ရွေးကောက်ပွဲမတိုင်မီ စီးပွားရေးလိုလားထောက်ခံသော ပုံရိပ်ကို ပြသနေသည့် မြန်မာအစိုးရ

ရွေးကောက်ပွဲမတိုင်မီ စီးပွားရေးလိုလားထောက်ခံသော ပုံရိပ်ကို ပြသနေသည့် မြန်မာအစိုးရ

အောက်တိုဘာ ၃၀

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတစ်ရပ် မတိုင်မီ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ထားသည့် စီးပွားရေးကို ထောက်ခံအားဖြည့်ရေးအတွက် ယင်း၏ အလေးအနက်ထားမှုကို စတင် ထုတ်ဖော်ပြသထားခဲ့ပြီ ဖြစ်သည်။

နိုင်ငံတွင် စက်တင်ဘာမှ အောက်တိုဘာ လလယ်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်းတစ်ခုအတွင်း နေ့စဉ် ဗိုင်းရပ်စ် ကူးစက်သူသစ်တွေ့ရှိမှုသည် သိသိသာသာ မြင့်တက်ထားခဲ့ပြီး အောက်တိုဘာ ၁၀ ရက်က ကူးစက်သူ ၂,၁၅၈ ဦးအထိ အများဆုံး ရှိခဲ့ပြီး ယင်းနောက်တွင်လည်း နေ့စဉ် ကူးစက်သူတွေ့ရှိမှုက ၁,၀၀၀ ဝန်းကျင်တွင် ဆက်ရှိနေဆဲဖြစ်သည်။ သို့သော် ရန်ကုန် ကွာရန်တင်း အဆောက်အအုံ စင်တာတစ်ခုမှ အမည်မဖော် လိုသူ ဆရာဝန်တစ်ဦး၏အဆိုအရ လူနာအရေအတွက်သည် ကျဆင်းနေပြီး တချိန်တည်းမှာလည်းပဲ သီးခြားခွဲနေမှု ၁၀ ရက်ပြည့်မြောက်သွားသူများလည်း ပြန်ဆင်းခွင့်ရကြပြီဟု ပြောသည်။

မြန်မာအစိုးရသည် နိုင်ငံ စီးပွားရေးကို ပြန်လည် ဖွင့်လှစ်ရန် အလို့ငှာ လှုပ်ရှားဆောင်ရွက်မှုများအပေါ် ပိတ်ပင်ကန့်သတ်ချက်များကို တဖြည်းဖြည်းချင်း လျှော့ပေါ့ပေးနေသည်။ နိုင်ငံ၏ အဓိက လုပ်ငန်းများဖြစ်သည့် အထည်ချုပ်နှင့် ခရီးသွားလုပ်ငန်းတို့တွင် ဆိုးဝါးစွာ ထိခိုက်မှုများ ဖြစ်ပေါ်ထားမှုနှင့်အတူ မြန်မာ၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (ဂျီဒီပီ) သည် ယခုနှစ်တွင် ၀ ဒသမ ၅ ရာခိုင်နှုန်းမျှသာ တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။

စက်တင်ဘာလနောက်ပိုင်းကတည်းက ရန်ကုန်အတွက် ထုတ်ပြန်ထားခဲ့သည့် နေအိမ်တွင်သာ အလုပ်လုပ်ရန် အမိန့်ညွန်ကြားချက်များကို အစိုးရက အောက်တိုဘာ ၁၂ ရက်တွင် ဖြေလျှော့ပေးခဲ့သည်။ ထို့ပြင် တစ်မြို့နယ်မှ တစ်မြို့နယ်သို့  မော်တော်ယာဉ်ဖြင့် ဖြတ်ကျော်သွားလာခွင့်အတွက် အတည်ပြုမှုအဖြစ် QR ကုဒ်တစ်ခု ရှိရန် လိုအပ်မှုကိုလည်း ဖျက်သိမ်းပေးခဲ့သည်။

“ကျွန်မတို့ရဲ့ ပြည်သူတွေဟာ စားဝတ်နေရေးအတွက် အတော့်ကို ရုန်းကန်လှုပ်ရှားကြရပါတယ်၊ ကျွန်မတို့ ဘယ်လောက် လုပ်ပေးနိုင်မလဲ ဆိုတာနဲ့ အကူအညီထောက်ပံ့ဖို့ ကျွန်မတို့ ဘယ်လိုဘယ်ပုံ လိုအပ်မလဲ ဆိုတာကို အစိုးရဘက်က စဉ်းစားကြည့်ရှုဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၉ ရက် ရုပ်သံမိန့်ခွန်းတစ်ခုတွင် ပြောသွားခဲ့သည်။

နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုကို ဖိတ်ခေါ်ရန်နှင့် အလုပ်အကိုင်များ တိုးမြှင့်နိုင်ရန်အတွက် မြန်မာ့ စီးပွားရေးဆိုင်ရာ ပြန်လည်နာလန်ထူမှုနှင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်ဟု ခေါ်သော မူဝါဒများဆိုင်ရာ အစီအစဉ်တစ်ရပ်ကို အစိုးရက မကြာမီ ကြေညာမည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရဝန်ကြီးများအဖွဲ့မှ အကြီးတန်းအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်သည့် ဦးသောင်းထွန်းက ပြောသည်။

၂၀၁၆ ခုနှစ်တွင် စတင်အာဏာရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသည် ကနဦးပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အာရုံစိုက်ခဲ့သည်။ အစိုးရအနေဖြင့် ယင်း၏ ဦးစားပေးကိစ္စများထဲတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ထည့်သွင်းခြင်း မရှိဟု စီးပွားရေး အသိုင်းအဝိုင်းက ရှုမြင်ခဲ့ကြသည်။ သို့သော် ပြီးခဲ့သည့် နှစ်နှစ်တွင် NLD အစိုးရသည် အာမခံဈေးကွက် နှင့် နိုင်ငံခြားဘဏ်လိုင်စင်ချမှုတို့တွင် ဖြေလျှော့ခြင်း ကဲ့သို့သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့်တင်လုပ်ဆောင်လာသည့် လက္ခဏာများကို ပြသခဲ့သည်။ အာဏာရပါတီသည် ယခုအခါ ရွေးကောက်ပွဲ မတိုင်မီ စီးပွားရေးနှင့်ပတ်သက်၍ ယင်း၏ ကြိုးပမ်းအားထုတ်မှုများကို ပြသရန် ကြိုးပမ်းလျက် ရှိသည်။

နိုင်ငံခြား ရင်းနှီးမြုှပ်နှံသူများ၏ စိတ်ဝင်စားမှုက ဖိစီးမှုကို အလိုက်သင့် တွန်းလှန်လွတ်မြောက်နိုင်စွမ်း ဆက်ရှိနေကြောင်း ဦးသောင်းထွန်းက နိုင်ငံပိုင်သတင်းစာတွင် ပြောထားခဲ့သည်။ “နှစ်တွေအတွင်း ပထမဆုံးအကြိမ် အဖြစ် ဘတ်ဂျက်နှစ်တစ်နှစ်တည်းအတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုှပ်နှံမှု (FDI) က ကန်ဒေါ်လာ ၅ ဘီလီယံကို ကျော်လွန်ထားခဲ့တယ်” ဟု ၎င်းက FDI ခွင့်ပြုမှုများကို ရည်ညွန်းရေးသားခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှု ကော်မရှင်သည် ၂၀၂၀ စက်တင်ဘာတွင် ကုန်ဆုံးခဲ့သည့် ဘဏ္ဍာနှစ်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ အတည်ပြုခဲ့ရာ ယင်းက ယခင်နှစ် အလားတူကာလနှင့်ယှဉ်ပါက ၃၃ ရာခိုင်နှုန်း တိုးမြှင့်ခြင်း ဖြစ်သည်။ ယင်းကိန်းဂဏန်းများထဲတွင် ဂျပန်လက်လီလုပ်ငန်း Aeon ၏ ရှော့ပင်းမောသစ်တစ်ခု တည်ဆောက်မည့် ပရောဂျက်နှင့် ဟောင်ကောင် အခြေစိုက် VPower group က ဖော်ဆောင် သည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်မည့် အစီအစဉ်များ ပါဝင်သည်။

စီးပွားရေးနှင့်ပတ်သက်၍ အစိုးရ၏ စီမံခန့်ခွဲနိုင်စွမ်းအပေါ် ပြည်တွင်း ၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များက ဝေဖန်ထားခဲ့ကြသည်။ အစိုးရသည် ပြီးခဲ့သည့် လအနည်းငယ်အတွင်း အငြင်းပွားဖွယ်ရာ မူဝါဒများနှင့် ဆိုးဝါး သည့် ဆုံးဖြတ်ချက်များကို ဖြန့်ခင်းချမှတ်ခဲ့သည်။

များမကြာမီက ဖြစ်ခဲ့သည့် ဥပမာတစ်ခုဆိုလျင် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အစိုးရအရာရှိကြီးများကို ကားတင်သွင်းခွင့် အထူးပါမစ်များ ထုတ်ပေးမည့် စီးပွားကူးသန်းဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ လုပ်ငန်းနယ်ပယ်အတွင်း လူအများ၏ တုံ့ပြန်မှုတစ်ခု ပေါ်ပေါက်နေခဲ့စဉ် ထိုအဆိုပြုချက်တစ်ရပ်ကို ရပ်ဆိုင်းထားခဲ့သည်။

တစ်နှစ်တာ ကားသစ် ရောင်းချရမှု စီးရေ ၃၀,၀၀၀ ခန့်သာ ရှိနေသည့် နိုင်ငံတစ်နိုင်ငံတွင် ခန့်မှန်းခြေ ပါမစ် ၁၁,၀၀၀ ထုတ်ပေးလိမ့်မည်ဖြစ်ကြောင်း ဥရောပကုန်သည်ကြီးများအသင်း မော်တော်ကားအကျိုးဆောင်အဖွဲ့ကို ဦးဆောင်နေသည့် အိုတွိုင်နီ ဂျင်းဆန်က အောက်တိုဘာ ၉ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။ “စီးပွားရေးလုပ်ငန်းတွေကို ထောက်ကူပံ့ပိုးပေးသင့်တဲ့အချိန်တစ်ခုမှာ ဒီလိုမျိုး ပွင့်လင်းမြင်သာမှု ကင်းမဲ့တဲ့ ဒီအခြေအနေက စီးပွားရေးလုပ်ငန်းတွေကို အလွန်အမင်း ထိခိုက်နစ်နာစေပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ပြည်ပအစိုးရများနှင့် စီးပွားရေးအသင်းအဖွဲ့များ၏ ဆန့်ကျင်မှုများရှိနေသော်ငြား စွမ်းအင်ဝန်ကြီးဌာနသည် အငြင်းပွားဖွယ်ရာ ဆိုလာ စက်ရုံတင်ဒါတစ်ခုကို အလွန်အမင်း တိုတောင်းသည့် ဈေးပြိုင်တင်သွင်းမှု ကာလတစ်ခု နှင့်အတူ ပြီးမြောက်စေခဲ့ရာတွင် ကုမ္ပဏီအများအပြားကို ဖယ်ထုတ်သလို ဖြစ်စေခဲ့သည်။ တင်ဒါများကို မေလတွင် ထုတ်ပေးခဲ့ရာ ပရောဂျက် အများစုကို တရုတ်ကုမ္ပဏီများအပါအဝင် ဈေးပြိုင်တင်သွင်းသူများ လွှမ်းမိုးသိမ်း ကျုံးယူခဲ့သည်။

ရွေးကောက်ပွဲ မဲဆွယ်ကမ်ပိန်းကာလ မစခင် အချိန်ကာလတွင်လည်း ရန်ကုန်နှင့် ဘန်ကောက်ကို ဆက်သွယ်သည့် မဟာဗျူဟာကျ ပို့ဆောင်ရေးလမ်းကြောင်းပေါ်ရှိ မွန်ပြည်နယ်တွင် ရေနက်ဆိပ်ကမ်းတစ်ခုနှင့်အတူ အထူးစီးပွားရေးဇုန် (SEZ) အသစ်တစ်ခု ထူထောင်ရန် အစီအစဉ်တစ်ခုကို အစိုးရက ဇူလိုင်လတွင် ကြေညာခဲ့သည်။

“ဒီ ကြေညာချက်နဲ့အတူ အစိုးရအနေနဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုှပ်နှံမှုကို ဖိတ်ခေါ်လိုတဲ့ ဆန္ဒနဲ့ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု ရည်မှန်းချက်တွေနဲ့ပတ်သက်လို့ ယင်းရဲ့ အလေးအနက်ထားမှုတို့ကို ပြသနေပါတယ်” လို့ ရန်ကုန်အခြေစိုက် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲနေသည့် ဂျပန်နိုင်ငံသားတစ်ဦးဖြစ်သည့် တိုမိုအကီ ယာဘေးက ပြောသည်။

“ ထူထောင်ပြီးပြီဆိုရင်တော့ ဒီ SEZ အသစ်ဟာ ယင်းရဲ့ အများနဲ့ယှဉ်ပြိုင်နိုင်မှုရှိတဲ့ အလုပ်သမားစရိတ်စကပိုင်းအပေါ် ကောင်းကောင်း အခွင့်ကောင်းယူရင်းနဲ့ ပို့ကုန်စီးပွားရေးလုပ်ငန်းကို ဆွဲဆောင်နိုင်မယ့် နေရာမှာ ကောင်းကောင်း ရှိပါလိမ့်မယ်” ဟု ယာဘေးက ပြောသည်။ “ဒါပေမယ့် အစိုးရအနေနဲ့ ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို အရှိန်မြန်မြန်နဲ့ လုပ်ဖို့ လိုပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required