ကပ်ဘေး ထိနေတဲ့ မက္ကဆီကိုနိုင်ငံက ကွယ်လွန်သူများနေ့ ပွဲတော်  

ကပ်ဘေး ထိနေတဲ့ မက္ကဆီကိုနိုင်ငံက ကွယ်လွန်သူများနေ့ ပွဲတော်  
Photo - AFP

နိုဝင်ဘာ ၂

မက္ကဆီကိုနိုင်ငံမှာ သေခြင်းတရားကို ပုံမှန်အားဖြင့်ဆိုရင်တော့ ကွယ်လွန်သူများနေ့ ပွဲတော်ရောက်ပြီဆို အခမ်းအနားတစ်ခုအနေနဲ့ ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီ နှစ် ကွယ်လွန်သူများနေ့ ပွဲတော်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလဖြစ်နေတာကြောင့် စီတန်းလမ်းလျှောက်တာတွေကို ခွင့်မပြုသလို သင်္ချိုင်းတော်တော်များများကိုလည်း ပိတ်ထားရတာ ဖြစ်ပါတယ်။ 

ပုံမှန်ဆိုရင် နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်ဟာ မက္ကဆီကိုနိုင်ငံမှာ ကွယ်လွန်သူများနေ့ ပွဲတော်ကို နှစ်စဉ် ကျင်းပလေ့ ရှိတာ ဖြစ်ပါတယ်။ ဒီ ရိုးရာပွဲတော်ကာလမှာ နိုင်ငံတစ်ဝန်းက ပြည်သူတွေဟာ သူတို့ရဲ့ အိမ်တွေ၊ လမ်းတွေနဲ့ ဆွေမျိုးသားချင်းတွေရဲ့ အုတ်ဂူတွေကို ပန်းတွေ၊ ဖယောင်းတိုင်တွေ၊ ဆေးရောင်ခြယ်ထားတဲ့ လူဦးခေါင်းခွံတွေနဲ့ အလှဆင်ကြလေ့ ရှိတာဖြစ်ပါတယ်။ 

မက္ကဆီကိုရဲ့  ကွယ်လွန်သူများနေ့ ပွဲတော်ဟာ ၂၀၀၃ ခုနှစ်မှာ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ထည့်သွင်းခံခဲ့ရတဲ့ ရိုးရာပွဲတော်တစ်ရပ်ပဲ ဖြစ်ပါတယ်။ အသက်ရှင်သန်နေသူတွေနဲ့ ကွယ်လွန်ပြီးသူတွေဟာ ပွဲတော်ကာလ အချိန်တိုအတွင်းမှာ ဆက်သွယ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျင်းပလာခဲ့တဲ့ ရိုးရာပွဲတော်တစ်ရပ်ပါ။ 

အရောင်တောက်တောက် ကာတွန်းပုံ အရိုးစုဝတ်စုံတွေ ဝတ်ဆင်ကြရင်း ဆင်နွှဲလေ့ရှိတဲ့ အဲဒီ ကွယ်လွန်သူများနေ့ ပွဲတော်ကို မက္ကဆီကိုနိုင်ငံရဲ့ ယဉ်ကျေးမှုသင်္ကေတအဖြစ် နိုင်ငံတကာက အသိအမှတ် ပြုထားတာလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီနှစ်ပွဲတော်မှာတော့ ကိုရိုနာဗိုင်းရပ်စ် မကူးစက် မပြန့်နှံ့အောင် အာဏာပိုင်တွေဟာ ပြည်သူတွေကို အိမ်မှာပဲ နေကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး လူပေါင်း ၉၀၀၀၀ ကျော် သေဆုံးထားတာ ဖြစ်ပါတယ်။ 

အစဉ်အလာအရဆိုရင် ဒီ ပွဲတော်ကာလအတွင်းမှာ မိသားစုတွေဟာ သူတို့ ချစ်ခင်သူတွေရဲ့ အုတ်ဂူတွေဆီ သွားရောက်ကြပြီး တေးသီချင်းဂီတတွေ သီဆိုတီးမှုတ်လို့ အစားအသောက်တွေနဲ့ အဖျော်ယမ ကာတွေပါ စားသောက်ပြီး ကျင်းပလေ့ ရှိတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီနှစ်မှာတော့ လူစုလူတွေ မဖြစ်အောင် တားဆီးဖို့နဲ့ ကိုရိုနာဗိုင်းရပ်စ် မပြန့်နှံ့အောင်အတွက် သင်္ချိုင်းတော်တော်များများကို ပိတ်ထားတာကြောင့် အရင်နှစ် ပွဲတော်တွေလိုမျိုး ကျင်းပခွင့် မရဘဲ ရှိနေတော့တာ ဖြစ်ပါတယ်။ 

 မက္ကဆီကိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်းဟာ ကိုးသိန်းကျော်ထက်မနည်း ရှိနေပြီး အာဏာပိုင်တွေအနေနဲ့ ဗိုင်းရပ်စ် မပြန့်နှံ့ရေးအတွက် ဆောင်ရွက်နေရတာပဲ ဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly