတွေမှာ အများလုပ်သလောက် ငွေကျပ်သိန်းတစ် ရာလောက်နီးကုန်မှပဲ ရေကိုချရတယ်။ တစ်ခုမှ မရရင်တောင် လေးငါးခြောက်ဆယ်ကုန်တယ်။”ဟု ဦးမောင် စောမြင့်က ပြောသည်။

ဓာတ်ပုံ - အောင်အောင်ထူး

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို ဖွင့်မှသာလျှင် လုပ်ငန်းများအဆင်ပြေနိုင်မည်ဖြစ်ပြီး ဆက်လက်မ လည်ပတ်နိုင်ပါက လုပ်ငန်းရှင်များအပြင် ပိုက်တစ်ဖောင်စီတွင် မှီခိုလုပ်ကိုင်ကာဝမ်းစာရှာကြရသည့် အလုပ် သမားများအတွက်လည်း အခက်ခဲဖြစ်သွားနိုင်ကြောင်း ပိုင်ဖောင်များတွင် ဝင်ရောက်လုပ်ကိုင်ကြ သည့် အလုပ်သမားများက ပြောသည်။

လက်ရှိတွင်လည်း လုပ်ငန်းများလည်ပတ်နိုင်ခြင်းမရှိသေးသည့်အတွက် အလုပ်လက်မဲ့ဖြစ်နေရကြောင်း ဆောင်းရာသီရောက်လျှင် ယင်းပိုက်ဖောင်များတွင် ဝင်ရောက်လုပ်ကိုင်ပြီး မိုးရာသီအတွက် ဝမ်းစာရှာဖွေသည့် မသန်းဌေးညွှန့်က ပြောသည်။

“ဝိုင်းပိုက်တွေလည်း လုပ်ဖြစ်မလား။ မလားဖြစ်မလားလည်း မသိတော့ပါဘူး။ အခု အလုပ်လည်း မရှိအကိုင်လည်း မရှိဖြစ်နေပြီ”ဟု မသန်းဌေးညွန့်က ပြောသည်။

ရခိုင်ပြည်နယ်တွင် အဆိုပါလုပ်ငန်းကို သံတွဲ၊ မာန်အောင်၊ ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်တို့တွင် အများဆုံးလုပ်ကိုင်ကြသည်။

တစ်ဖောင်စီတွင် စက်လှေသုံးစီးစီပါရှိပြီး ပင်လယ်သို့လိုက်ပါငါးဖမ်းရန် အမျိုးသားအလုပ်သမား ၂၀ ဦးခန့်နှင့် ရရှိလာသော ငါးများကို အခြောက်ခံပြီး ကုန်းပေါ်မှ လိုအပ်သည်များကိုလုပ်ဆောင်ရန် အမျိုးသမီးအလုပ်သမား ၁၀ ဦးခန့်စီ အသုံးပြုရကြောင်း သိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly