ပိုလန်မှာ ဗိုင်းရပ်စ် ကန့်သတ်ချက်ကို ဖီဆန်ပြီး ကိုယ်ဝန်ဖျက်ချခွင့် အခွင့်အရေးအတွက် လူထုစုရုံးမှုတွေ ဆင်နွှဲ 

ပိုလန်မှာ ဗိုင်းရပ်စ် ကန့်သတ်ချက်ကို ဖီဆန်ပြီး ကိုယ်ဝန်ဖျက်ချခွင့် အခွင့်အရေးအတွက် လူထုစုရုံးမှုတွေ ဆင်နွှဲ 
Photo - AFP

အောက်တိုဘာ ၃၁

ပိုလန်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှု အားလုံးနီးပါးကို တရားရုံးတစ်ရုံးရဲ့ တားမြစ်တဲ့ စီရင်ချက်အပေါ် စိတ်ဆိုးဒေါသထွက်ကြပြီး အစိုးရရဲ့ အမိန့်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မယ့် ဘေးအန္တရာယ်တွေကို အံ့တုဖီဆန်ရင်း ဝါဆောမြို့တော်နဲ့ နိုင်ငံအလွှားမှာ လူစုရုံးမှုကြီးတွေ ဆင်နွှဲကြပါတယ်။ 

ဝါဆောမှာ ဆန္ဒပြသူတွေဟာ သူတို့လှုပ်ရှားမှုတွေနဲ့ သင်္ကေတဖြစ်တဲ့ အနီရောင်မိုးကြိုးစား အမှတ်တံဆိပ်ကို ကိုင်ဆောင်ထားကြသလို လိင်တူချစ်သူ အလံတွေကို ဝှေ့ယမ်းရင်း အစိုးရဆန့်ကျင်ရေးတွေကို ကြွေးကြော်ကြပါတယ်။ 

တရားရုံးက စီရင်ချက်ချပြီးကတည်းက ကိုးရက်မြောက်အဖြစ် အခု ဆန္ဒပြပွဲတွေမှာ လက်ယာစွန်းရောက် တန်ပြန်ဆန္ဒပြတာတွေနဲ့ ထိပ်တိုက်တွေ့တာမျိုး ရှိပေမယ့်လည်း အများစုကတော့ ငြိမ်းချမ်းစွာပဲ ဆန္ဒပြကြတာ ဖြစ်ပါတယ်။ 

“အဆုံးထိ ကျွန်မတို့ တိုက်ပွဲဝင်သွားဖို့ ပြင်ထားပြီ။”လို့ ဆန္ဒပြပွဲတွေ စီစဉ်ရာမှာ အကူအညီ ပေးနေတဲ့ အမျိုးသမီးသပိတ် လှုပ်ရှားမှုကို ပူးတွဲဖွဲ့စည်းတဲ့ မာတာလမ်ပတ်က ပြောပါတယ်။ 

ဖရုဿဝါစာတွေ ပြည့်နှက်နေတဲ့ အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးနေတဲ့ လူငယ်အများစု ဆန္ဒပြသူတွေဟာ ‘ကျွန်တော်တို့ လုံလောက်နေပါပြီ။’၊ ‘ကျွန်တော်ရဲ့ ကိုယ်ခန္ဓာ ကျွန်တော်တို့ ပိုင်တယ်။’ ဆိုတဲ့ ဆိုင်းဘုတ်တွေလည်း ကိုင်ဆောင်ထားကြပါတယ်။ 

ဆန္ဒပြပွဲမှာ ပြည်သူ ထောင်ပေါင်းများစွာ ပါဝင်ပြီး အဖြစ်အပျက်နှစ်ခုမှာ ရဲ ဖမ်းဆီးမှုအချို့ ရှိခဲ့တယ်လို့ ဝါဆောမြို့တော်ဝန်က ပြောပါတယ်။ 

လက်ရှိ ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းအရ လူငါးယောက်ထက် ပို မစုရတာကြောင့် ဆန္ဒပြပွဲတွေ စီစဉ်တဲ့ အမျိုးသမီး အခွင့်အရေးအုပ်စုတွေဟာ တရားစွဲဆိုခံရဖို့ ရှိနေပါတယ်။ 

ကရာကော၊ ဝိုကလောတို့လို ပိုလန်က မြို့ဒါဇင်များစွာမှာအပြင် ပြည်ပက ဘာစီလိုနာ၊ ဗီယင်နာနဲ့ အခြားမြို့တွေမှာပါ ဆန္ဒပြ လူစုရုံးမှုလေးတွေလည်း ဖြစ်ပွးပေါ်ပေါက်ပါတယ်။ 

ပျက်စီးသန္ဓေသားကို ကိုယ်ဝန်ဖျက်ချခွင့် ပြုတဲ့ တည်ရှိဆဲ ဥပဒေဟာ ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘူးဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ပိုလန်ဖွဲ့စည်းပုံခုရုံးက စီရင်ချက် ချလိုက်ကတည်းက ဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားပေါ်ပေါက်လာတာပါ။ 

ဒီ စီရင်ချက်ကို သတ်မှတ်ပြဋ္ဌာန်းဖို့ တရားရုံးကို တောင်းဆိုခဲ့တဲ့ အာဏာရ PiS ပါတီအပေါ် စိတ်ဆိုးဒေါသထွက်ပြီး ဆန္ဒပြသူတွေ ဦးတည်ဆန္ဒပြကြတာပါ။ 

ကက်သလစ်ဘာသာ ကိုးကွယ်တဲ့ လူဦးရေ ၃၈ သန်း ရှိတဲ့ ပိုလန်နိုင်ငံဟာ ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေမှာ ဥရောပက နိုင်ငံတွေထဲ အတင်းကြပ်ဆုံး တစ်နိုင်ငံလည်း ဖြစ်ပါတယ်။ 

ဖွဲ့စည်းပုံခုံရုံး စီရင်ထုံးအရ မုဒိမ်းပြုကျင့်ခံရခြင်း၊ သွေးသားရင်းချာ မှောက်မှားခြင်းတို့ကြောင့် ရတဲ့ ကိုယ်ဝန်နဲ့ မိခင်တွေ အသက်အန္တရာယ်ရှိတဲ့ ကိုယ်ဝန်တွေကလွဲလို့ ကိုယ်ဝန်ဖျက်ချခွင့်အားလုံးကို တားမြစ်မှာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly