လူထောင်ပေါင်းများစွာ စုရုံးပြီး ထိုင်းဘုရင်ကို ထောက်ခံကြောင်း ပြသ 

လူထောင်ပေါင်းများစွာ စုရုံးပြီး ထိုင်းဘုရင်ကို ထောက်ခံကြောင်း ပြသ 
Photo - AFP

နိုဝင်ဘာ ၂

ထိုင်းဘုရင်ကို မြင်တွေ့ခွင့်ရဖို့အတွက် ဘန်ကောက်က နန်းတော်ကြီးဆီ ဘုရင်စနစ်ထောက်ခံသူ ထောင်ပေါင်းများစွာဟာ တနင်္ဂနွေနေ့မှာ ကြိတ်ကြိတ်တိုး လာရောက်ကြပါတယ်။ 

ဘုရင် မဟာဝါဇီရလောင်ကွန်းဟာ မိဖုရားဖြစ်သူနဲ့အတူ ထောက်ခံသူတွေကြား ရောက်ရှိလာပြီး လက်ဆွဲနှုတ်ဆက်သလို ဆက်သကြတဲ့ ပန်းတွေကိုလည်း လက်ခံပါတယ်။ 

ထိုင်းနိုင်ငံမှာ အစိုးရ အလုံးစုံ ပြောင်းလဲရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးတွေကို တောင်းဆိုပြီး ဆန္ဒပြပွဲတွေ လတွေနဲ့ချီ ဖြစ်ပွားပေါ်ပေါက်နေချိန်မှာ ခုလို ဘုရင်ဘက်တော်သားတွေက ဘုရင်ကို ထောက်ခံကြောင်း စုရုံးလာကြတာပဲ ဖြစ်ပါတယ်။ 

ဘုရင် မဟာဝါဇီရလောင်ကွန်းဟာ ထိုင်းနိုင်ငံမှာ အာဏာရဲ့ အထွဋ်အထိပ်မှာ ရှိနေတာ ဖြစ်သလို သူ့ ဩဇာဟာ ပြည်သူလူထုကြားမှာ စိမ့်ဝင်လွှမ်းမိုးနေတာလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် တစ်ချိန်က မော်မကြည့်ရဲခဲ့တဲ့ တော်ဝင်အသိုင်းအဝန်းအနေနဲ့ ခုချိန်မှာ ကြီးထွားလာနေတဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေက မကြုံဖူးတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဒီမိုကရေစီ လှုပ်ရှားမှုအချို့မှာ တစ်ချို့သော ခေါင်းဆောင်တွေဟာ အလွန်ပြင်းထန်တဲ့ တော်ဝင်အသိုင်းအဝန်းကို အသရေဖျက်မှု ဥပဒေ ဖျက်သိမ်းရေးအပါအဝင် ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကိုပါ တောင်းဆိုလာကြတာ ဖြစ်ပါတယ်။ 

တနင်္ဂနွေနေ့က မဟာနန်းတော်ဆီ လာရောက်ပြီး ဘုရင်ကို ထောက်ခံကြောင်း စုရုံးကြတဲ့ ပြည်သူထောင်ပေါင်းများစွာဟာ တော်ဝင်အရောင်ဖြစ်တဲ့ အဝါရောင်အင်္ကျီတွေကို ဝတ်ဆင်ထားကြသလို ဘုရင် ဝါဇီရလောင်ကွန်းနဲ့ မိဖုရား စုသီဒါတို့ရဲ့ ရုပ်ပုံတွေကိုပါ ကိုင်ဆောင်ထားကြပါတယ်။ 

ထောက်ခံသူတွေကို တွေ့ဆုံနှုတ်ဆက်ဖို့ နန်းတော်ကနေ ဘုရင်ထွက်လာချိန်မှာ “သစ္စာရှိရှိ အသက်ရှင်မယ်။ သစ္စာမပျက်ဘဲ သေဆုံးမယ်။”ဆိုပြီး လူအုပ်က ကြွေးကြော်ကြပါတယ်။ “ဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။”ဆိုပြီးလည်း အော်ဟစ်ကောင်းချီးပေးကြပါတယ်။ 

သိုသိုသပ်သပ် နေထိုင်တတ်တဲ့ ဘုရင် ဝါဇီရလောင်ကွန်းဟာ လူအုပ်ကြားထဲထိ သွားရောက်ပြီး ထောက်ခံသူတွေ ပေးကြတဲ့ ပန်းတွေကို လက်ခံသလို ကျေးဇူးတင်ပါတယ်လို့ ပြောသံကိုလည်း ကြားရပါတယ်။ သူ့ ရုပ်ပုံပေါ်မှာပါ လက်မှတ်ထိုးပေးတာကို ပြည်တွင်းမီဒီယာတွေက ထုတ်လွှင့်တဲ့ ဗီဒီယိုသတင်းတွေမှာ မြင်တွေ့ရပါတယ်။ 

ဂျာမနီမှာ အနေများတဲ့ ဘုရင် မဟာဝါဇီရလောင်ကွန်းဟာ သီတင်းကျွတ်ပွဲတော်နဲ့ ခမည်းတော် ဘုရင်ကြီး နတ်ရွာစံတဲ့ နှစ်ပတ်လည်အတွက် ထိုင်းနိုင်ငံမှာ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ 

ခုလို လာရောက်တဲ့အချိန်ဟာ ထိုင်းနိုင်ငံတွင်းမှာ လူငယ်အများစု ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ မစဲတမ်း ဖြစ်ပွားနေချိန်မှာပဲ ဖြစ်ပါတယ်။ 

ဆန္ဒပြလှုပ်ရှားမှုတွေဟာ ဦးဆောင်ဦးရွက်ပြုမယ့် ခေါင်းဆောင်မရှိပေမယ့်လည်း ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းခေါင်းဆောင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နုတ်ထွက်ရေးကို တစ်ညီတစ်ညွတ်တည်း တောင်းဆိုကြတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် တစ်ချို့ ဆန္ဒပြမှုတွေမှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးပါ တောင်းဆိုလာခဲ့ကြတာကြောင့် ရှေးရိုးစွဲ ဘုရင်အပေါ် ကြည်ညိုသူတွေရဲ့ တုံ့ပြန်မှုတွေ ပေါ်ပေါက်ပြီး တန်ပြန်စုရုံးမှုတွေပါ လုပ် ဆောင်လာတော့တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly