လွိုင်ကော်မြို့တွင် ကြိုတင်မဲပေးရာ၌ ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာအငြင်းပွားမှုဖြစ်ပွား

လွိုင်ကော်မြို့တွင် ကြိုတင်မဲပေးရာ၌ ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာအငြင်းပွားမှုဖြစ်ပွား
ဓာတ်ပုံ - စောသန်းထိုက်ဦး

နိုဝင်ဘာလ ၃

ကယားပြည်နယ်၊လွိုင်ကော်မြို့၊လောဓမ္မရပ်ကွက်မဲရုံတွင် ကြိုတင်မဲပေးရာ၌ ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ အငြင်းပွားမှုအနည်းငယ်ဖြစ်ပွားခဲ့သည်။  

လောဓမ္မရပ်ကွက်မဲရုံတွင် နိုဝင်ဘာ ၂ရက် နံနက်ပိုင်းက အသက် ၆၀နှစ်အထက် ကြိုတင်မဲပေးရာ၌ မဲရုံတာဝန်ရှိသူတစ်ဦးက မဲဆန္ဒရှင်တစ်ဦး၏ မဲပေးမှု၌အနီးကပ်နေလျှက် မဲပေးခြင်းလုပ်ငန်းတွင် ဝင်ရောက်လုပ်ဆောင် ပေးခြင်းကြောင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ မဲရုံစောင့်ကြည့်ရန် တာဝန်ပေးအပ်ခံရသူ အမျိုးသမီးက ပြောဆိုရာမှ အငြင်းပွားမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 “ကျမ ဝင်ပြောဖို့သွားတယ် ။ခွင့်တောင်းတယ် ။အထဲကိုဝင်ဖို့ ။ဝင်သွားတော့ အကိုမဲပေးတဲ့ လူနဲ့နီးနီးကပ်ကပ် မနေသင့်ဘူး ကျမပြောတယ်။မဖြစ်သင့်ဘူးဆိုတာ ကျမပြောတယ် ။ငါ ကော်မရှင်ရုံးက နင့်ဘာနားလည်လို့လဲ။ မှားရင် နင့်တာဝန်ယူမလား ကျမကို ပြန်ပြောတယ်။သူကျမကို ရန်တွေ့တယ်”ဟု  ကယားပြည်နယ်ဒီမို ကရက်တစ်ပါတီ၏ မဲရုံစောင့်ကြည့်ရန် တာဝန်ပေးအပ်ခံရသူ မသွယ်သွယ်စန်းက ပြောသည်။

 “ မဲထည့်ဖို့ စာအိတ်ကိုပါ သူကိုင်ပေးတယ် ပုံးထဲထည့်တဲ့အဆင့် ကျမမြင်ခဲ့ရတယ်”ဟု မသွယ်သွယ်စန်းက ဆက်လက်ပြောကြားသည်။

မဲရုံတွင် ထိုသို့အငြင်းပွားမှုအနည်းငယ်ဖြစ်ပွားခဲ့သဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ က အငြင်းပွားမှုအား ဖြေရှင်းပေးနိုင်ရန် မဲရုံသို့ရောက်ရှိခဲ့ပြီး နှစ်ဖက်ပြေလည်စေရန် ညှိနှိုင်းမှုများပြုလုပ်ပြီး နောက် မဲဆန္ဒရှင်များလွတ်လပ်စွာပေးနိုင်ရေးအတွက် ရပ်ကွက်ကော်မရှင်အဖွဲ့များအား ညွန့်ကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မဲပုံးအားစစ်ဆေးခြင်း၊မဲတံဆိပ်ရိုက် နှိပ်ပြီးမှုရှိ၊မရှိများကို  စစ်ဆေးသွားမည်ဖြစ်ပြီး မဲဆန္ဒရှင်များ၏ မဲများအား ပယ်မဲအဖြစ်စေရန် အဓိကထားလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော် မရှင် အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးလှသန်းက သတင်းထောက်များကို ပြောသည်။

 “အခုဟာက အမှားတွေရှိနေလို့ တချို့တွေကနားမလည်ဘူး။အဲဒီတော့ စစ် ရမယ်လေ။နောက်မှာ မဲရိုက်ပြီး လား။မပြီးလား။ တံဆိပ်တုံးပါလား ။မပါလား ။အဲဒါတွေပေါ့နော် ။အကုန်လုံးက ကျနော်တို့ ပြောပြရမှာပေါ့။ ပယ်မဲ မဖြစ်အောင် အဓိကပဲလေ။အဲဒါလေးကို ပြောပြတာ ဖြစ်မှာပါ”ဟု မြို့နယ်ရွေးကောက်ပွဲ ကော် မရှင် အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးလှသန်းက ပြောသည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

အဆိုပါ အငြင်းပွားမှုဖြစ်ပွားသည့် မဲရုံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့ မဲရုံစောင့်ကြည့်ရန်တာဝန်ပေးအပ်ခြင်းခံထားရ သူများက စောင့်ကြည့်လျှက်ရှိသည်။

ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၃ အရ ကြိုတင် ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးသူများမှအပ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများသည် သက်ဆိုင်ရာမဲရုံအသီးသီး၌ ဆန္ဒမဲလက်မှတ်များကို ကိုယ်တိုင်လာရောက်ထုတ်ယူပြီး လျှို့ဝှက်ဆန္ဒ ပြု၍ သက်ဆိုင်ရာမဲပုံးအတွင်းသို့ ကိုယ်တိုင်ထည့်ရမည်။မည်သူမျှ ကိုယ်စားလှယ်စေလွှတ်၍ ဆန္ဒမဲပေးခြင်းမပြုရဟု ဖော်ပြထားသည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အတွက် အသက် ၆၀ နှစ် အထက် ကြိုတင်မဲများကို အောက်တိုဘာလ ၂၉ ရက် နေ့မှ စတင်၍ ကောက်ခံနေရာ ငါးရက်နေ့မြောက်ဖြစ်ပြီး ကယားပြည်နယ်အတွင်း အသက် ၆၀နှစ်အထက်မဲပေး ခွင့်ရှိသူ ၂၂၁၁၄ ဦး ရှိကြောင်း သိရှိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly