အခုနှစ်ရဲ့ အားအပြင်းဆုံး စူပါတိုင်ဖုန်းမုန်တိုင်း ဖိလစ်ပိုင်ဆီ ဝင်ရောက်တိုက်ခတ် 

အခုနှစ်ရဲ့ အားအပြင်းဆုံး စူပါတိုင်ဖုန်းမုန်တိုင်း ဖိလစ်ပိုင်ဆီ ဝင်ရောက်တိုက်ခတ် 
Photo - AFP

နိုဝင်ဘာ ၁

ရာသီဥတုကပ်ဘေးအခြေအနေတစ်ရပ်အဖြစ် အာဏာပိုင်တွေ သတိပေးထားတဲ့ အားပြင်း စူပါတိုင်ဖုန်းမုန်တိုင်း ဂွန်နီဟာ ဖိလစ်ပိုင် ကုန်းတွင်းပိုင်းဆီ တနင်္ဂနွေမှာ ဝင်ရောက်တိုက်ခတ်ပါတယ်။ 

ဒေသစံတော်ချိန် နံနက် ၄ နာရီ မိနစ် ၅၀ မှာ ကာတန်ဒူယန်နီကျွန်းဆီ ဝင်ရောက်တိုက်ခတ်တဲ့ ဂွန်နီမုန်တိုင်းဟာ အခုနှစ်မှာ အားအပြင်းဆုံး မုန်တိုင်းပဲ ဖြစ်ပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၁၄၀ ရှိကြောင်း နိုင်ငံ မိုးလေဝသဌာနက ကြေညာပါတယ်။ 

လူဇွန်ကျွန်းမကြီး တောင်ဖက်အစွန်းနဲ့ ကာတန်ဒူယန်နီကျွန်းတွေကို လွှမ်းခြုံထားရာ ဘီကောဒေသမှာ လာမယ့် ၁၂ နာရီအတွင်း ကြီးမားပြင်းထန်တဲ့ လေကြမ်းတွေ တိုက်ခတ်တာနဲ့ မိုး သည်းသည်းထန်ထန် ရွာသွန်းတာကို ရင်ဆိုင်ကြုံတွေရမယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။ 

“အဲဒီ ဒေသမှာ အဓိက မုန်တိုင်းဘေး ကျရောက်လိမ့်မှာ ဖြစ်တယ်။”ဆိုပြီး ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဂွန်နီမုန်တိုင်း ဦးတည်နေဆဲအချိန်မှာပဲ နိုင်ငံတွင်း မုန်တိုင်းဖြတ်မယ့် ဒေသတွေက လူပေါင်း တစ်သန်းနီးပါးကို ဘေးကင်းရာ ကြိုတင်ပြောင်းရွှေ့ပေးထားခဲ့ပါတယ်။ မုန်တိုင်းဟာ ခန့်မှန်းထားတဲ့အတိုင်း ကာတန်ဒူယန်နီကျွန်းဆီ တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ ဝင်ရောက်ခဲ့တာ ဖြစ်ပေမယ့် လေတိုက်နှုန်းကတော့ တစ်နာရီ ၁၂၇ မိုင် ရှိမယ်ဆိုတဲ့ ခန့်မှန်းချက်ထက် ပိုပြင်းထန်တာပဲ ဖြစ်ပါတယ်။ 

ဖိလစ်ပိုင်အနီး ရောက်ကာမှ ဂွန်နီမုန်တိုင်းဟာ စူပါတိုင်ဖုန်းမုန်တိုင်းအဖြစ် အင်အားကြီးထွာလာခဲ့တာပါ။ အခု ဂွန်နီမုန်တိုင်း စတင်ဝင်ရောက်တဲ့ ဒီ ဒေသဟာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာပဲ တိုင်ဖုန်မုန်တိုင်း မိုလိ ဝင်ရောက်တိုက်ခတ်လို့ လူ ၂၂ ဦး သေဆုံးပြီး မြေနိမ့်ပိုင်းကျေးရွာတွေနဲ့ လယ်ယာမြေတွေ ရေလွှမ်းမိုးမှုကို ရင်ဆိုင်ထားရတာလည်း ဖြစ်ပါတယ်။ 

“လေတိုက်နှုန်းက ကျောချမ်းစရာပဲ။ သစ်ပင်တွေ ယိမ်းထိုးနေတဲ့ အသံကို ကြားရတယ်။”လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဖရန်စီယာဘောရတ်စ်က အေအက်ဖ်ပီကို ပြောပါတယ်။ 

ဘီကောဒေသမှာ နေအိမ်တွေကနေ လူပေါင်း တစ်သန်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားတယ်လို့ အရပ်ဖက်ကာကွယ်ရေးဌာန အကြီးအကဲ ရီကာဒိုက စနေနေ့မှာ ပြောပါတယ်။ ဒါပေမယ့် လူ ၃၁၆၀၀၀ နီးပါးဟာ ဘေးကင်းဖို့အတွက် ဒီထက် ဝေးရာဆီ ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ အဲဒီဌာနက ပြောခွင့်ရသူ အလက်ဇ်နက်က တနင်္ဂနွေနေ့မှာ ပြောလာပါတယ်။ 

“ကျွန်တော်တို့ ရုံးအပြင်ဖက်မှာ သစ်ပင်တွေ ပြိုလဲတာ မြင်နေရတယ်။ လေရော မိုးပါ အတော်လေး ကြမ်းတယ်။”လို့ အလက်ဇ်နက်က ပြောပါတယ်။ 

ဂွန်နီမုန်တိုင်းဟာ မြို့တော် မနီလာတည်ရှိရာ လူဇွန်ကျွန်းမကြီးကို ဖြတ်သန်းတိုက်ခတ်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက တနင်္ဂနွေနေ့မှာ ခန့်မှန်းထားပါတယ်။ မုန်တိုင်းဖြတ်သန်းရာ တစ်လျှောက် လူဦးရေ သန်း ၂၀ ကျော်နေထိုင်ရာ ဒေသမှာ မိုးကြီးမှု၊ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ 

သဘာဝဘေးတွေ ဖြစ်ပေါ်လေ့ရှိတဲ့ ဖိလစ်ပိုင်မှာ ဂွန်နီမုန်တိုင်းကြောင့် မေယွန်နဲ့ တဲလ်မီးတောင်ရှင်နှစ်လုံးမှာ မီးတောင်ရွံ့ရည်တွေ စီးဆင်းလာနိုင်ခြေ ရှိနေတာကြောင့် အာဏာပိုင်တွေဟာ သတိထားစောင့်ကြည့်နေလျက် ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required