မလေးရှား ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသား ၉၆ဝ ကို ပြန်လည် ပို့ဆောင်မည်

မလေးရှား ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသား ၉၆ဝ ကို ပြန်လည် ပို့ဆောင်မည်
Photo Creadit - Myanmar Embassy in Kuala Lumpur, Malaysia

အောက်တိုဘာ ၃ဝ၊ ၂၀၂၀  

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံနေရသည့် မြန်မာနိုင်ငံသားများထဲမှ ၉၆၀ ဦးကို နိုဝင်ဘာလ ၁ ရက်နှင့် ၅ ရက်တို့တွင် နှစ်သုတ်ခွဲကာ မလေးရှားအစိုးရ၏ ကယ်ဆယ်ရေး လေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။  

မြန်မာနိုင်ငံအစိုးရ အစီအစဉ်ဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေး လေယာဉ်များဖြင့် ခေါ်ယူနေသော်လည်း ယခု ပြန်လည်ပို့ဆောင်မည့် မြန်မာနိုင်ငံသား ၉၆၀ ဦးကို မြန်မာ-မလေးရှား နှစ်နိုင်ငံအစိုး ရအကြား  ညှိနှိုင်း သဘောတူညီချက်အရ မလေးရှားအစိုးရ၏ ကုန်ကျစရိတ်ဖြင့် ပြန်လည် ပို့ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။  

မလေးရှားနိုင်ငံမှ မြန်မာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက “ဒီလို ပို့ဆောင်နေတာကတော့၊ Camp (ထိန်းသိမ်းရေးစခန်း) တွေကနေ ပို့နေတာကတော့ ကြိုကြားကြိုကြား Flight (လေယာဉ်) တွေနဲ့လည်း ညှပ်ထည့် ပေးပါတယ်။ ဒါပေမယ့်လည်း အခုလိုမျိုး အစုလိုက်အပြုံလိုက် ပြန်တာကတော့ ပထမဦးဆုံးအကြိမ်ပဲပေါ့။ အခုကိစ္စကလည်း တစ်ပိုင်းချင်း ညှိနေရတဲ့ပုံစံ ဖြစ်နေတယ်။ ဒီဘက်အစိုးရကို ညှိရတဲ့ အခါတွေမှာလည်း တော်တော် လေး အခက်အခဲ ရှိပါတယ်။ ကျွန်တော်တို့ ကြားသိရသလောက် ဆိုရင်လေ။ အဲဒီတော့ ဒီဘက်အစိုးရပိုင်း ညှိတဲ့အခါမှာလည်း အခက်အခဲတွေရှိသလို တချို့ကလည်း သက်ဆိုင်ရာ အထောက်အထားတွေက လိုအပ်တာတွေ ရှိတယ်။ အဲဒီတော့ ညှိနှိုင်းပြီး တကယ့်ကို ၁၀၀ ရာခိုင်နှုန်း ရှိမှသာလျှင် ပြည်တွင်းကို ပြန်ပို့တာပါ”ဟု ဆိုသည်။  

နိုဝင်ဘာ ၁ ရက်နေ့တွင် လေယာဉ်တစ်စင်းဖြင့် လူ ၂၈၆ ဦးအား စတင်ပို့ဆောင်မည်ဖြစ်ပြီး ကျန်ရှိနေသည့် ၆၇၄ ဦးအား နိုဝင်ဘာ ၅ ရက်နေ့တွင် လေယာဉ် သုံးစင်းဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။  

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက ထိန်းသိမ်းရေး စခန်း (Camp) များအလိုက် ပြန်လည်ပို့ဆောင်ရန် အကြုံးဝင်သည့် မြန်မာနိုင်ငံသား ၉၆၀ ကို မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်ခဲ့ပြီး မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) များ ထုတ်ပေးခြင်း၊ မြန်မာနိုင်ငံအစိုးရထံသို့  ခွင့်ပြုချက်များ ဆက်လက် တင်ပြတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။   

မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်သည့်အခါတွင် ကိုယ်ရေး အချက်အလက်များ၊ မြန်မာနိုင်ငံတွင် ရှိနေသည့် မိဘ၊ ဆွေမျိုးနှင့် မိတ်ဆွေအချို့၏ လိပ်စာ၊ ဖုန်းနံပါတ်များ အပါအဝင် အချက် ကိုးချက်၊ လက်ဗွေရာနှင့် လက်မှတ်တို့အား ဖောင်ဖြည့်ရကြောင်း သိရသည်။  

အဆိုပါ ၉၆ဝ ဦးအား ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မလေးရှားအစိုးရက COVID-19 PCR Test များဖြင့် စနစ်တကျ ကြိုတင်စစ်ဆေးပြီးမှ ပို့ဆောင်မည်ဖြစ်ပြီး ရန်ကုန်လေဆိပ်သို့ ရောက်ရှိသည့်အခါတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ချမှတ်ထားသည့်အတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်။  

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းရေးစခန်း ၁၃ ခု ဖွင့်လှစ်ထားပြီး ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား အများစုမှာ စာရွက်စာတမ်း မပြည့်စုံသဖြင့် ဖမ်းဆီးခြင်းခံရခြင်းဖြစ်သည်။ အချို့မှာ ကလေးမီးဖွားရန် ဆေးရုံတက်ရာ တွင် စာရွက်စာတမ်း မပြည့်စုံသဖြင့်လည်းကောင်း၊ အချို့မှာ ပွဲစားများ၏ ပါမစ်အတု ပြုလုပ်မှုကြောင့် လေဆိပ်၌လည်းကောင်း အဖမ်းခံရသူများလည်း ပါဝင်သည်။   

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းခံနေရသည့် မြန်မာနိုင်ငံသား ၅၀၀၀ ကျော်ရှိသည့်အတွက် ကျန်ရှိနေသူများကို ခေါ်ဆောင်နိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။   

မလေးရှားနိုင်ငံမှ မြန်မာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ကျန်ရှိနေသူများကို ဆက်လက် ခေါ်ဆောင်ပေးရန်အတွက် ယခုကဲ့သို့ ပြောသည်။  

“ဘာလို့ဆို ဒီ camp တွေ၊ ထောင်တွေထဲမှာလည်း နေရေးထိုင်ရေး စားရေးသောက်ရေး ကျန်းမာရေး အဆုံးပေါ့လေ၊ အခက်အခဲတွေ ရှိနေတယ်။ အခက်အခဲ ရှိတဲ့အခါကျတော့ ကိုယ့်မြန်မာနိုင်ငံသားတွေက၊ မှန်ကန်တဲ့ မြန်မာနိုင်ငံသားတွေက ဒီလိုပဲ အသုတ်လိုက် အသုတ်လိုက် ပို့ရမှာပဲ။ မြန်မြန်ဆန်ဆန် ပြန်ရတော့ ဝမ်းသာစရာ ကောင်းတာပေါ့။ အထဲမှာ တစ်ရက်ဆိုလည်း အခက်အခဲတွေ ရှိတာပဲ။ ကျွန်တော့်အနေနဲ့တော့ ဝမ်းသာပါတယ်၊ မြန်မြန်ဆန်ဆန် ပြန်ရတာ။ ကျန်တဲ့သူတွေကိုလည်း မြန်မြန်ဆန်ဆန် ပြန်စေချင်တယ်”ဟု ဦးစန်းဝင်းက ဆိုသည်။  

မလေးရှားရောက် မြန်မာနိုင်ငံသားများ၊ သက်တမ်း ကုန်ဆုံးသွားသည့် အလုပ်သမားများ၊ သင်္ဘောသားများ၊ မြန်မာနိုင်ငံပြန်ရမည့် ပညာတော်သင်များအား မြန်မာအစိုးရ အစီအစဉ်ဖြင့် သတ်မှတ်ရက်များတွင် ကယ်ဆယ်ရေး လေယာဉ်နှင့် ပြန်လည် ခေါ်ဆောင်နေသည်မှာ အောက်တိုဘာ ၂၆ ရက်နေ့အထိ ၂၂ ကြိမ်မြောက် ရှိပြီဖြစ်ပြီး တစ်ကြိမ်လျှင် ပျမ်းမျှအားဖြင့် လူဦးရေ ၁၀၀ ကျော် ပြန်လည် ခေါ်ဆောင်နေခြင်းဖြစ်သည်။  

ကိုဗစ်ကာလအတွင်း မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ရောက်နေသည့်  မြန်မာနိုင်ငံသားများထဲမှ နိုင်ငံကိုမပြန်နိုင်ဘဲ အလုပ်အကိုင် အခက်အခဲနှင့် စားဝတ်နေရေး အကြပ်အတည်းများကြောင့် မိမိကိုယ်ကို အဆုံးစီ ရင်သွားသူမှာလည်း ၁၇ ဦးအထိ ရှိကြောင်း သိရသည်။  

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ သွားရောက် အလုပ်လုပ်ကိုင်နေသည့် တရားဝင် အလုပ်သမားများရော တရားမဝင် အလုပ်သမားများပါ စုစုပေါင်း ဦးရေ ၅ သိန်းနှင့် ၆ သိန်းကြားတွင် ရှိနိုင်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly