ရန်ကုန်ရောက် ရခိုင်မျိုးနွယ်စုဝင်အားလုံး တိုးတက်ရေး ဆောင်ရွက်မည်ဟု ဒေါ်ထုမေပြော

ရန်ကုန်ရောက် ရခိုင်မျိုးနွယ်စုဝင်အားလုံး တိုးတက်ရေး ဆောင်ရွက်မည်ဟု ဒေါ်ထုမေပြော
ဓာတ်ပုံ - သူရ / မဇ္ဈိမ

နိုဝင်ဘာ ၂ ၊ ၂၀၂၀

လာမည့်ရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးချယ်ခံရပါက ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်များအားလုံး ရပိုင်ခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရေးအတွက် ဆောင်ရွက် ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ထုမေက ပြောသည်။

“ရခိုင်မှာနေကြတဲ့ မျိုးနွယ်စုအားလုံးဟာ ရန်ကုန်မှာ ရောက်ရှိနေကြပါတယ်။ ကျွန်မ ဝန်ကြီးဖြစ်လာလို့ ရှိရင်တော့ ရခိုင်လူမျိုးတစ်ခုတည်းသာမက ရခိုင်ပြည်နယ်ကနေပြီးတော့ ရန်ကုန်ကိုရောက်နေကြတဲ့ မျိုးနွယ်စုအားလုံး အတွက် ကိုယ်စားပြုပြီးတော့ ကျွန်မတို့ရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်။” ဟု၎င်းကပြောသည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဒေါ်ထုမေသည် ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး တွေ့ဆုံစဉ် ရွေးကောက်ပွဲကတိကဝတ်များအနက် တစ်ချို့ကို ၎င်း၏မဲဆန္ဒရှင်များကို အသိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

 ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် ရန်ကုန်သို့ရွှေ့ပြောင်းရောက်ရှိလာသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် အမျိုးသမီးငယ်များ လုပ်ငန်းခွင်အတွင်း တိုးတက်ရေးအတွက် လုပ်ငန်းခွင်အကြိုသင်တန်းများပါဝင်သည့် ရခိုင်လူထုစင်တာ တစ်ခုကိုလည်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒေါ်ထုမေက ပြောသည်။

အဆိုပါ ရခိုင်လူထုစင်တာအတွက် လိုအပ်မည့် ငွေကြေးအထောက်အပံ့ကို ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၏ ရပိုင်ခွင့် ဘတ်ဂျတ်တို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

“ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားတွေ အားလုံးအတွက် ရခိုင်လူထုစင်တာတစ်ခုကို ပထမဦးဆုံး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီစင်တာထဲကပဲ ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ လူသားစွမ်းအား အရင်းအမြစ်နဲ့ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ အရာတွေကို ရခိုင်လူထုစင်တာက ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး ဆောင်ရွက်တဲ့အခါ ရန်ကုန်တိုင်းရေးရာဝန်ကြီးတစ်ယောက်ရဲ့ ရပိုင်ခွင့်ထဲက ဘတ်ဂျတ်တွေနဲ့ ဆောင်ရွက်မှာဖြစ်သလို ရခိုင်ပြည်သူတွေထည့်ဝင်တဲ့ အမျိုးသားရံပုံငွေနဲ့ ရခိုင်လူထုတိုးတက်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု ဒေါ်ထုမေက ပြောသည်။

ယင်းအပြင် လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲရုံအတွင်း မဲပေးရာမှာ အမှားအယွင်းမရှိအောင် နည်းစနစ်ကျကျ မဲပေးပုံ ပေးနည်းများကိုလည်း ၎င်း၏ မဲဆန္ဒရှင်လူထုများကို အသိပညာပေးမှုများ ပြုလုပ်ခဲ့သည်။

ဒေါ်ထုမေသည် လက်ရှိတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ဖြစ်သည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်ကုန်တိုင်းအတွင်း မဲပေးပိုင်ခွင့်ရှိသည့် ရခိုင်တိုင်းရင်းသားအရေအတွက် (၇၃၀၀၀) ကျော် ရှိကြောင်း သိရသည်။

လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီတို့က ကိုယ်စားပြု နှစ်ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်း သုံးဦး စုစုပေါင်း ငါးဦးတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required