အင်န်အယ်လ်ဒီကလည်း ကုန်ကြမ်းတွေ ပေးဦးမှာပါ

အင်န်အယ်လ်ဒီကလည်း ကုန်ကြမ်းတွေ ပေးဦးမှာပါ

ဝါလကင်းလွတ် သီတင်းကျွတ်ပြီဆိုတော့ မြန်မာရိုးရာ ထုံးတမ်းစဉ်လာများအတိုင်း လက်ထပ်မင်္ဂလာ ပွဲတွေလည်း ခြိမ့်ခြိမ့်သဲ ကျင်းပတော့တယ်။ မောင်မှန်လည်း တက်ရောက်ချီးမြှင့်လိုက်ရတဲ့ ပွဲတွေ မနည်းပါဘူး။ တက်ရောက်ရုံသက်သက်ကတော့ ပျော်စရာပါ။ ချီးမြှင့်ရတာကျတော့ ဟဲဟဲ ချီးမြှင့်ရတာကတော့ စာမူ ခတွေ ပြုတ်ပြုတ်ပြုန်းတော့တာပဲ။ နောက်တာပါ ခင်ဗျာ၊ လူဆိုတဲ့ သတ္တဝါဟာ လူမှုတာဝန်တွေကို ဝမ်းဆောင် ရမှပေါ့။ ခေါင်းရှောင်လို့ ဘယ်ရမလဲ။ ဒါမှလည်း လူပီသတော့မပေါ့၊ အဲဒါတွေ ထားပါတော့၊ မောင်မှန်ရောက် ခဲ့တဲ့ မင်္ဂလာပွဲတစ်ခုမှာ မောင်မှန်ရဲ့ စာဖတ်ပရိသတ် တစ်ယောက်နဲ့ တွေ့ပါတယ်။

သူက မောင်မှန်ကို “အင်န် အယ်လ်ဒီ ရွေးကောက်ပွဲနိုင်တဲ့အတွက် ဝမ်းသာသကွာ။ ဒါပေမယ့် တစ်ခုတော့ စိတ်မကောင်းဘူး။ မင်းအ တွက် စာရေးစရာ ကုန်ကြမ်းရှားသွားတာကိုပေါ့ မောင်မှန်ရာ” လို့ ပြောပါတယ်။ မောင်မှန်က “ကျွန်တော်တော့ စိတ်မပူပေါင်ဗျာ၊ အင်န်အယ်လ်ဒီကလည်း ကုန်ကြမ်းတွေ ပေးဦးမှာပါ” လို့ ပြန်ပြောလိုက်ပါတယ်။

ဒါကလည်း မောင်မှန်က နောက်တောက်တောက် ပြန်ပြောလိုက်တာပါ။ အရေမရ အဖတ်မရစာတွေ မောင်မှန် မရေးချင် တော့ပါဘူး၊ အမြီးအမောက် မတည့်တာတွေ၊ ကမောက်ကမ ဖြစ်ရပ်တွေကို မောင်မှန် မျက်ကွယ်ပြုချင်လှပါပြီ၊ ရင်ထဲက တကယ့် ဆန္ဒအမှန်ကို ပြောရရင် အင်န်အယ်လ်ဒီဆီက ဘာကုန်ကြမ်းမှ မလိုချင်သလို ဘယ်သူ့ဆီ ကမှလည်း ဘာကုန်ကြမ်းမှ မလိုချင်ပါဘူး။ လောကတဝှမ်းလုံး၊ အချောအလှ အဆန်းဆုံး၊ သဘောဓမ္မလွှမ်း ဖုံးဆိုတဲ့ ဆရာဒေါင်နွယ်ဆွေရဲ့ ကဗျာတစ်စလိုပဲ ကမ္ဘာကြီးကို ဖြစ်စေချင်သူပါခင်ဗျား။

ခုတော့ ဒီလိုမဟုတ်ပါပဲ….. လေးဆယ်ကျော်ငါးနှစ်အတွင်းမှာ ပြန်ဆုံရတယ် ငယ်ချစ်ဦးရယ်ဆိုတဲ့ တွံတေးသိန်းတန် သီချင်းလို ကမောက်ကမတွေနဲ့ ဆုံရပြန်ပါပြီ။ အင်န်အယ်လ်ဒီ အနိုင်ရ မဲစားရင်းတွေ တသောသော ကြေညာနေတဲ့ နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းမှာပဲ ရှမ်းပြည်နယ်ဘက်မှာ SSPP/SSA နဲ့ အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေခဲ့ပါတယ်။ တိုက်လေယာဉ်တွေရော၊ ရဟတ် ယာဉ်တွေပါ သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့လဲ သိရတယ်။ စစ်ပွဲအတွင်း အဆိုးဝါးဆုံး အဖြစ်ကတော့ ဝမ်ဟိုင်း ဘုန်းကြီးကျောင်း ဗုံးဆန်မှန်ပြီး ပျက်စီးသွားတာပါပဲ။ ရွေးကောက်ပွဲ အနိုင်ရပါတီကို ကြိုဆို ဂုဏ်ပြုလိုက်တဲ့ တိုက်ပွဲများလားလည်း မသိပါဘူး။ အင်န်အယ်လ်ဒီ ပါတီဟာ စစ်ပွဲတွေကို တကယ်ရပ်စဲစေနိုင်မှာလား ဆိုတာ ကတော့ Coming Soon ပေါ့ ခင်ဗျာ။

တိုက်ဆိုင်တာလား၊ ဘာလားတော့ မသိဘူးပေါ့လေ၊ ရွေးကောက်ပွဲ မတိုင်မီ နှစ်ရက်အလိုမှာလည်း မြင်းခြံထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ကျောင်းသား၊ ကိုစည်သူမြတ်ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီကိစ္စကို ကာယကံရှင် ကိုစည်သူမြတ်က “ခြောက်ရက်နေ့ မနက်ခင်း အတန်း မဖွင့်ခင်မှာ ကျွန်တော့်ကို စောင်အုပ်ပြီး ခေါ်သွားတယ်။ အခြားလမ်းကို ခေါ်သွားတဲ့အချိန် လမ်းမှာ အုတ်နီ ခဲနဲ့လား၊ တူနဲ့လားမသိဘူး၊ ညိုသကျည်းနဲ့ ခြေထောက်တွေကို ထုပြီး အခန်းထဲကို တရွတ်တိုက် ဆွဲထည့် တယ်။ ခြောက်ရက်နဲ့ ခုနှစ်ရက်မှာ ရေကို တစ်လီတာအပြည့် တိုက်တယ်။

ရှစ်ရက်နဲ့ ကိုးရက်မှာ ရေကို လုံးဝ ဖြတ်ပြစ်တယ်၊ ဒါဟာ တရားမျှတမှု လုံးဝ မရှိပါဘူး။ အဲဒါကြောင့် ဆန္ဒပြမှုကို ရပ်နားလိုက်တာပါ” လို့ ပြောပါ တယ်။ မြင်းခြံ ထောင်အာဏာပိုင်တွေဟာ လက်စွမ်း ပြလာပြန်ပါပြီ၊ ရွေးကောက်ပွဲမတိုင်မီမှာ ထုရိုက်ပြီး ရွေးကောက်ပွဲအပြီးမှာ ရေပါ ဖြတ်ပစ်လိုက်တယ်။ လက်ရဲဇတ်ရဲပါပဲ။ အပြင်မှာ နောက်ကြောင်း ပြန်၊မပြန်တော့ မသိဘူး၊ အထဲမှာတော့ နောက်ကြာင်းပြန်နေပါပြီ၊ နိုင်ငံရေးအကျဉ်းသား ဆန္ဒပြကျောင်းသားကို အနိုင်ကျင့် စော်ကားနေပါပြီ၊ အစာငတ်ခံ ဆန္ဒပြသူကို ထုရိုက်ခွင့် ထောင်အာဏာပိုင်တွေမှာ မရှိပါခင်ဗျာ။ ပြဌာန်းထားတဲ့ ဥပဒေတွေကို ကျော်လွန် ဆောင်ရွက်တာသာ ဖြစ်ပါတယ်။

မြင်းခြံထောင်ဟာ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ရင် အစဉ်အလာ ကြီးပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ နိုင်ပြီးစ (၁၉၉၁ ထဲမှာ ထင်ပါတယ်) အချိန်တုန်းကလည်း မြင်းခြံထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် ရိုက်နှက်ခံရပြီး ထောင်ပြောင်းရွေ့ ခံရတဲ့ကိစ္စ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ မောင်မှန်ကို နိုင်/ကျဉ်းဟောင်း တစ်ယောက် ပြောပြတာပါ။ အခုလက်ရှိ မြင်းခြံထောင် အာဏာပိုင်တွေက အဲဒီအစဉ်အလာကို ဆက်လက် ထိန်းသိမ်းတာ ဖြစ်မှာပါ။ ဘယ်သူတွေ ဘယ်လိုနိုင်နိုင် ငါတို့နဲ့မဆိုင်၊ တွယ်စ ရာရှိတာသာ တွယ်ကြဖို့ ဆုံးဖြတ်ထားကြဟန် တူပါတယ်။ ၉၀ အာဏာမလွှဲတဲ့ အတွေ့အကြုံကလည်း သူတို့ မှာ ရှိပြီးသားဆိုတော့ ဒီလောက်နဲ့တော့ တက်မလာနဲ့၊ တောက်ချလိုက်မယ်ဆိုတဲ့ သဘောပေါ့၊ ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ လူ့ဂုဏ်သိက္ခာဆိုတာ တပျော်တပါးကြီး ဝင်ပြိုင်ကြ၊ တပျော်တပါးကြီး လက်ခုပ်တွေတီးပြီး ဆုတွေပေးကြကတဲ့ ရုပ်ရှင်ပွဲတော်အဆင့်မှာပဲ ရှိနေသေးတာ ဝမ်းနည်းစရာပါ။

အင်န်အယ်လ်ဒီအနေနဲ့ အစိုးရဖွဲ့နိုင်လောက်အောင် ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့နောက်မှာတော့ နိုင်/ကျဉ်းတွေ လွှတ်ပေးဖို့ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေမှုတွေအပေါ် စတင် ကိုင်တွယ်ခံပါတယ်။ နိုဝင်ဘာ ၁၄ ရက် ညပိုင်းမှာ အင်န်အယ်လ်ဒီ ဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန်က ရန်ကုန် ပြည်သူ့ဆေးရုံကြီး မှာ တက်ရောက်ကုသမှု ခံယူနေတဲ့ အစာငတ်ခံ ဆန္ဒပြ ကျောင်းသားတွေကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ပါးတိုက်တဲ့ အမှာစကားကိုလည်း ပြောသွားပါတယ်။

အစာငတ်ခံ ဆန္ဒပြနေသော ကျောင်းသားများနှင့် ပတ်သက်၍ ဂုဏ်ယူကြောင်း၊ သို့သော် ကျောင်းသားများ၏ အစာငတ်ခံ ဆန္ဒပြမှုမှတစ်ဆင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာပြီး အပြောင်းအလဲကာလ၌ ပဋိပက္ခအသွင် ဆောင်လာပြီး မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်သည့်အတွက် အမိန့်ပေးခြင်း မဟုတ်သော်လည်း အစာငတ်ခံ ဆန္ဒပြမှုကို ရပ်နားပေးရန် မေတ္တာရပ်ခံကြောင်း အမှာပါးလိုက်တယ်လို့ ဆိုပါတယ်။ ဗကသ အဖွဲ့ရဲ့ တရားဝင် ထုတ်ပြန်ချက်မှာတော့ “ဦးဝင်းထိန်က ထိုသို့ တွေ့ဆုံချိန်တွင် ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ကနေ ဆက်သွယ်ပြီး သွားရောက်ခိုင်းသည့်အတွက် လာရောက်ရခြင်း ဖြစ်ကြောင်းနှင့် အပြောင်း အလဲကာလတွင် မီးတစ်စဖြစ်မည်ကို စိုးရိမ်သည့်အတွက် အစာငတ်ခံ ဆန္ဒပြမှုကို ရပ်တန့်ရန် မေတ္တာရပ်ခံပါ ကြောင်း၊ တိုက်ပွဲကို ရပ်တန့်ရန် အမိန့်ပေးချင်းမျိုး မဟုတ်ဘဲ စဉ်းစားပြီးမှ ဆက်လုပ်စေချင်ကြောင်း ပြောကြား သွားခဲ့သည်” လို့ ဖော်ပြထားပါတယ်။

အထက်က ဖော်ပြချက်တွေကို ချုပ်ကိုင်ရင် ကိုအောင်မှိုင်းဆန်းရဲ့ တောင်းဆိုချက်ဖြစ်တဲ့ နိုင်/ကျဉ်း များ လွှတ်ပေးရေးဆိုတဲ့ ကိစ္စအပေါ် ဘာမှ တာဝန်ခံ ပြောဆိုတာ မတွေ့ရဘဲ အပြောင်းအလဲကာလမှ ပဋိပက္ခ အသွင်ဆောင်ပြီး မလိုလားအပ်တဲ့ မီးတစ်စဖြစ်မှာ စိုးတဲ့အတွက် ဆန္ဒပြတာကို ရပ်ပေးဖို့ တောင်းဆိုထားတာ ကိုပဲ တွေ့ရပါတယ်။ ဒီနေရာမှာ အင်န်အယ်လ်ဒီက အစိုးရမဟုတ်သေးတော့ တာဝန်မယူ။ တာဝန်မခံနိုင်တာ ဖြစ်တယ်လို့ ပြန်ပြောစရာ ရှိပါတယ်။ အဲဒါဆိုလည်း ဝင်မပြောတာ ပိုကောင်းမယ်လို့ မောင်မှန် ထင်ပါတယ်။

ဝင်ပြောသင့်လို့ ပြောရတယ်ဆိုရင်ဖြင့် ကိုအောင်မှိုင်းဆန်းဘက်ကိုတင် မကဘဲ နိုင်/ကျဉ်းတွေကို ဖမ်းထားတဲ့ အစိုးရဘက်ကိုပါ ပြောမှ မျှတမှုရှိမှာ ဖြစ်ပါတယ်။ ကိုအောင်မှိုင်းဆန်း တောင်းဆိုနေတာလည်း ပြည်ခိုင်ဖြိုး အစိုးရကိုပါ အင်န်အယ်လ်ဒီကို မဟုတ်ပါဘူး။ နောက်ပြီး ဒီပြဿနာကို အစပြု ဖန်တီးသူတွေဟာ နိုင်/ကျဉ်း တွေကို ဖမ်းဆီး ထောင်ချခဲ့သူတွေသာ ဖြစ်ပါတယ်။ ဒီပြဿနာဟာ မလိုလားအပ်တဲ့ မီးတစ်စဆိုရင်တောင်မှ ဒီမီးကို စမွှေးခဲ့သူဟာ ကိုအောင်မှိုင်းဆန်းနဲ့ အစာငတ်ခံ ဆန္ဒပြ ကျောင်းသား ပြည်သူတွေ မဟုတ်ပါဘူး။

အင်န်အယ်လ်ဒီဟာ အခု အစိုးရ မဟုတ်သေးရင်တောင်မှ သိပ်မကြာခင်မှာ ကိုယ့်ကိုကိုယ် အစိုးရ ဖွဲ့နိုင်လိမ့်မယ်လို့ ပြတ်ပြတ်သားသား ယုံကြည်ထားရင် တစ်ခုခုတော့ အာမခံသင့်တာပေါ့ နော့လေ။ အခြေအ နေကို မောင်မှန် ကောင်းကောင်း နားလည်သဘောပေါက်ပါတယ်။ နည်းနည်းလောက် နောက်ကြည့်တာပါ။ ဒါကြောင့် မောင်မှန်ပြောတာကို အင်န်အယ်လ်ဒီကလည်း ကုန်ကြမ်းတွေ ပေးဦမှာပါလို့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags