“အာဏာသိမ်းပါလို့ လူပုံအလည်မှာ ပြောတာကို ဦးသိန်းစိန်က ခွင့်ပြုသတဲ့လား”

“အာဏာသိမ်းပါလို့ လူပုံအလည်မှာ ပြောတာကို ဦးသိန်းစိန်က ခွင့်ပြုသတဲ့လား”
သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၉၂ ပါတီမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ တိုင်းလွှတ်တော်အဆောက်အအုံတွင် နိုဝင်ဘာ ၁၅ရက် နံနက် ၁၀နာရီက ပြုလုပ်စဉ်။ (ဓာတ်ပုံ-သက်ကို၊မဇ္ဈိမ)

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီ စုစုပေါင်း ၈၆ ပါတီတောင် ရှိပါတယ်။ နည်းနည်းနောနော မဟုတ်ပါဘူး။ အဲဒီ ဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန်ဟာ ကောင်းသော စကားတွေ ပြောဆိုခဲ့ပါတယ်။ အဓိက ပြောခဲ့တာကတော့ သူ့အနေနဲ့ အစိုးရတာဝန်ကို စနစ်တကျ လွဲှပြောင်းပေးသွားမှာဖြစ်လို့ စိုးရိမ်မှုမရှိကြဖို့ ဆိုပြီးဖြစ်ပါတယ်။ ပြောရရင် သမ္မတ ဦးသိန်းစိန်ဟာ ပြည်သူလူထုရဲ့ စိုးရိမ်မှု၊ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စိတ်မချနိုင်မှုကို သိပုံရပါတယ်။ ဒါကြောင့် အဲလို စကားမျိုး ပြောခဲ့တာပါ။ အပြောင်းအလဲကာလနဲ့ ပါတ်သက်ပြီး ပြည်သူလူထုက စိတ်မချဘူးဆိုရင်လည်း စိတ်မချစရာပဲ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အဲဒီအစည်းအဝေးမှာကိုပဲ နိုင်ငံရေးပါတီ ခေါင်းဆောင်ဆိုသူ တစ်ယောက်က အစိုးရနဲ့ တပ်မတော်ကို အာဏာသိမ်းပါဆိုပြီး အဓိပ္ပါယ်ရတဲ့ စကားမျိုးကိုလည်း ပြောင်ပြောင်တင်းတင်း ပြောဆိုသွားလို့ပါပဲ။ ဒါဟာ ဒီမိုကရေစီလား၊ ဒီလိုအခြေအနေ ဘာကြောင့် ရောက်လာရသလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

လောလောဆယ် ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိသွားတဲ့တိုင် လက်ရှိ တပ်မတော် ကျောထောက်နောက်ခံပြု သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က အေးအေးချမ်းချမ်း အဆင်ပြေပြေနဲ့ အာဏာလွဲှပြောင်းပေးလိမ့်မယ် ဆိုပြီး စိတ်ချလက်ချ ဖြစ်နေသူဆိုလို့ သိပ်ပြီး ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ အားလုံးဟာ သံသယတွေနဲ့ပါ။ အနိုင်ရ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ကိုယ်တိုင် အဲလို နားလည် ခံစားနေရတယ်ဆိုတော့ ပြည်သူတွေအနေနဲ့ ဆိုဖွယ်ရာတောင် မရှိတော့ပါဘူး။ သာမန်ပြည်သူတွေအကြား ပြောဆိုနေကြတာကတော့ ရွေးကောက်ပွဲ နိုင်တယ်ဆိုတာ မှန်တယ်၊ ဒါပေမယ့် တပ်မတော်က အကြောင်းတစ်စုံတစ်ရာ ပြပြီး တိုင်းပြည် ချောက်ထဲကျဖို့ လက်သုံးလုံးလောက်ပဲ လိုတော့တဲ့ အန္တရာယ်ကနေ ကယ်တင်ဖို့ဆိုပြီး တိုင်းပြည်ရဲ့ အာဏာကို ထိမ်းသိမ်းလိုက်ရပါတယ်ဆိုတဲ့ စကားမျိုး ပြောဆို၊ ရယ်ပွဲဖွဲ့နေကြလို့ပဲ ဖြစ်ပါတယ်။

ဒီလို ဖြစ်ရတာကလည်း အကြောင်းရှိပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး ဦးနေဝင်း ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း လက်ရှိ ၂၀၁၅ ခုနှစ် နှစ်ပေါင်း ၅၀ ကျော်တိုင်အောင် မြန်မာနိုင်ငံကို စစ်အစိုးရနဲ့ စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကပဲ အုပ်ချုပ်ခဲ့လို့ဖြစ်ပါတယ်။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်သူတွေ အုပ်ချုပ်တယ်ဆိုတာမျိုး တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ဖူးပါဘူး။ ၁၉၉၀ ခုနှစ်တုန်းကလည်း ပြည်သူလူထုကြီးက အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးကို အပြတ်အသတ် မဲပေးခဲ့ကြဖူးပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေပေးတဲ့ အဲဒီ မဲရလာဒ်ကို စစ်အာဏာရှင်တွေက ဥပေက္ခာ ပြုခဲ့ကြပါတယ်။ ၂၀၁၀ ကျတော့ ရွေးကောက်ပွဲ လုပ်တော့ လုပ်ပါရဲ့၊ အင်န်အယ်လ်ဒီ ဝင်ပြိုင်လို့မရအောင် လုပ်ပြီးမှ ကျင်းပတဲ့ ရွေးကောက်ပွဲပါ။ ဒီရွေးကောက်ပွဲကမှ လက်ရှိအစိုးရနဲ့ လွှတ်တော်တွေကို မွေးဖွားပေးလိုက်တာပါ။ ပြောရရင် ပြည်သူတွေဟာ အင်န်အယ်လ်ဒီ အနိုင်ရတဲ့တိုင် အာဏာလွဲှပြောင်းပေးမယ်ဆိုတာကို မယုံကြည်ကြသေးပါဘူး။ စစ်တပ်က အကြောင်းတစ်ခုခုပြပြီး အာဏာပြန်သိမ်းလိမ့်မယ်ဆိုတဲ့ သံသယက ကြီးဆဲပါ။

ဒီသံသယတွေကို ပိုကြီးစေတာကတော့ သမ္မတနဲ့ နိုင်ငံရေးပါတီတွေရဲ့ တွေ့ဆုံပွဲနေ့မှာပါ။ အဲဒီ ပွဲမှာ အများသူငါ ကောင်းရာကောင်းကျိုးပြောဆိုကြပေမယ့် ဘယ်ရွေးကောက်ပွဲမှာမှ ပြည်သူတွေက မဲမပေးလို့ အမတ်တစ်ယောက်မှ အရွေးမခံရတဲ့ အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဌ ကောင်းမြတ်ထွဋ်ကတော့ သမ္မတနဲ့ တပ်မတော်ကို အာဏာသိမ်းဖို့ စကားတွေကို ပေါ်ပေါ်တင်တင်ကြီးပဲ ပြောခဲ့ပါတယ်။ သူပြောတာကို လေ့လာကြည့်ပါဦး။

“ယခုအခါ စာရင်းအင်းတက်လာသော ရွေးကောက်ပွဲ ရလဒ်များအရ အစိုးရတရပ်ဖွဲ့နိုင်ရန် အလားလာရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ ရွေးကောက်ပွဲမတိုင်မှီနှင့် ရွေးကောက်ပွဲအပြီး ပြည်တွင်းနှင့် နိုင်ငံတကာသို့ သမ္မတအထက်တွင် ၎င်းက တည်ရှိနေမည့် နိုင်ငံကို ဦးဆောင်သွားမည်။ မြန်မာနိုင်ငံတွင် ၎င်းတို့ တင်မြှောက်မည့် သမ္မတသည် အာဏာတစုံတရာ မရှိဘဲ ၎င်းကသာ ညွှန်ကြားစေခိုင်းမည်၊ စသော သဘော အဓိပ္ပါယ်ရသည့် အချက်များကို ထပ်ခါထပ်ခါ ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြောကြားနေကြောင်း တွေ့ရပါသည်။ တိုအပြင် ရွေးကောက်ပွဲ မတိုင်မှီ ငြီမ်းချမ်းရေး လက်မှတ်ထိုးမှုကို ရှောင်လွှဲခဲ့သည့် ဝ အဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအား ကမ်းလှမ်းခဲ့မှုသည်လည်းကောင်း၊  ရွေးကောက်ပွဲပြီးကာစ ၎င်းတို့၏ မဟာမိတ် SSPP/SSA တို့က ပြင်းထန်သော တိုက်ပွဲများ စတင်လာခြင်းသည်လည်းကောင်း ဆက်စပ် တွေ့ရှိရပါသည်။ အထက်ဖော်ပြပါ အချက်နှစ်ချက်နှင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းကို ယှဉ်တွဲ စဉ်းစားမည်ဆိုလျှင် ပြည်တောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အချုပ်အခြာ အာဏာပိုင်မှုကို (၁) နိုင်ငံရေးအရ (၂) စစ်ရေးအရ ထိပါးစော်ကားမှုများ ရှိနေပြီဟု မြန်မာအမျိုးသား ကွန်ဂရက်ပါတီက မှတ်ယူပါတယ်။ သ့ိုပါ၍ နိုင်ငံအကြီးအကဲဖြစ်သော နိုင်ငံတော် သမ္မတကြီးအနေဖြင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုသော မြန်မာနိုင်ငံသားများအပေါ် ရင်ဝယ်သားကဲ့သို့ သက်ညှာ စောင့်ရှောက်သောအားဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များနှင့်အညီ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းကာ ဖြစ်သင့်ဖြစ်ထိုက်သည်များ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည်များကို စတင်နိုင်ပါရန် ရိုသေလေးစားစွာ ပန်ကြားအပ်ပါသည်။” ဆိုပြီး ဖြစ်ပါတယ်။

ဘယ်လောက် ပေါ်တင်ကျလိုက်ပါသလဲ။ တိုင်းပြည်မှာ အားလုံးက အေးအေးချမ်းဖြစ်ချင်နေချိန်မှာ မဟုတ်မမှန်စကားတွေပြောပြီး စစ်တပ်က အာဏာသိမ်းပါဆိုပြီး အဓိပ္ပါယ်ပါတဲ့ စကားကို သမ္မတ ကိုယ်တိုင်ရှိနေတဲ့ လူပုံအလည်မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါကို နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်၊ ဒီမိုကရေစီ သဘောအရ သူပြောလိုရာကို ပြောလို့ရတယ်လို့ သဘောထားမလားဆိုတာ မေးခွန်းထုတ်စရာပါ။ တကယ်တော့ အဲဒီ ကောင်းမြင့်ထွဋ်လို ပါတီတစ်ခုထောင်၊ လူထုထောက်ခံမှုလည်း လုံး၀ ရမထားတဲ့ ပါတီတွေကို တကယ့် ပြည်သူလူထု ထောက်ခံမှုရတဲ့ ပါတီတွေနဲ့ တစ်တန်းတည်းထားပြီး ဆက်ဆံတာကိုက သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ မူမမှန်တဲ့ လုပ်ရပ်ပါ။ အခု လူပုံအလည်မှာ တိုင်းပြည်အတွက် အလွန်အန္တရယ်များတဲ့ စကားပြောဆိုခဲ့တာနဲ့ ပါတ်သက်ပြီးတော့လည်း သမ္မတ ပြောခွင့်ရတွေ အပါအဝင် အစိုးရဘက်က တစ်စုံတစ်ရာမှ သဘောထား ထုတ်ဖော်ပြောဆိုခြင်း မရှိတာကလည်း ရိုးသားမှု မရှိဘူးလို့ယူဆနိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ အခုလို ပြည်သူလူထု ထောက်ခံမှု လုံး၀ မရှိတဲ့ နာမည်ခံ ပါတီတွေက တိုင်းပြည် မတည်မငြိမ်ဖြစ်အောင် ပြောဆိုနေမှုတွေကို လျစ်လျူရှုထားတာမျိုး ရပ်တန်းက ရပ်သင့်ပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly