အစိုးရအပြောင်းအလဲရှိသော်လည်း ရန်ကုန်စတော့အိတ်ချိန်းကို စီစဉ်ထားသည့်အတိုင်း ဖွင့်လှစ်သွားမည်

အစိုးရအပြောင်းအလဲရှိသော်လည်း ရန်ကုန်စတော့အိတ်ချိန်းကို စီစဉ်ထားသည့်အတိုင်း ဖွင့်လှစ်သွားမည်

လာမည့်မတ်လ အစိုးရသက်တမ်းမပြီးဆုံးခင် ဒီဇင်ဘာ ၉ ရက်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့် မြန်မာနိုင်ငံ နိုင်ငံ၏ ပထမဆုံးစတော့ဈေးကွက်ဖြစ်သည့် ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်ကို အစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မည်သည့်အစိုးရပင် တက်တက် နိုင်ငံတွင် လိုအပ်နေသည့် စတော့ဈေးကွက်က အမှန်တကယ်ရှိရမည်ဖြစ်၍ နိုင်ငံ၏ ပထမဆုံးဖြစ်သော စတော့ဈေးကွက်ဖွင့်လှစ်ရေးကို ဆက်လက်လုပ်ဆောင် သွားရမည်သာဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမာင်မောင်သိမ်းက ပြောသည်။

ကုမ္ပဏီ ငါးခု၊ခြောက်ခု၏ စတော့ရှယ်ယာရောင်းဝယ်ကုန်သွယ်မှုများဖြင့် စကာ မြန်မာစတော့အိတ်ချိန်းကို ဖွင့်လှစ်သွားနိုင်မည်မျှော်လင့်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားတွင် ဖွင့်လှစ်ခွင့်ရမည့် ကုမ္ပဏီများအား ကြေညာပေးသွားမည်ဖြစ်သကဲ့သို့ ရှယ်ယာများရောင်းချနိုင်မည့် နေ့ရက်ကိုလည်း ကြေညာသွားမည်ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

ကုမ္ပဏီတစ်ခု၏ တစ်ကြိမ်ရှယ်ယာရောင်းချမှုမှာ အကန့်အသတ်ရှိထားကြောင်းလည်း ၎င်းက ပြောပြီး ပထမဆုံး ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်အတွက် အစမ်းလျာထားသော ကုမ္ပဏီ စုစုပေါင်းမှာ ဆယ်ခုရှိထားကြောင်း သိရသည်။

လုပ်ငန်းစဉ်ဈေးကွက်မဟာဗျူဟာအရမူ ရန်ကုန်စတော့အိတ်ချိန်းကို ဆင့်ပွားရှယ်ယာဈေးကွက်(derivative market)နှင့် ကြိုရောင်းကြိုဝယ်အစုရှယ်ယာ(future market)တို့ မထွက်ပေါ်လာနိုင်သေးမီ အတိုးအမြတ်ပုံမှန်မရှိသော စတော့နှင့်ရှယ်ယာဈေးကွက်(equity market)အဖြစ် စတင်လည်ပတ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရှယ်ယာဈေးကွက် စတင်လည်ပတ်သည်နှင့် AGD ဘဏ်၊ မြန်မာစိုက်ပျိုးစီးပွားပြည်သူ့ကော်ပိုရေးရှင်းနှင့် ပထမမြန်မာရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ FMI တို့က ဈေးကွက်တွင် ၎င်းတို့၏ ရှယ်ယာများကို အခြားသူများထက် ဦးစွာ စတင်ရောင်းချသွားရန်ရှိသည်။

စတော့ဈေးကွက်အတွင်း ရှယ်ယာ အရောင်းအဝယ်အားလုံးကို ပြည်တွင်းသုံးကျပ်ငွေဖြင့် အရောင်းအဝယ် လည်ပတ်ရမည်ဖြစ်သည်။ ရှယ်ယာဝယ်ယူရင်းနှီးမြုပ်နှံသူများအတွက် ဝယ်ယူမှုတွင် အကန့်အသတ်များမရှိသော်လည်း မူမမှန်သည့် အမြောက်အမြား ရှယ်ယာများ ဝယ်ယူခြင်းကိုမူ စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly