မအူပင်အကျဉ်းထောင်တွင် COVID-19 ကူးစက်ခံရသူ ၁၀၆ ဦးအထိ ရှိလာ

အောက်တိုဘာ ၂၉၊ ၂၀၂၀  

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ၊ မအူပင်အကျဉ်းထောင်တွင် အောက်တိုဘာ ၂၈ ရက်နေ့အထိ COVID-19 ကူးစက်ခံရသူ အကျဉ်းသား၊ ထောင်ဝန်ထမ်းနှင့် ဆက်စပ် ဝန်ထမ်းမိသားစုဝင် ၁၀၆ ဦး ရှိလာကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ တိုင်းဦးစီးမှူး ဒေါက်တာ သီဟအောင်က မဇ္စျိမသို့ ပြောသည်။  

မအူပင် အကျဉ်းထောင်မှ ပထမဆုံး COVID-19 ရောဂါပိုး တွေ့ရှိသည့်လူနာမှာ အောက်တိုဘာ ၂၃ ရက်နေ့ညက အသက်ရှူကြပ်သည့်အတွက် မအူပင်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ရပြီး အောက်တိုဘာ ၂၅ ရက်နေ့တွင် ၎င်းအား ကိုဗစ်ရောဂါ အမြန် စမ်းသပ်နိုင်သည့် Antigen Test Kit ဖြင့် စစ်ဆေးလိုက်သည့်အခါ COVID-19 ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။  

ထို့နောက် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ထိုပိုးတွေ့လူနာ အကျဉ်းသား နေထိုင်ခဲ့သည့် အဆောင်ရှိ အခြား အကျဉ်းသားများ၊ အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ အသစ်ရောက်လာသည့် အကျဉ်းသားများ၊ လွတ်ရက်စေ့သည့်သူများ၊ ထောင်ဝန်ထမ်းအချို့နှင့် ထောင်ဝန်ထမ်း မိသားစုဝင်အချို့၊ စုစုပေါင်း ၂၅၈ ဦးအား စစ်ဆေးသည့်အခါတွင် ၁၀၅ ဦး၌ COVID-19 ပိုး ထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်သည်။  

မအူပင် အကျဉ်းထောင်မှ ပထမဆုံး COVID-19 ရောဂါပိုး စတင်တွေ့ရှိသည့်လူနာသည် မည်ကဲ့သို့ ကူးစက်ခံရသည်ကို စစ်ဆေးလေ့လာနေဆဲ ဖြစ်ကြောင်း သိရသည်။  

“ဒါကတော့ လောလောဆယ်တော့ ပြောရခက်ပါတယ်။ ထောင်ထဲမှာက အခုလို အစုလိုက်အပြုံလိုက် တွေ့တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒါကတော့ ကျွန်တော်တို့ နည်းပညာအတိုင်း ပြောရမယ် ဆိုရင်တော့ ပထမဆုံး ပိုးတွေ့တာကို ကျွန်တော်တို့က in-depth case လို့ ခေါ်တာပေါ့။ သူ့ကို စသိတာပေါ့။ ဒါပေမယ့် သူ့ကို စတွေ့တာပဲ ကျွန်တော်တို့က သိတာ။ သူကနေ စဖြစ်တယ်၊ မဖြစ်ဘူး ပြောလို့ခက်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒု တိုင်းဦးစီးမှူး ဒေါက်တာ သီဟအောင်က ပြောသည်။  

လက်ရှိတွင် ပိုးတွေ့ရှိသည့် အကျဉ်းထောင် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ထောင်လွတ်ရက်စေ့သူ စုစုပေါင်း ၁၄ ဦးကို မအူပင် နည်းပညာကျောင်း၌ ဖွင့်ထားသည့် ယာယီဆေးရုံတွင် ဆေးကုသမှု ပေးလျက် ရှိကြောင်း သိရသည်။  

ထို့အတူ ကျန်သည့် အကျဉ်းထောင်မှ ပိုးတွေ့လူနာ ၉၂ ဦးအား မအူပင်အကျဉ်းထောင်ရှိ သီးခြားအဆောင်တွင် သီးသန့်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။  

ထောင်များတွင် COVID-19 ကူးစက်ပျံ့နှံ့မှု မဖြစ်စေရန်အတွက် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ အကျဉ်းထောင်များတွင် Test Kit ဖြင့် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။  

Photo Creadit - မအူပင်သတင်းပုံရိပ်

“တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ကျန်တဲ့ အကျဉ်းထောင်တွေ အားလုံးမှာ ဝင်ရောက်လာတဲ့ အကျဉ်းသားအသစ်တွေကို စစ်ဆေးဖို့ အစီအစဉ် ရှိပါတယ်။ အဲ့လိုပဲ လွတ်ရက်စေ့လို့ ပြန်ပြီးလွတ်မယ့် အကျဉ်းသားတွေကိုလည်း စစ်ဆေးဖို့ ရှိပါတယ်။ ဒါကတော့ နောက်ပိုင်းကျရင် ပုံမှန် စစ်ဆေးသွားမယ့် အပိုင်းဖြစ်ပါတယ်။ အဲ့လို စစ်ဆေးဖို့အတွက် လိုအပ်တဲ့ Test Kit တွေကိုလည်း ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာနက ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ အခုလောလောဆယ် ထောင်တွေ အားလုံးအတွက်ကို Test Kit ပေါင်း ၂၀၀၀ ကျော် လျာထားပါတယ်။ အဲ့အတွက်ကိုလည်း ပထမပိုင်းမှာတော့ ကျွန်တော်တို့ ကျန်းမာရေး ဝန်ထမ်းတွေကနေ စစ်ဆေးပေး မှာဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ ဒီ ထောင်ထဲမှာရှိတဲ့ ကျန်းမာရေးတာဝန်ခံတွေကို သင်တန်းပေးပြီးတော့ စစ်ဆေးမှာဖြစ်တယ် ဆိုတာလေး ပြောကြားလိုပါတယ်” ဟု ဒု တိုင်းဦးစီးမှူး ဒေါက်တာ သီဟအောင်က ဆိုသည်။  

အလားတူ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ အကျဉ်းထောင်ထဲတွင်လည်း အောက်တိုဘာ ၁၈ ရက်နေ့က အကျဉ်းသား ၁၆ ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့သည့်အတွက် ကျန် အကျဉ်းသားများအား အောက်တိုဘာ ၂၂ ရက်တွင် ကိုဗစ်ရောဂါ ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ခဲ့ရာတွင် အကျဉ်းထောင်ဝန်ထမ်း နှစ်ဦးနှင့် အကျဉ်းသား ၁၅၈ ဦးတွင်လည်း ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့သည်။  

အကျဉ်းထောင်များတွင် လူဦးရေများပြားသည့်အတွက် ယခုကဲ့သို့ လူရာနှင့်ချီ COVID-19 ကူးစက်ခံရခြင်း ဖြစ်သောကြောင့် လူဦးရေ လျှော့ချရန် လိုအပ်ကြောင်းနှင့် အကျဉ်းထောင်များ အနေဖြင့်လည်း ထောင်ထဲတွင် ဖြစ်ပျက်နေသည့် အခြေအနေကို အများသိရှိစေရန် ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B) မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။  

“လူဦးရေ လျှော့ချဖို့ ဆိုတဲ့နေရာမှာ ပြစ်မှုသေးတွေပေါ့။ ပြစ်မှုသေးတွေက တခြားပုံစံမျိုးနဲ့ စဉ်းစားသင့်တယ်။ သူတို့ကို ပြစ်ဒဏ်ချတာမျိုး မဟုတ်ဘူးပေါ့။ ဥပမာ mask (နှာခေါင်းစည်း) မတပ်တာမျိုးနဲ့ ထောင်ထဲကို ထည့်  တယ်ဆိုတဲ့ ကိစ္စမျိုးလေးတွေပါ။ မလိုအပ်ဘဲနဲ့ အကျဉ်းသားဦးရေ ပိုပြီးတော့ များစေတယ်။ နောက်တစ်ခုက မူးယစ်ဆေးဝါး သုံးစွဲနေတဲ့သူတွေ။ ထောင်ထဲမှာရှိနေတဲ့ အကျဉ်းသား ၅၀ ရာခိုင်နှုန်းလောက်က မူးယစ်ဆေး ဝါးသုံးစွဲတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ အဖမ်းခံထားရတာမျိုး ဖြစ်နေတယ်။ သူတို့တွေကို လျှော့ချပေးဖို့ လိုတယ်။ နောက်တစ်ခုက အသက်ကြီးတဲ့သူတွေနဲ့ တကယ်ကျန်းမာရေး မကောင်းတဲ့သူတွေကို အကျဉ်းထောင်ထဲကနေ လွှတ်ပေးလိုက်မယ်ဆိုရင် ဒါက အကျဉ်းထောင်ထဲမှာ ကိုဗစ်ကာကွယ်ရေးအတွက် တစ်စုံတစ်ရာ လိုအပ်တဲ့ Social diatancing (ခပ်ခွာခွာ) လုပ်လို့ရနိုင်တာပေါ့နော်။ ဆိုတဲ့အခါကျတော့ ဒီအခြေအနေမျိုးဖြစ်အောင် ဖန်တီးပေးဖို့ လိုအပ်ပါတယ်” ဟု ဦးဘိုကြည်က ဆိုသည်။

အောက်တိုဘာ ၂၈ ရက် ညပိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ စုစုပေါင်း ၄၉၀၇၂ ဦးအထိရှိပြီး သေဆုံးသူ ၁၁၇၂ ဦးနှင့် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၂၈၆၃၆ ဦး အထိ ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly