ထိုင်းဘုရင်၏ ဗီဇာနှင့်ပတ်သက်၍ ဂျာမနီဂရင်းပါတီက စေ့စေ့စပ်စပ် စစ်ဆေး 

By Nikkei Asia
01 November 2020
ထိုင်းဘုရင်၏ ဗီဇာနှင့်ပတ်သက်၍ ဂျာမနီဂရင်းပါတီက စေ့စေ့စပ်စပ် စစ်ဆေး 

နိုဝင်ဘာ ၁ 

ထိုင်းဘုရင် မဟာဝါဇီရ လောင်ကွန်း၏ ဆိုက်ရောက်၊ ထွက်ခွာ မှတ်တမ်းများကို ဂျာမန်အစိုးရဘက်က ထုတ်ဖော်ဖွင့်ချပေးရေး တောင်းဆိုရေးသားထားပြီး အောက်တိုဘာ ၂၆ ရက်က ဘန်ကောက်ရှိ ဂျာမနီသံရုံးထံ ဒီမိုကရေစီလိုလားသော ထိုင်းဆန္ဒပြသူများ ပေးပို့တင်ပြခဲ့သည့် စာတစ်စောင်က ယခုအခါ ဘာလင်အစိုးရအတွက် ခက်ခဲသည့် မေးခွန်းများကို ဖြစ်ပေါ်ထားစေခဲ့သည်။ 

ထိုင်းဘုရင်သည် ၂၀၁၆ ခုနှစ်က ထီးနန်းတက်ပြီးနောက်ပိုင်း ဂျာမနီတွင် အမြဲတစေ နေထိုင်ထားခဲ့သလောက်ပင် ဖြစ်သည်။ ထိုင်းဘုရင်သည် ဥပဒေကို ချိုးဖောက်လျက် ဂျာမန်မြေပေါ်တွင် နေထိုင်စဉ်အတွင်း ထိုင်းနိုင်ငံရေးကိစ္စများတွင် ပါဝင်ပတ်သက်ထားခဲ့သလား ဆိုသည်ကို စူးစမ်းသိရှိနိုင်ရန် ကျောင်းသားများက ကြိုးပမ်းနေခဲ့ကြခြင်း ဖြစ်သည်။ ထိုကိစ္စကို ဂျာမန် ပါလီမန်တွင်လည်း တင်ပြခဲ့ပြီး အစိုးရ၏ လက်ရှောင်သော ရပ်တည်ချက်အပေါ် မေးခွန်းထုတ်ခံထားရသည်။ 

ထိုင်းဘုရင်၏ ဂျာမနီရှိ အဝင်အထွက် အသွားအလာများအပြင်  ၎င်း၏ အခြွေအရံများထဲတွင် ထိုင်းလုံခြုံရေးအရာရှိများ ပါဝင်နေသလား ဆိုသည်ကို ဖွင့်ချထုတ်ဖော်ရေး ပါလီမန်ဆိုင်ရာ ပန်ကြားမှုတစ်ခုအတွက် သူမ၏ ပါတီဘက်က ပြင်ဆင်လျက် ရှိကြောင်း Green Party ဂရင်းပါတီ၏ လူ့အခွင့်အရေးဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ မာဂရက် ဘောက်စ်က ပြောသည်။ 

“ဘုရင်မှာက ပုဂ္ဂလိကဗီဇာတစ်ခု ရှိတာပါ၊ နိုင်ငံတော် ဗီဇာတစ်ခုမဟုတ်ပါဘူး၊ အကယ်၍ သူဟာ နိုင်ငံအရေးကိစ္စတွေ လုပ်ထားတယ်လို့ သက်သေပြနိုင်မယ်ဆိုရင် ဗီဇာကို ပြန်ရုပ်သင့်ပါတယ်” ဟု ဘောက်စ်က ပြောသည်။ “အဲဒီနောက် သူ့အနေနဲ့ ဗီဇာသစ်တစ်ခုကို လွတ်လပ်စွာ လျှောက်ထားပါလိမ့်မယ်၊ အဲဒီမှာတော့ သူဟာ ဂျာမနီမှာ နေထိုင်စဉ် ထိုင်းရဲ့ နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိရဘူးဆိုတဲ့ တိကျပြတ်သားတဲ့ ပြဋ္ဌာန်းချက်တွေ ရှိထားသင့်ပါတယ်” ဟုလည်း ၎င်းက ပြောသွားသည်။ 

ဘုရင်၏ လူဝင်မှု မှတ်တမ်းများကလည်း ဂျာမနီ ပြည်တွင်းက အခွန်အကောက် အာဏာပိုင်များ၏ စိတ်ဝင်စားခြင်းကို ခံရကောင်း ခံရနိုင်သည်။ ဂျာမန် အမွေဆက်ခံခြင်း ဥပဒေများအောက်တွင် ထိုင်းဘုရင်အနေဖြင့် ယူရို ၂ ဒသမ ၇ ဘီလီယံ (ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ) ကျော် ပေးဆောင်ရရန် ရှိနေသလား ဆိုပြီး ကျောင်းသားများက အိတ်ဖွင့်ပေးစာထဲတွင် မေးမြန်းထားခဲ့သည်။ ယင်းကိန်းဂဏန်းသည် ၂၀၁၆ ခုနှစ်က နတ်ရွာစံခဲ့သည့် ဖခမည်းတော် ဘုရင် ဘူမိဘော အဒူလျာဒက်က သေတမ်းစာဖြင့် ပေးခဲ့သည်ဟု ယူဆရသည့် ယူရို ၁၀ ဘီလီယံအပေါ် အခြေခံထားခြင်း ဖြစ်သည်။ 

နန်းတက်ပြီးနောက်ပိုင်း ဘုရင် မဟာဝါဇီရလောင်ကွန်းသည် ၎င်း၏အချိန်အများစုကို ဂျာမနီအရှေ့တောင်ပိုင်း ပြည်နယ် ဘာဗေရီးယားတွင် ကုန်ဆုံးခဲ့သည်။ ထို့ပြင် ဂျာမနီတွင် မောင်းမများနှင့်အတူ နေထိုင်ခြင်း၊ ပြည်တွင်းရှိ COVID-19 စည်းမျဉ်းများကို ချိုးဖောက်ခြင်းနှင့် ဟမ်းဘာ့ဂ်မြို့ လေဆိပ်ငယ်တစ်ခုတွင် ၎င်း၏ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ဆင်းသက် ပျံတက်မှုကို လှုပ်ရှားလုပ်ဆောင်ခြင်း တို့အတွက် မကောင်းသည့် နာမည်ကျော်ကြားမှုများကို ရရှိထားခဲ့သည်။ 

ဂရင်းပါတီသည် ဂျာမနီ ပါလီမန် (Bundestag) တွင် အသေးဆုံးဖြစ်သော်လည်း ယင်း၏ ပါတီဝင်များသည် အများပြည်သူ သဘောထားစစ်တမ်းများတွင် အောင်မြင်နေကြသည်။ ပါတီသည် လာမည့်နှစ် ရွေးကောက်ပွဲများတွင် ခရစ်ယာန်ဒီမိုကရက်တစ်သမဂ္ဂနှင့် ညွန့်ပေါင်းပါတနာတစ်ခု ဖြစ်လာတော့မည် ပုံပေါ်နေသည်။ ဂျာမနီတွင် ညွန့်ပေါင်းပါတနာများကို အစဉ်အလာအားဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနကို တာဝန်ယူခိုင်းသည်။ 

ဦးစားပေးမှု မရှိခြင်းကြောင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းခြင်းနှင့် နိုင်ငံခြားတိုင်းပြည် အကြီးအကဲတစ်ဦးကို စော်ကားမှု ပါဝင်သည့် ကြီးလေးသည့် သံတမန်ရေးအကြောင်းကိစ္စတစ်ခုကို ရှောင်ရှားခြင်းအကြား မျှခြေဟန်ချက်တစ်ခု ရယူရန် အခက်တွေ့စေနေသည်ဟု ဘောက်စ်က ဝန်ခံခဲ့သည်။ 

ဂျာမနီနှင့် တူရကီအကြား ၂၀၁၇ ခုနှစ် သံတမန်ရေးအရာ ကတောက်ကဆတ်ဖြစ်မှုတစ်ခုကလည်း သာဓကထုံးတစ်ခုကို ပြသနေကြောင်း Tuebingen တက္ကသိုလ်မှ ထိုင်းနိုင်ငံရေးရာ ကျွမ်းကျင်သူ ဝေါ့လ်ဖရမ် ရှာဖားက ပြောသည်။ တူရကီသမ္မတ ရီဆက် တေယစ် အာဒိုဂန်ကို သစ္စာခံသော နိုင်ငံရေးသမားများက ဂျာမနီရှိ တူရကီ အသိုက်အဝန်းအကြား စည်းရုံးလှုံ့ဆော်ခဲ့ပြီးနောက်ပိုင်း ပြည်ပနိုင်ငံ အကြီးအကဲများနှင့် အစိုးရတာဝန်ရှိသူများအနေဖြင့် နိုင်ငံထဲသို့ ဝင်ရောက်ရန်နှင့် အစိုးရအရေးကိစ္စများ လုပ်ဆောင်ရန် အလိုအလျောက် အခွင့်အရေးမရှိဟု ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်ခဲ့သည်။ 

“အဲဒီလို ကျွတ်စီကျွတ်စီ အသံတွေကြောင့်ပဲ နောက်ပိုင်းမှာ အာဒိုဂန်က ဂျာမနီကို လာဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်” ဟု ရှာဖားက ပြောသည်။ 

“အမွေဆက်ခံမှု အခွန်ကိစ္စက အလားတူအတိုင်းပဲ ခဲရာခဲဆစ်နိုင်ပြီး ရှင်းရှင်းလင်းလင်းဖြစ်ဖို့ လိုပါတယ်၊ အကြောင်းကတော့ တကယ်တမ်းမှာ ပိုက်ဆံတွေက သူ ကိုယ်တိုင်ပဲ ပိုင်တာလား ဒါမှမဟုတ် ထိုင်းနိုင်ငံက ပိုင်တာလား ဆိုတာကို သက်သေပြနိုင်ဖို့ ဂျာမနီအတွက် မဖြစ်နိုင်လို့ပါ” ဟု ရှာဖားက ပြောသည်။ 

ဂျာမနီ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုနှင့် ထိုင်းအာဏာပိုင်တို့အကြား ကာလကြာ စီးပွားရေးဆိုင်ရာ အငြင်းပွားမှုတစ်ခုအတွင်း ထိုစဉ်က အိမ်ရှေ့စံအဖြစ်သာ ရှိသေးသည့် မဟာ ဝါဇီရ လောင်ကွန်း ပိုင်ဆိုင်သည်ဟု ယုံကြည်ရသော Boeing 737 လေယာဉ်တစ်စင်းကို ဂျာမန်တရားရုံးတစ်ခုက တရားဝင်သိမ်းယူခဲ့ချိန်ဖြစ်သည့် ၂၀၁၁ ခုနှစ်တွင် ဤပြဿနာ ပေါ်ပေါက်ခဲ့ကြောင်း ရှာဖားက ပြောသည်။ ရှာဖား၏ အဆိုအရ ထိုစဉ်က အိမ်ရှေ့စံ မင်းသားသည် ၎င်း၏ ပုဂ္ဂလိက ပစ္စည်းဥစ္စာများနှင့်ပတ်သက်၍ ထပ်မံစစ်ဆေးခြင်မှ ရှောင်ရှားရန် အာမခံငွေ ယူရို ၃၈ သန်း ( ဒေါ်လာ ၅၄ ဒသမ ၃ သန်း) ကို အလျင်အမြန် ပေးခဲ့သည်ဟု သိရသည်။ 

ထိုင်းဘုရင်၏ လှုပ်ရှားလုပ်ဆောင်မှုများကို အမြဲတစေ သုံးသပ်ကြည့်ရှုနေကြောင်း၊ အကယ်၍ တစ်ခုခုသည် တရားဥပဒေနှင့် မညီဟု ယူဆရပါက ချက်ချင်းလက်ငင်း အကျိုးဆက်များ ရှိလာမည်ဖြစ်ကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဟိုင်ကို မားစ်က ပါလီမန်တွင် ပြောခဲ့သည်။ 

ယင်းကဲ့သို့ သိသာထင်ရှားသော အားတက်ယုံကြည်မှုက အားပျော့သွားခဲ့ကောင်း သွားနိုင်သည်။ ထိုင်းဘုရင်အနေဖြင့် ဂျာမနီကနေ နိုင်ငံရေးကိစ္စရပ်များကို တောက်လျှောက် လုပ်ဆောင်ခြင်း မရှိဘူးဆိုပါက ၎င်းအနေဖြင့် ဂျာမန်မြေပေါ်တွင် ဆုံးဖြတ်ချက်များကို ရံဖန်ရံခါ လုပ်ဆောင်နိုင်သည်ဆိုသည့် ဂျာမနီအစိုးရ၏ အမြင်သဘောထားနှင့်ပတ်သက်၍ အောက်တိုဘာ ၂၉ ရက်က ပါလီမန် (Bundestag) နိုင်ငံခြားရေးရာ ကော်မတီ၏ ရှင်းလင်းချက်တစ်ခုကို ရိုက်တာက ဖော်ပြခဲ့သည်။ 

“ထိုင်းဘုရင်ဟာ နိုင်ငံရေးကိစ္စတွေကို တောက်လျှောက် လုပ်ဆောင်ထားခဲ့တယ်လို့ ထင်မြင်ယူဆရလောက်တဲ့ အဆင့်မှာ မရှိသေးဘူးဆိုတဲ့ အမြင်သဘောထားမျိုးပဲ ဂျာမနီအစိုးရမှာ ရှိထားပါတယ်” ဟု ဂျာမနီ ပါလီမန် (Bundestag) နိုင်ငံခြားရေးရာ ကော်မတီအဖွဲ့ဝင်တစ်ဦးက ရိုက်တာကို ပြောသည်။ ဘုရင်တွင် ၎င်းအား တစ်သီးပုဂ္ဂလိက လူတစ်ဦးအဖြစ် ဂျာမနီတွင် နှစ်တစ်ချို့ နေထိုင်ခွင့် ရှိသည့် ဗီဇာတစ်ခု ရှိနေသလို ၎င်းအနေဖြင့်လည်း နိုင်ငံအကြီးအကဲတစ်ဦးအဖြစ် သံတမန်ရေးရာ ကင်းလွတ်ခွင့်ကို ခံစားရရှိထားသည်ဟု အမည်မဖော်သည့် သတင်းရင်းမြစ်တစ်ဦးက သတင်းအေဂျင်စီကို ပြောသည်။ 

ဒီမိုကရေစီလိုလားသော ထိုင်းလူငယ် ဆန္ဒပြသူများ ပေးပို့လိုက်သည့် လှုံ့ဆော်မှု သဘောပါ စာသည် ဂျာမနီ၌ ဥပဒေအရ သြဇာသက်ရောက်မှု ပါမလာဘူး ဆိုလျင်တောင်မှ အန္တရာယ်ဖြစ်စေသော ထုတ်ဖော်မှုက အတန်ကြီးသော တရားဝင်မဟုတ်သည့် ဖိအားတစ်ခုကို ဖန်တီးပေးထားခဲ့ကြောင်း နိုင်ငံတကာနှင့် လုံခြုံရေး ကိစ္စရပ်များဆိုင်ရာ ဂျာမနီ အင်စတီကျူ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဖီလစ်ဇ် ဟိုင်ဒွတ်ခ်က Nikkei ကို ပြောသည်။ 

“အရာအားလုံးကို ခြုံပြီး စဉ်းစားကြည့်လိုက်မယ်ဆိုရင်တော့ ဂျာမနီအစိုးရရဲ့ သဘောထားရပ်တည်ချက်ကတော့ ထိုင်းမှာ ဖြစ်ပျက်နေတာတွေအပေါ်မှာ မူတည်ပါလိမ့်မယ်၊ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေအပေါ် ဘုရင်စနစ် လက်ခံတဲ့ တပ်ဖွဲ့တွေဘက်က ဘယ်လိုမျိုး အကြမ်းဖက် ဖြိုခွင်းမှုတွေလုပ်ပါစေ အဲဒါတွေက အရေးယူဆောင်ရွက်ဖို့ ဖိအားတွေကို ကြီးကြီးမားမားနဲ့ သေချာပေါက် တိုးစေပါလိမ့်မယ်” ဟု ဟိုင်ဒွတ်ခ်က ပြောသည်။ 

ယခုကိစ္စက ထိုင်းဘုရင် ဂျာမနီ၌ အမြဲတစေ နီးပါး ရှိနေမှုအပေါ် ကောင်းစွာ ကျော်လွန်နေကြောင်း ဟိုင်ဒွတ်ခ်က ပြောသည်။ ထိုင်းတွင် ရွေးကောက်ခံ အစိုးရတစ်ရပ်ကို စစ်တပ်က ဖြုတ်ချပြီးနောက် ၂၀၁၄ တွင် ဥရောပသမဂ္ဂ-ထိုင်း လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်အပေါ် ညှိနှိုင်းဆွေးနွေးမှုများ ဆိုင်းငံ့ထားခဲ့ပြီး ယင်းနောက် ယမန်နှစ်က ထိုင်း အထွေထွေရွေးကောက်ပွဲများနောက်ပိုင်း ယင်းကို ပြန်စထားခဲ့သည်။ “ဂျာမနီဟာ လက်ရှိမှာ အီးယူကောင်စီ ဥက္ကဌတာဝန်ကို ထမ်းနေပါတယ်၊ ဒါ့ကြောင့်လည်း ဂျာမနီဟာ အဓိကကျတဲ့ ရပ်တည်ချက်နေရာတစ်ခုမှာ ရှိနေပါတယ်” ဟု ဟိုင်ဒွတ်ခ်က ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required