တနင်္သာရီ၊ အရှေ့မော်တုန်း ကျေးရွာတွင် ကြိုတင်မဲပုံးနှင့် မဲစာအိတ်များ ကြွက်ကိုက်ခံရ

တနင်္သာရီ၊ အရှေ့မော်တုန်း ကျေးရွာတွင် ကြိုတင်မဲပုံးနှင့် မဲစာအိတ်များ ကြွက်ကိုက်ခံရ

အောက်တိုဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်း ကျေးရွာအုပ်စု၊ အရှေ့မော်တုန်းကျေးရွာတွင် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကြိုတင်မဲပုံးများကို စစ်ဆေးရာ မဲပုံးတစ်ပုံးကို ကြွက်ကိုက်ဖောက်ထားပြီး မဲပုံးအတွင်း ကြွက်နှစ်ကောင်လည်း တွေ့ရှိကြောင်း ယင်းမဲရုံ ကျေးရွာကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။  

ယမန်နေ့က ကြိုတင်မဲများ ထည့်ထားပြီးဖြစ်သည့် ကြိုတင်မဲပုံးတစ်ပုံးတွင် ချိတ်ပိတ်ကြိုးနှစ်ချောင်းကို ကြွက်ကိုက်ဖြတ်ထားပြီး မဲထည့်ပေါက်ကိုလည်း ကိုက်ဖောက်ထားသည့်အပြင် အတွင်းရှိ ဆန္ဒမဲထည့်ထားသည့် စာ အိတ်တချို့ကိုလည်း ကြွက်ကိုက်ထားကြောင်း ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ပြောသည်။ 

အရှေ့မော်တုန်းကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံတင်က “မနေ့က ထည့်ထားတဲ့ မဲပုံးတွေအထဲက ကျွန်တော်တို့ ဒီကနေ့ ဒုတိယနေ့မှာ မဲထည့်ဖို့ မဲပုံးတွေကို ပြန်စစ်ဆေးချိန်မှာ မဲပုံးတစ်လုံးမှာ ကြွက်ကိုက်ရာတွေ တွေ့လို့ စစ်ဆေးတဲ့အခါမှာ အထဲမှာ ကြွက်စုတ်လေး နှစ်ကောင်တွေ့တယ်” ဟု ပြောသည်။  

ကြိုတင်မဲပုံးအတွင်း ဆန္ဒမဲစာအိတ် လေးလုံး ကြွက်ကိုက်ခံထားရကြောင်းလည်း သိရသည်။ 

တနင်္သာရီမြို့နယ် ကော်မရှင်ကလည်း ကြိုတင်မဲပုံး ကြွက်ကိုက်ခံမှုကို လာရောက်စစ်ဆေးခဲ့ပြီး လတ်တလော ပယ်မဲ သို့မဟုတ် ခိုင်လုံမဲအဖြစ် သတ်မှတ်ခြင်း မပြုသေးကြောင်း၊ မဲဆန္ဒရှင်အားလုံး မဲပေးမည့် နိုဝင်ဘာလ ၈ ရက်နေ့ ညပိုင်း မဲစာရင်း စစ်ဆေးချိန်မှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ပြောသည်။ 

အရှေ့မော်တုန်း ကျေးရွာတွင် ကြိုတင်မဲ ပေးမည့် အသက် ၆၀ နှစ် အထက် မဲဆန္ဒရှင် ဦးရေမှာ ၂၅၅ ဦးရှိပြီး ကျေးရွာမှာ အိမ်ခြေပေါင်း ၁၀၀၀ ခန့်ရှိသည်။  

တနင်္သာရီမြို့နယ်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ (UBP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) တို့ ဝင်ရောက်ယှဉ်သွားမည် ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့သည့် နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီကိုမူ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required