အမေရိကန်သမ္မတရွေးကောက်ပွဲ ဂျိုးဘိုင်ဒန် နိုင်မယ်လို့ ဆိုက်ဘေးရီးယား ဝက်ဝံနဲ့ ကျား ခန့်မှန်း

အမေရိကန်သမ္မတရွေးကောက်ပွဲ ဂျိုးဘိုင်ဒန် နိုင်မယ်လို့ ဆိုက်ဘေးရီးယား ဝက်ဝံနဲ့ ကျား ခန့်မှန်း
Photo - AFP

နိုဝင်ဘာ ၃

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နဲ့ ၎င်းရဲ့ ဒီမိုကရက်တစ်ပြိုင်ဘက် ဂျိုးဘိုင်ဒန်တို့ အပြိုင်ရွေးကောက်ခံကြမယ့်အချိန် ဆိုက်ဘေးရီးယား တိရစ္ဆာန်ရုံတစ်ရုံက တိရစ္ဆာန်နှစ်ကောင်ကတော့ ဒီရွေးကောက်ပွဲမှာ အနိုင်ရမယ့်သူကို ခန့်မှန်းသွားခဲ့ပါတယ်။

ဆိုက်ဘေးရီးယား တိရစ္ဆာန်ဥယျာဉ်က ဘူယန် အမည်ပေးထားတဲ့ အညိုရောင် ဝက်ဝံအထီးတစ်ကောင်ကတော့ ဘိုင်ဒန်ကို အနိုင်ရမယ့်သူအဖြစ် ခန့်မှန်းသွားခဲ့ပါတယ်။

ဆိုက်ဘေးရီးယားဒေသ ကရက်စ်နိုယာ့စ်ခ်မြို့ရှိ ရိုယက်ဗ် ရူချေး တိရစ္ဆာန်ရုံက ခြံဝင်းတစ်ခုထဲမှာ အမေရိကန်သမ္မတလောင်းနှစ်ဦးရဲ့ မျက်နှာပုံတွေ ဆွဲထားတဲ့ ဖရဲသီးနှစ်လုံးကို ချထားပြီး ရွေးခိုင်းခဲ့ရာမှာ ဝက်ဝံ ဘူယန်က တစ်ခဏမျှ တုံ့ဆိုင်းနေခဲ့ပြီး ယင်းနောက် ဘိုင်ဒန် ပုံပါတဲ့ ဖရဲသီးအလုံးကို ရွေးသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ခန် အမည်ရ ဘင်္ဂလားကျားဖြူတစ်ကောင်ကိုလည်း အလားတူပုံစံအတိုင်း ရွေးချယ်ခန့်မှန်းခိုင်းခဲ့ရာမှာလည်း ခန်ဟာ ဘိုင်ဒန် ပုံပါတဲ့ ဖရဲသီးအလုံးကိုပဲ ရွေးချယ်ဆော့ကစားခဲ့ပြီး နောက်ဆုံးမှာ ထရမ့်ပုံပါတဲ့ ဖရဲ သီးအလုံးကို အဝေးကို တွန်းထုတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။

“ထရမ့်ရဲ့ ပြီးခဲ့တဲ့ အရင်တစ်ကြိမ် ရွေးကောက်ပွဲကာလအတွင်းမှာ လက်ရှိအမေရိကန်သမ္မတအနေနဲ့ အရေးနိမ့်မယ်လို့ ထင်ခဲ့ရတဲ့ အခြေအနေမျိုးရှိခဲ့ပေမယ့်လည်း ကျွန်တော်တို့ရဲ့ တိရစ္ဆာန်အားလုံးက ရလဒ်ကို မှန်အောင် ခန့်မှန်းပေးနိုင်ခဲ့ပါတယ်၊ တကယ်တမ်းမှာ ထရမ့်ဟာ အဲဒီအတွက် ကျွန်တော်တို့ဆီ ဖုန်းဆက်ကျေးဇူးတင်ကြောင်းတောင် မပြောခဲ့ပါဘူး၊ အဲဒီအတွက်လည်း ကျွန်တော်တို့ကလည်း သိပ်တော့ စိတ်ထဲ မထားပါဘူး၊ ဒါပေမယ့် ခုကတော့ သူ့အနေနဲ့ အရင်ကလိုမျိုး ကျွန်တော်တို့ဆီက ခုလို အားပေးမှုမျိုးကို အားကိုးလို့ ရနိုင်မှာမဟုတ်တော့ပါဘူး” လို့ ရိုယက်ဗ် ရူချေး တိရစ္ဆာန်ရုံက ညွန်ကြားရေးမှူးဖြစ်တဲ့ အန်ဒရေ ဂေါ်ဘန်က ပြောသွားပါတယ်။

ယခုတစ်ကြိမ်မှာ ခန့်မှန်းမှု လုပ်ခဲ့တဲ့ ဝက်ဝံ ဘူယန်ကတော့ အရင် ၂၀၁၆ ခုနှစ်က ဒေါ်နယ်ထရမ့် နိုင်မယ်လို့ ဟောကိန်းထုတ်ထားခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဘူယန်ဟာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ရုရှားတို့ အိမ်ရှင်အဖြစ် ကျင်းပစဉ်တုန်းက ပွဲစဉ်ရလဒ်တွေကို ခန့်မှန်းပေးခဲ့တဲ့ တိရစ္ဆာန်အစုအဖွဲ့ထဲမှာ ပါဝင်ထားခဲ့သေးတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာတော့ အမေရိကန်နိုင်ငံသားတွေ မဲပေးသွားကြတော့မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required