ဂျာမနီ သံရုံးမှ လှုဒါန်းငွေများကို ကိုဗစ် ကုသရေးနှင့် စားနပ်ရိက္ခာဝေငှရေးတို့အတွက် အသုံးပြုမည်

ဂျာမနီ သံရုံးမှ လှုဒါန်းငွေများကို ကိုဗစ် ကုသရေးနှင့် စားနပ်ရိက္ခာဝေငှရေးတို့အတွက် အသုံးပြုမည်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

နိုဝင်ဘာလ ၄၊ ၂၀၂၀ 

COVID-19  ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးမှ လှုဒါန်းငွေများကို ဆေးရုံဆေးခန်း များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သည့် ဆေးဝါး အသုံးအဆောင်ပစ္စည်းများ ဝယ်ယူခြင်းနှင့် စားနပ်ရိက္ခာ လိုအပ်နေသူများအတွက် မျှဝေလှုဒါန်းခြင်းတို့တွင် အသုံးပြုမည်ဖြစ်ကြောင်း We Love Yangon အဖွဲ့  ဒုတိယဥက္ကဋ္ဌ ကိုအရေကြိုက ပြောသည်။ 

မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုရန် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက မြန်မာငွေကျပ် သိန်း တစ်ထောင်ငါးရာ ကျော်ကို လူထုအခြေပြု ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် We Love Yangon အဖွဲ့ထံ နိုဝင်ဘာလ ၄ ရက်နေ့တွင် လှူဒါန်းခဲ့သည်။ 

 

ဓာတ်ပုံ - သူရ / မဇ္ဈိမ 

“လှူဒါန်းငွေ တဝက်တိတိကို လိုအပ်တဲ့ PPE တို့၊ ဆေးရုံသုံး ပစ္စည်းတွေ ဝယ်တယ်။ နောက်ပြီးတော့ ကျန်တဲ့တဝက်ကို စားနပ်ရိက္ခာလိုအပ်တဲ့ ပြည်သူလူထုကို ကျွန်တော်တို့က မျှဝေလှူဒါန်းဖို့အတွက် စီစဉ်ထားပါတယ်။” ဟု ကိုအရေကြိုက ပြောသည်။ 

တစ်ကမ္ဘာလုံး ကြုံတွေ့နေရသည့် COVID-19 ကပ်ဘေးကာလအတွင်း မြန်မာနိုင်ငံအတွက် ယခု လှူဒါန်းမှုသည် ထိရောက်မှု ရှိမည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး မစ္စတာ သောမတ်စ် ကားလ် နေဆင်ဂျာ က ပြောသည်။ 

ဓာတ်ပုံ - သူရ / မဇ္ဈိမ 

“COVID-19 ဟာ မြန်မာနိုင်ငံတင်မဟုတ်ဘဲ တစ်မ္ဘာလုံးမှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ ကျွန်တော်ရဲ့ ဌာနေ ဂျာမနီနိုင်ငံမှာလည်း သက်ရောက်မှုတွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် ဒီကိုဗစ် ၁၉ ကို တိုက်ဖျက်ဖို့အတွက် လှူဒါန်းမှုတွေကို ဆောင်ရွက်နေတာပါ။ အခုလိုထောက်ပံ့မှုက ပြည်သူတွေအတွက် ထိရောက်မှု ရှိမယ်လို့ မြင်ပါတယ်။” ဟု ဂျာမနီသံအမတ်ကြီး မစ္စတာ သောမတ်စ် ကားလ် နေဆင်ဂျာ က ပြောသည်။ 

ယခုကဲ့သို့ ဂျာမနီနိုင်ငံ၏ ကူညီပါဝင်လှူဒါန်းမှုအပေါ် ဂုဏ်ယူဝမ်း မြောက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။ 

အဆိုပါ လှူဒါန်းမှူ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး မစ္စတာ သောမတ်စ် ကားလ် နေဆင်ဂျာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ တက်ရောက်ခဲ့ပြီး အလှူငွေကို ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လက်ခံရယူခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required