‘ကျုပ်ကို ငိုရအောင်တော့ မလုပ်ကြနဲ့နော်’ လို့ ထရမ့်က ထောက်ခံသူတွေကို ပြော

‘ကျုပ်ကို ငိုရအောင်တော့ မလုပ်ကြနဲ့နော်’ လို့ ထရမ့်က ထောက်ခံသူတွေကို ပြော
Photo - AFP

နိုဝင်ဘာ ၃

“ကျုပ်ကို ငိုရအောင်တော့ မလုပ်ကြနဲ့နော်” ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မီချီဂန်ပြည်နယ်မှာ ၎င်းအပေါ် ထောက်ခံသူတွေနဲ့တွေ့ဆုံစဉ် ပြောခဲ့ပါတယ်။

ထရမ့်ဟာ နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေကို ခရီးသွားရင်း မဲဆွယ်ပွဲတွေကို တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက်လှည့်လည် ဟောပြောခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ဟာ လက်ရှိ လူထုသဘောထားစစ်တမ်းတွေ မှားယွင်းကြောင်း ပြသဖို့နဲ့ အိမ်ဖြူတော်မှာ ဆက်ပြီး ရှိနေနိုင်ဖို့အတွက် နောက်ဆုံးမိနစ်အချိန်အပိုင်းအခြား ကြိုးပမ်းမှုအဖြစ် အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်လေး ခုမှာ မဲဆွယ်စည်းရုံးပွဲ ငါးခုကို ပြုလုပ်ခဲ့ပါတယ်။

“အမေရိကန်လူမည်းအားလုံးတိုင်းကို ဘာပြောချင်လဲဆိုတော့ ခင်ဗျားတို့ မနက်ဖြန် အပြင်ထွက်ပြီး မဲသွားပေးကြပါလို့ ကျွန်တော် တောင်းဆိုချင်ပါတယ်” ဆိုပြီး ထရမ့်က နိုဝင်ဘာ ၂ ရက် ၀စ္စကွန်ဆင်ပြည်နယ်မှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲတစ်ခုမှာ ပြော သွားခဲ့ပါတယ်။

သမ္မတ ထရမ့်ဟာ နိုဝင်ဘာ ၂ ရက်က ၀စ္စကွန်ဆင်ပြည်နယ် ကန်နိုရှာမြို့မှာ မဲဆွယ်စည်းရုံးမှုကို လုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါမြို့ကတော့ ယခုနွေရာသီမှာ လူမျိုးရေးခွဲခြားမှု ဆန္ဒပြပွဲတွေဖြစ်ခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။

တချိန်တည်းမှာလည်းပဲ ၎င်းကို စိန်ခေါ်သူဖြစ်တဲ့ ဒီမိုကရက်တစ်ပြိုင်ဘက် ဂျိုးဘိုင်ဒန်ကလည်း ဒီရွေးကောက်ပွဲမှာ ၎င်းသာ အနိုင်ရမယ်လို့ ခန့်မှန်းခဲ့ပြီး အမေရိကန်ပြည်သူတွေကိုလည်း ဒီမိုကရေစီ ပြန်လည် ဆောင်ကြဉ်း ပေးမယ်လို့ ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲနေ့အကြိုမှာ ထရမ့်ကတော့ အကြိတ်အနယ်ပြိုင်ရမယ့် ပြည်နယ်လေးခုမှာ မဲဆွယ်ပွဲ ငါးခုကို ဆက်တိုက်လှည့်လည်ဟောပြောမဲဆွယ်ရင်းနဲ့ ၎င်းရဲ့ ဒီမိုကရက်တစ် ပြိုင်ဘက် ဘိုင်ဒန်ဟာ နိုင်ငံမှာ ပရမ်းပတာ အခြေအနေတွေကို ဖြစ်စေလိမ့်မယ်ဆိုတဲ့ မက်ဆေ့ချ်ကို ပေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ထရမ့်အနေနဲ့ နောက်ဆုံးပိတ် မဲဆွယ်ပွဲမတိုင်မီ မဲဆွယ်ပွဲတစ်ခုကိုလုပ်ဖို့ ကန်နိုရှာမြို့ကို ရွေးချယ်ခဲ့တာကတော့ နိုင်ငံတစ်ဝန်း လူမျိုးရေးခွဲခြားမှုအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ လက်ယာယိမ်း အမျက်ဒေါသ ထွက်မှုကို ၎င်းရဲ့ မဲဆွယ်မှုရဲ့ အဓိကသော့ချက်အဖြစ် ရှိစေဖို့ကို ထင်ရှားစေခဲ့တာဖြစ်ပါတယ်။

ကန်နိုရှာမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ဖြစ်ကတတ်ဆန်း ဖမ်းဆီးမှုတစ်ခုအတွင်း ရဲက လူမည်းအမျိုးသားတစ်ဦးကို ၎င်းရဲ့ ကလေးတွေရှေ့မှာပဲ ပစ်ခတ်မှု လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် အဓိကရုဏ်းတွေဖြစ် စေခဲ့သလို အမေရိကန်နိုင်ငံတစ်ဝန်း ပျံ့နှံ့ထားပြီးသားဖြစ်တဲ့ အမျက်ဒေါသတွေကို ပိုမိုလှုံ့ဆော်ပေးခဲ့ပါတယ်။

“ကန်နိုရှာမှာ တရားဥပဒေစိုးမိုးအောင် ကျုပ်တို့ ပြန်လည် လုပ်ဆောင်နိုင်ခဲ့တယ်လေ” လို့ ထရမ့်က ၎င်းကို ထောက်ခံသူတွေကို ပြောပါတယ်။ “သူတို့ကသာ ကျုပ်တို့ရဲ့ ရဲတွေအပေါ် စစ်ဆင်နွဲနေတာပါ” လို့လည်း ထရမ့်က ပြောခဲ့ပါတယ်။

မဲဆွယ်စည်းရုံးပွဲ ၁၄ ခုအထိ ရှိခဲ့တဲ့ သုံးရက်ကြာ မဲဆွယ်ခရီးစဉ်ရဲ့ အပြီးသတ်ရောက်ရှိချိန် ထရမ့်ဟာ မီချီဂန်ပြည်နယ်ရဲ့ ဂရန်းရက်ပစ် မြို့မှာ နောက်ဆုံးပိတ် ဟောပြောဖို့ ဆက်လက် ထွက်ခွာသွားခဲ့ပါတယ်။

ထရမ့်ဟာ  ဟီလာရီကလင်တန်အပေါ် အနိုင်ရခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲတုန်းကလည်း ဂရန်းရက်ပစ်မြို့မှာပဲ ၎င်းရဲ့ မဲဆွယ်မှုကို အပြီးသတ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကလို ရလဒ်မျိုးရအောင် ဒီအင်္ဂါနေ့မှာလည်း ထပ်လုပ်နိုင်မယ်လို့ အသက် ၇၄ နှစ်ရှိ ထရမ့်က ပြောပါတယ်။

“လွန်ခဲ့တဲ့ လေးနှစ်တုန်းက ကျုပ်တို့ အဲဒီမှာပဲ လက်စသတ်ခဲ့တာပေါ့” လို့ ထရမ့်က ကန်နိုရှာမှာ ပြောခဲ့ပါတယ်။ “ကျုပ်က နည်းနည်းတော့ အစွဲအလမ်းကြီးတယ်ဗျ၊ အဲဒီအလားတူအတိုင်းပဲ ကျုပ်တို့ လုပ်ကြပါစို့” လို့ ထရမ့်က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly