လနှင့် အင်္ဂါဂြိုဟ်ကို ဘယ်သူ ပိုင်သလဲ

လနှင့် အင်္ဂါဂြိုဟ်ကို ဘယ်သူ ပိုင်သလဲ

အောက်တိုဘာ ၃၁ ၊ ၂၀၂၀

ကိုဗစ်ကာလ လွန်ခဲ့သောလအနည်းငယ်က အနောက်ဘင်္ဂလားရှိ သတင်းစာများတွင် အမျိုးသားတစ်ဦးက အင်္ဂါဂြိုဟ်ပေါ်တွင် မြေတစ်ဧက ဝယ်ယူခဲ့ကြောင်း သတင်းပါရှိသည်။ သူက ပိုင်ဆိုင်ကြောင်းစာချုပ် ဖော်ပြလာသော အခါ သတင်းမီဒီယာများက သူ့အား အနီရောင်ဂြိုဟ်သို့ ပျားရည်စမ်းခရီးသွားရန် (သူကမကြာမီ လက်ထပ်တော့မည်ဖြစ်သည်) အစီအစဉ်ရှိသလားဟု မေးမြန်းခဲ့ကြသည်။  
 
သင့်အား အင်္ဂါဂြိုဟ်ပေါ်မှ မြေတစ်ဧက ကို စာချုပ်နှင့် အမှန်တကယ် ရောင်းချပေးနိုင်သော အပြည်ပြည်ဆိုင်ရာ လူသားဂြိုဟ်ရှာဖွေရေး အဖွဲ့အစည်း (IAOHPE) နှင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခု (တစ်ခုထက်လည်း ပိုနိုင်သည်) ရှိသည်။ ဒီဟာက အဖွဲ့အစည်းဖြစ်ကြောင်း အကြံပြုချက်တွေကိုတော့ ကျွန်တော် တစ်ခုမှ မတွေ့သေးဘူး။ သို့သော် ဤသံသယဖြစ်ဖွယ် အစု(စံအမျိုးအစား၊ အလွန်ကောင်းသော အမျိုးအစား၊ ထိပ်တန်း အမျိုးအစား နှုန်းများ ပါဝင်သည်) ကို ဝယ်ယူလောက်အောင် အယုံလွယ်ပြီး ကိုယ့်ဂုဏ်ကို ဖော်ရခြင်းကို နှစ်သက်သော လူများရှိနေပါက မလုပ်နိုင်စရာ မရှိပေ။ ၎င်းသည် သံသယဖြစ်ဖွယ် ပညာရေးနောက်ကြောင်းနှင့် နေရာများမှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ရယူရန် စိတ်ကူးနှင့် ခြားနားခြင်းမရှိပေ။

အရောင်းစာချုပ် မှတ်ပုံတင်သည် ပိုင်ဆိုင်မှု သို့မဟုတ် ပိုင်ရှင်ဖြစ်ကြောင်းကို အာမမခံနိုင်ကြောင်း အိန္ဒိယတွင် မြေဝယ်ဖူးသူတိုင်း သိကြသည်။ သို့သော် ၎င်းသည် မသင့်လျော်သော နှိုင်းယှဉ်ချက်ဖြစ်သည်။

အရောင်းစာချုပ်မှတ်ပုံတင်ခြင်းတွင် ရောင်းသူအား ပိုင်ရှင်အဖြစ် မှတ်ယူထားခြင်း ဖြစ်သည်။ အင်္ဂါဂြိုဟ် သို့မဟုတ် လ အတွက်မူ ထိုကဲ့သို့သော ယူဆချက်မျိုး မရှိပေ။
 
အင်္ဂါဂြိုဟ်သည် အသစ်သာ ဖြစ်နေသေးသော်လည်း လပေါ်ရှိ မြေများသည် IAOHPEမှ မှတ်ပုံတင်ထားသော စာချုပ်များ သို့မဟုတ် စာချုပ်များမပါဘဲ အချိန်အတန်ကြာကတည်းက ရှိနေပြီးဖြစ်သည်။  Frederick the Great သည် သူ၏ ဘိုးဘေးများအား လကို ပေးခဲ့သည်ဟု ဂျာမန်လူမျိုးတစ်ဦးက အခိုင်အမာ ဆိုခဲ့သည်။ Interplanetary Development Corporation နှင့် Lunar Embassy Commission တို့သည် လအိမ်ခြံမြေရောင်းချခြင်းကို ပြုလုပ်ခဲ့ကြသည်။
 
သိပ္ပံ စိတ်ကူးယဉ်ဇာတ်လမ်းကို နှစ်ခြိုက်သူတိုင်းသည် Robert Heinlein၏ ၁၉၄၉ ခုနှစ်ထုတ် ဝတ္ထု “လကို ရောင်းတဲ့သူ” ကို မှတ်မိကြလိမ့်မည်။ ထိုအမျိုးသားသည် Delos David Harriman အမည်ရှိ စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးဖြစ်သည်။ ထိုအချိန်က အနည်းဆုံး စိတ်ကူးယဉ်ဇာတ်လမ်းတွင် Heinleinသည် ဥပဒေသီအိုရီအရ အလွန်အမင်းစိတ်ဝင်စားဖွယ်ကောင်းသည့် ဆင့်ကဲဖြစ်စဉ်ကို ရှာဖွေသည့် ဥပဒေဆိုင်ရာ ဆိုရိုးတစ်ခုကို ထုတ်ဖော် ခဲ့သည်။ ဤနှစ်သက်ဖွယ်နားထောင်ကောင်းသည့် လက်တင်စကားလုံး (ဥပဒေသည် လက်တင်စကား အသုံးပြုသည့်အခါ ပို၍ အထင်ကြီးဖွယ်ကောင်းသည်) ဆိုရိုးသည် Cuius est solum, eius est usque ad coelum et ad inferos ဖြစ်ပြီး အကျဉ်းချုပ်အရ ad coelum doctrine ဟု ပိုမို ရိုးရှင်းစွာ ဆိုနိုင်သည်။
 
အင်္ဂလိပ်ဘာသာနှင့် ဆိုရလျင် မြေကို ပိုင်ဆိုင်သူသည် မြေ ပိုင်ဆိုင်ခွင့်သာမက အထက်ရှိ လေနှင့် မြေအောက်ရှိ အရာများကိုပါ ပိုင်ဆိုင်သည်ဟု ဆိုလိုသည်။ ဝတ္ထုထဲတွင် ဤစည်းမျဉ်းကို အသုံးပြု၍Harriman သည် သူ၏ကုမ္ပဏီအား လကို ပိုင်ဆိုင်ခွင့်ပေးရန် ကုလသမ္မဂအား တောင်းဆိုခဲ့သည်။ လေကြောင်းခရီးသွားလာခြင်း (ပြောင်းလဲမှုသည် ပူပေါင်းများပျံသန်းခြင်းမှ စတင်ခဲ့သည်)နှင့် ယခုအခါ အာကာသတွင်းခရီးသွား ခြင်းတို့နှင့်အတူ ad coelom ကို သတ်မှတ်လာကြသည်။ အထက် သို့မဟုတ် အောက်သို့ အဆုံးမရှိ မဟုတ်ပဲ ကန့်သတ်ချက်များ ရှိသည်။

 လ၊ အင်္ဂါဂြိုဟ်နှင့် ဂြိုဟ်သိမ်များအတွက် အခွင့်အရေးများအတွက် အာကာသစာချုပ် (OST, 1967) ရှိပြီး ၎င်းတွင် လနှင့် အခြား ကောင်းကင်ယံတွင်း အရာများ ပါဝင်သည်။ အချို့နိုင်ငံများသည် လက်မှတ်ထိုးပြီးသော်လည်း အတည်ပြုခြင်းမရှိသေးစေကာမူ နိုင်ငံအများစုသည် စာချုပ်တွင် လက်မှတ်ရေးထိုးထားကြသည်။ ဤစာချုပ်၏ ပုဒ်မ ၂ သည် အနည်းဆုံး ရည်ရွယ်ပင်ဖြစ်စေကာမူ ရှင်းရှင်းလင်းလင်းရှိသည်။ “လနှင့် အခြား ကောင်းကင် ယံတွင်း အရာများ အပါအဝင် အပြင်ဘက်အာကာသသည် အချုပ်အခြာအာဏာကို အသုံးပြုခြင်းအားဖြင့်ဖြစ်စေ၊ အသုံးပြုခြင်း သို့မဟုတ် သိမ်းပိုက်ခြင်း အားဖြင့်ဖြစ်စေ၊ အခြား မည်သည့်နည်းလမ်းများဖြင့် ဖြစ်စေ နိုင်ငံ၏ ပိုင်ဆိုင်မှု မဖြစ်စေရ။” ad coelum doctrine သည် နောက်ဆုံးတွင် ပြုပြင် မွမ်းမံခဲ့ရသကဲ့သို့ ဥပေဒေ (ပြဌာန်းချက်) အားလုံးသည်လည်း ဖြစ်ရပ်များ၏ လွှမ်းမိုးခြင်းခံခဲ့ရသည်။

 ၂၀၂၀ ခုနှစ် ကမ္ဘာကြီးသည် ၁၉၆၇ အနေအထားနှင့် ကွာခြားသည်။ စိတ်ကူးယဉ်သိပ္ပံနယ်ပယ်မှလွဲ၍ ၁၉၆၇ ခုနှစ်က မည်သူက ပုဂ္ဂလိက ကုမ္ပဏီတွေအနေဖြင့် အာကာသတွင်း စွန့်စား၍ စီးပွားရေးလုပ်မည် သို့မဟုတ် ကြက်သားတုံးများသည် အာကာသတွင်း မျောလွင့်နေမည်ဟု စိတ်ကူးယဉ်ခဲ့ကြပါမည်နည်း။ IAOHPE ကို နှစ်သက်သူများသည် ပုဒ်မ ၂ သည် အချုပ်အခြာအာဏာနိုင်ငံများကိုသာ ရည်ရွယ်ပြီး တစ်ဦးတည်းပိုင် အဖွဲ့များကို သက်ရောက်ခြင်းမရှိဟု အငြင်းအခုန်ပြုနိုင်သည်။ ထိုကဲ့သို့သော တရားဝင်အမှုရှိပါက OST ၏ ပုဒ်မ ၆ သည် အခြေအနေများကို ဖြေရှင်းရန် လုံလောက်သည်။ “သဘောတူစာချုပ်တွင် ပါဝင်သော နိုင်ငံများသည် လနှင့် ကောင်းကင်ယံတွင်း အရာများအပါအဝင် အာကာသအတွင်း အစိုးရ အဖွဲ့အစည်းများကဖြစ်စေ အစိုးရမဟုတ်သောအဖွဲ့အစည်းများက လုပ်ဆောင်သည့် အမျိုးသားလှုပ်ရှားမှုများနှင့် ထိုလှုပ်ရှားမှုများသည် လက်ရှိသဘော တူညီချက်ပါ ပြဌာန်းချက်များနှင့် အညီပြုမူခြင်းများရှိစေရန် အပြည်ပြည်ဆိုင်ရာ တာဝန်ခံမှုရှိရမည်။

လနှင့် အခြား ကောင်းကင်ယံတွင်း အရာများအပါအဝင် အာကာသအတွင်း အစိုးရမဟုတ်သော အဖွဲ့များ၏ လုပ်ဆောင်မှု များသည် စာချုပ်ပါ သက်ဆိုင်ရာ နိုင်ငံ၏ ခွင့်ပြုချက်နှင့် ဆက်လက်ကြီးကြပ်မှု လိုအပ်သည်။” သဘောတူစာချုပ်ဆိုင်ရာ ပြဿနာက အခြားတစ်ခုဖြစ်သည်။ ခေတ်ကာလကောင်းကို ပြန်ကြည့်လိုက်လျင် OST သည် အဓိကအားဖြင့် အာကာသတွင်း ငြိမ်းချမ်းစွာ လေ့လာရန်နှင့် အာကာသတွင်း စစ်အေးတိုက်ပွဲကို ကန့်သတ်ရန်သာဖြစ်သည်။ ၎င်းသည် အာကာသတွင်း ပိုင်ဆိုင်မှုအခွင့်အရေးများကို မမျော်လင့်ခဲ့ပေ။ မြေယာကဲ့သို့ပင် ပိုင်ဆိုင်မှုအခွင့်အရေးများသည် အခွင့်အရေးများဖြစ်သည်။

ပိုင်ဆိုင်မှုသည် ကိစ္စတစ်ခုတည်းသာဖြစ်သည်။ ပိုင်ဆိုင်မှုမှတစ်ခြား မြေပြင်မှ အခြားအရင်းအမြစ်များ တူးဖော်ခြင်းနှင့် ပတ်သတ်ပြီးကော ဘယ်လိုလဲ။ အာကာသမှ ပြန်ပါလာသော အရာဝတ္ထုများ (အာကာသယာဉ်မှူးများ ပါဝင်သည်)၊ စတင်သည့် အရာဝတ္ထုများအတွက် နိုင်ငံတကာ မှတ်ပုံတင်ခြင်းနှင့် တာဝန်ယူခြင်းများ၊ ကောင်းကင်ယံတွင်းအရာများကို အစိုးရများက ဘာလုပ်နိုင်သည်ဆိုသည့်အပေါ် ကန့်သတ်ချက်များအပါအဝင် OST သို့ ထပ်မံတိုးထည့်ထားသော အချက်များ ရှိသည်။ အိန္ဒိယသည်လည်း ၎င်းတို့တွင် ပါဝင်သည်။ သို့သော်လည်း ဤအရာများသည် အစိုးရများသာမက ပုဂ္ဂလက ကုမ္ပဏီများမှ လုပ်ဆောင်သည့် အရင်းအမြစ်များ လေ့လာခြင်း၏ အဓိက ပြဿနာကို မဖြေရှင်းနိုင်ပေ။ ကုလသမ္မဂစာချုပ်များသည်လည်း ရံဖန်ရံခါ ချိုးဖောက်ခြင်းခံရသည်။

 မည်သို့ပင်ဖြစ်စေ ကုလသမ္မဂလက်အောက်တွင် စာချုပ်အသစ်မှာ မဖြစ်နိုင်ပေ။ အကယ်၍ အမေရိကန်သည် ၂၀၁၅ အမျိုးသားဥပဒေ(စီးပွားဖြစ်အာကာသလွှတ်တင်ခြင်းဆိုင်ရာ အက်ဥပဒေ၊ အာကာသတွင်း အရင်းအမြစ် ရှာဖွေခြင်းနှင့် အသုံးချခြင်းနှင့် စပ်လျဉ်း၍ ဖတ်ရှုသင့်) ကို ပြဌာန်းနိုင်လျင် အိန္ဒိယသည် အဘယ်ကြောင့် မဖြစ်နိုင်မည်နည်း။ ကျွန်တော်တို့တွင် အာကာသအစီအစဉ်တစ်ခုရှိပြီး ပုဂ္ဂလိက ဝင်ခွင့်တွေကို ခွင့်ပြုထားသည်။ သို့ရာတွင် ၎င်းသည် အိန္ဒိယမှ အရင် လက်ခံထားပြီးဖြစ်သော အနေအထားနှင့် ဆန့်ကျင်ဘက် ဖြစ်စေနိုင်စေကာမူ အိန္ဒိယ အမျိုးသားအာကာသမြှင့်တင်ရေးနှင့် ခွင့်ပြုချက်စင်တာ (အာကာသတွင်း)၊ New Space India Ltd (NSIL) နှင့် Antrix Corporation တို့သည် အရင်းအမြစ်များအား စီးပွားဖြစ်လေ့လာရန် ဥပဒေအရ ထောက်ပံ့မှုလိုအပ်သည်။

(New Indian Express ပါ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly