အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်အား အကျဉ်းထောင်သို့ ပို့ဆောင်  

အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်အား အကျဉ်းထောင်သို့ ပို့ဆောင်  
Photo - AFP

နိုဝင်ဘာ ၂ 

ဆိုးလ်တရားရုံးက အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ် ၁၇ နှစ်ချမှတ်လိုက်တဲ့ တောင်ကိုရီးယား သမ္မတဟောင်း လီမြောင်ဘတ်ကို နိုဝင်ဘာ ၂ ရက်က အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။ 

ပြစ်ဒဏ်ကာလမစေ့မီ ကတိခံဝန်ချက်နဲ့ မလွတ်ဘူးဆိုပါက အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီမြောင်ဘတ်ဟာ ၂၀၃၆ ခုနှစ် အသက် ၉၅ နှစ်အရွယ် အထိ ထောင်နန်းစံရမှာဖြစ်လို့ တစ်သက်တစ်ကျွန်းကျတဲ့ သဘောမျိုးပဲဖြစ်ပါတယ်။  

လီမြောင်ဘတ်ဟာ ဆိုးလ်မြို့တောင်ပိုင်း ၎င်းရဲ့နေအိမ်ကနေ နောက်လိုက်နောက်ပါတွေခြံရံကာ တနင်္လာနေ့မှာပဲ အနက်ရောင်ကားနဲ့ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။  

ထောက်ခံသူတွေက သမ္မတဟောင်းကို အော်ဟစ်အားပေးခဲ့ကြပါတယ်။ ‘ သမ္မတဟောင်းလီဟာ စီးပွားရေးကိုကယ်တင်ခဲ့ပြီး အမျိုးသားရေးဂုဏ်ကိုမြှင့်တယ်ပေးခဲ့တယ်’ ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး အားပေးခဲ့သူရှိသလို ‘ပြည်သူတွေကို တောင်းပန်ပါ’ ဆိုပြီး ဆန္ဒပြတဲ့သူတွေလည်းရှိပါတယ်။ 

သမ္မတဟောင်းလီ ကို ဆိုးလ်မြို့အရှေ့ဘက်ရှိ အကျဉ်းထောင်သို့ မပို့ဆောင်မီ မှတ်ပုံတင်ဖို့ လုပ်ငန်းစဉ်တွေအတွက် ဆိုးလ်ဗဟိုခရိုင်အစိုးရရှေ့နေရုံးကို ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့သီတင်းပတ်က ဆိုးလ်တရားရုံးချုပ်က သမ္မတဟောင်းလီကို ကိုရီးယားဝမ်ငွေ ၂၅.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၂ သန်း ) အလွဲသုံးစားလုပ်မှု၊ ဝမ်ငွေ ၉.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၃ သန်း) လာဘ်ယူမှုနဲ့ ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ 

သမ္မဟောင်းလီကို ၂၀၁၈ ခုနှစ်နှောင်းပိုင်းက ပထမဆုံးအကြိမ် ၁၅ နှစ် ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။  

အယူခံတရားရုံးက ပြစ်ဒဏ်မတိုးမြှင့်ခင်မှာ တစ်နှစ်နီးပါး ထောင်ထဲ၌နေခဲ့ရပြီး နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးမှာ အယူခံထပ်ဝန်ဖို့ အာမခံပေးထားခဲ့တာဖြစ်ပါတယ်။  

သာမန်အားဖြင့် အကျဉ်းသား ခြောက်ယောက် ခုနစ်ယောက်လောက်ထားတဲ့ ၁၃ မီတာ (၄၃ပေ) ပတ်လည်ရှိ အခန်းမျိုးမှာ သမ္မဟောင်းလီကို  ရုပ်မြင်သံကြားစက်၊ ခေါက်သိမ်းနိုင်တဲ့မွေ့ယာကုတင်၊ အဝတ်ဗီရိုနဲ့ သန့်စင်ခန်းစတဲ့ ပစ္စည်းအဆောင်အယောင်တွေနဲ့ ထားရှိမှာဖြစ်တယ်လို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly