ပါတီရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်

ပါတီရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်

အတိုက်အခံပါတီ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီမှ ရွေးကောက်ခံအမတ်များနှင့် နိုဝင်ဘာ ၂၈ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် တွေ့ဆုံမည်ဖြစ်သည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်ချက်တွင် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီး သုံးခုနှင့် ပြည်နယ်တစ်ခုမှ ရွေးကောက်ခံအမတ်များနှင့် တွေ့ဆုံရန်ရှိကြောင်း ဖော်ပြထားသည်။

ယခု တွေ့ဆုံအစည်းအဝေးသည် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရပြီးနောက် NLD က ပထမဆုံးကျင်းပသည့် အထူးအစည်းအဝေးတစ်ရပ်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၀ တွင် လက်ရှိလွှတ်တော်သက်တမ်းကုန်ပြီးနောက် လွှတ်တော်ထဲ မဝင်ရသေးမီ ရွေးကောက်ခံလွှတ်တော်အမတ်များအဖြစ် တာဝန်ထမ်းဆောင်ရမည့် ပါတီဝင်များအတွက် မူဝါဒလုပ်ငန်းစဉ်ကြမ်းအား ချမှတ်ရန် ဖြစ်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း လာမည့်လွှတ်တော်သက်တမ်းအတွက် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ပြန်လည်ရွေးကောက်ခံရပြီးဖြစ်သည်။

လာမည့်လွှတ်တော်သုံးရပ်လုံး အမတ်ဦးရေ စုစုပေါင်း ၁၁၃၉ ဦးတွင် NLD ပါတီက ၇၇ ဒသမ ၃ ရာခိုင်နှုန်းဖြင့် အမတ်နေရာ ၈၈၀ နေရာ အနိုင်ရခဲ့သည်။ ပြည်သူ့လွှတ်တော်တွင် ၇၉ ရာခိုင်နှုန်းဖြင့် အမတ်နေရာ ၂၅၄ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၈၀ ရာခိုင်နှုန်းဖြင့် အမတ် ၁၃၅ ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ၇၅ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ၄၇၄ ဦး အသီးသီး အနိုင်ရခဲ့သည်။

ပြည်သူလွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်တွင် NLD က ၈၀ ရာခိုင်နှုန်းဖြင့် အမတ်နေရာ ၃၈၉ ဦးအနိုင်ရခဲ့ခြင်းဖြစ်ကာ ဖွဲ့စည်းပုံအရ အစိုးရသစ်တစ်ရပ်အား လွတ်လွတ်ကျွတ်ကျွတ် ဖွဲ့နိုင်ပြီဖြစ်သည်။

ဖွဲ့စည်းပုံအရမူ သားနှစ်ဦး နိုင်ငံခြားသားများဖြစ်နေခြင်းအတွက် အနိုင်ရပါတီ ဥက္ကဌဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်ပိုင်ခွင့်မရှိပေ။

အစိုးရသစ်ဖွဲ့စည်းနိုင်၍ သမ္မတင်မြှောက်ခွင့်ရရှိထားပြီဖြစ်သော်လည်း NLD က လက်ရှိအထိ ရွေးချယ်ထားသည့် သမ္မတအား ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

Ref: Xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly