ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေး ဆွဲနိုင်ဖို့ ဘယ်လိုဆက်သွားကြမလဲ

By ကောင်းမြတ်နိုင်
29 October 2020
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေး ဆွဲနိုင်ဖို့ ဘယ်လိုဆက်သွားကြမလဲ

အောက်တိုဘာ ၂၉ ၊ ၂၀၂၀

ငြိမ်းချမ်းရေးညီလာခံ

အရောင်အသွေးစုံလင်တဲ့ ရိုးရာဝတ်စုံတွေနဲ့လူတွေ ခန်းမကျယ်ကြီးတစ်ခုထဲမှာ တစ်ခုံခြားစီ ခပ်ဝေးဝေးထိုင်နေကြပါတယ်။အဲဒီခန်းမကျယ်ကြီးထဲသို့ အမျိုးသမီးကြီးတစ်ဦးဝင်လာချိန်မှာတော့ ခန်းမထဲမှာ ထိုင်နေသူအား လုံးထရပ်လိုက်ကြပါတယ်။

ဒီမြင်ကွင်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်၅ နှစ်တာကာလမှာ နောက်ဆုံးပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးဖွင့်ပွဲအခမ်းအနားပဲဖြစ်ပါတယ်။

အဲဒီခန်းမထဲသို့ ဝင်လာသူကတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး အဲဒီနေ့ကတော့ သြဂုတ်လ ၁၉  ရက်နေ့ညီလာခံဖွင့်ပွဲအခမ်းအနားပဲဖြစ်ပါတယ်။

ထိုဖွင့်ပွဲမှာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
၂၀၂၀ အလွန် ရှေ့ဆက်သွားမည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဆိုင်ရာ အခြေခံမူများနှင့် ပတ်သက်ပြီးအဖွင့် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

"အခု ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုချိန်မှာတော့ အခြေခံမူ (၅)ချက် ထဲက အရေးကြီးတဲ့ ပြည်နယ်တွေရဲ့   ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲခွင့်၊   တစ်နည်းအားဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်  အာမခံချက်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းအထိ အပြင်းအထန်    ဆွေးနွေးခဲ့ပေမယ့် သဘောတူစာချုပ်မှာ မပါဝင်နိုင်ခဲ့ဘဲ ဆက်လက်ဆွေးနွေးရန်ဆိုတဲ့ အချက်အနေနဲ့ ကျန်ခဲ့ပါတယ်။'' လို့ သူမက ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)  အစိုးရလက်ထက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၁ ရာစု ပင်လုံအမည်နဲ့ အစည်းအဝေး လေးကြိမ်ကျင်းပနိုင်ခဲ့ပါတယ်။

ပထမအစည်းအဝေးကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာ လ ၄ ရက်နေ့ထိ၊ဒုတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့ထိ၊တတိယအစည်းအဝေးကို ၂၀၁ဂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့ထိ၊စတုတ္ထအစည်းဝေးကိုတော့ ၂၀၂၀ သြဂုတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပထမအစည်းအဝေးတုန်းကတော့ အစိုးရ၊တပ်မတော် ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊နိုင်ငံရေးပါတီစတဲ့ အစုအဖွဲ့တွေက သူတို့ရဲ့မူဝါဒသဘောထားစာတမ်း ၇၂ စောင်ကို တင်သွင်းဖတ်ကြားခဲ့ကြပါတယ်။ ဒါပေမယ့်ဘာသဘောတူစာချုပ်စာတမ်းမှ မချုပ်ဆိုနိုင်ခဲ့ပါဘူး။

ပြည်ထောင်စုသဘောတူစာချုပ်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာတော့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပြည်ထောင်စု သဘောတူညီချက်ဟာ အနာဂတ် နိုင်ငံတော်ကိုသွားမယ့် အခြေခံမူ ဖြစ်ပါတယ်။

အဲဒီအစိတ်အပိုင်း(၁)မှာ မူဝါဒသဘော တူညီချက်တွေအဖြစ် (က) နိုင်ငံရေးကဏ္ဍ ( ၁၂)ချက်၊(ခ)စီးပွားရေးကဏ္ဍ

  • (၁၁)ချက်၊လူမှုရေးကဏ္ဍ(၄)ချက်၊(ဃ) မြေယာနှင့်သဘာဝပတ်ဝန်ကျင်းကဏ္ဍ
  • (၁၀)ချက်တို့ဖြစ်ပါတယ်။

ထိုနိုင်ငံရေးကဏ္ဍ မူဝါဒသဘောတူညီချက်ထဲမှာ ၄-(ဃ)အဖြစ် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မ သုံး  ဖြာဖြစ်သည့် ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာ သုံးရပ်ကို ပြည်ထောင်စု ၊တိုင်းဒေသကြီး/ ပြည်နယ်များနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများသို့ ခွဲဝေအပ်နှင်းရမည်။ပြည်ထောင်စုတိုင်းဒေသကြီး/ ပြည်နယ်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသများအကြား ဥပဒေပြု ရေးဆိုင်ရာအာဏာများနှင့် ပူးတွဲအာဏာများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက ခွဲဝေအပ်နှင်းပေးရမည်။'' လို့ ဖော်ပြပါရှိပါတယ်။

တတိယအစည်းဝေးမှာတော့ ပြည်ထော င် စုသဘောတူစာချုပ် အစိတ်အ ပိုင်း (၂)အဖြစ် နိုင်ငံရေးကဏ္ဍမှာ လေး ချက်၊စီးပွားရေးကဏ္ဍမှာ တစ်ချက်၊လူမှုရေးကဏ္ဍမှာ ခုနှစ်ချက်နှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍမှာ နှစ် ချက်၊ စုစုပေါင်းအခြေခံမူ ၁၄ ချက်ကို သဘောတူလက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ကြပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၃) မှာ တိုင်းရင်းသားခေါင်းဆောင်တွေတောင်းဆိုနေတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကျန်ခဲ့တာနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က "ဒီလိုကျန်ခဲ့ရခြင်းအကြောင်း ရင်းကလည်း “ပြည်နယ်အခြေခံဥပဒေ”နဲ့ “ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ” စကားရပ်၊အခေါ်အဝေါ် ညှိယူလို့မရတဲ့အတွက်လို့  ဆိုနိုင်ပေမယ့်လည်း  ဝေါဟာရတွေပေါ်မှာ  အနက်အဓိပ္ပာယ် ကောက်ယူဖွင့်ဆိုမှုတွေရဲ့ အကျိုးဆက်လို့ ဆိုနိုင်ပါတယ်။ဒါဟာ တကယ်တော့  နှစ်ဖက်စလုံးမှာရှိနေတဲ့  စိုးရိမ်မှုတွေပါပဲ။ဒီစိုးရိမ်မှုတွေကို ထပ်ပြီးစိစစ်သုံးသပ်ကြည့်လိုက်ရင် သံသယတွေနဲ့   ကြည့်မြင်နေကြလို့၊အပြန်အလှန် ယုံကြည်မှုအားနည်း လို့ဆိုတာကို အတိုင်းသား မြင်နိုင်ပါတယ်။'' လို့ ဖွင့်ပွဲမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။

စတုတ္ထအစည်းအဝေးမှာ သဘောတူချုပ်ဆိုခဲ့ကြတဲ့ ပြည်ထောင်စုသဘော

တူစာချုပ် အစိတ်အပိုင်း (၃) ၏ နော က် ဆက်တွဲ (ဂ) အပိုဒ် ၅ မှာ နိုင်ငံသားတိုင်းအတွက် မူလအခွင့်အရေးများ

(Fundamental Rights) နှင့်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲပြဌာန်းရမည်။ နိုင်ငံသားတိုင်းသည် ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရှိရမည်ဖြစ်ပြီး ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ဆိုင်ခွင့်ရှိရမည်။ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊စာပေ၊ဘာသာစကား၊ကိုးကွယ် ယုံကြည်မှုနှင့်ဓလေ့ ထုံးတမ်းစသည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဥပဒေပြဌာန်း ပေးရမည်။'' လို့ ဖော်ပြပါရှိပါတယ်။

အဲဒီစတုတ္ထအစည်းအဝေးမှာ တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင် သဘော တူညီချက် (၁၅) ချက်၊  ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုတွေနဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက် ငါး ချက်တို့ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

စတုတ္ထအစည်းအဝေး သုံးရက်တာအတွင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုတွေနဲ့ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက် ငါးချက်ကိုပါ ဆွေးနွေးခဲ့ပါတယ်။

တိုင်းရင်းသားတွေရဲ့သဘောထား

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ နိုင်ငံရေးပါတီတွေကလည်း ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝပါတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်ရဖို့ ကြိုးစားမျှော်လင့်နေကြပါတယ်။

"ကျွန်တော်တို့မြင်တာကတော့ အခုတစ်ဆို့နေတာက နည်းနည်းပေါ့ဗျာ။ပြည်နယ်ဖွဲ့စည်းပုံနဲ့ပြည်နယ် အခြေခံဥပဒေပေါ့ဗျာ။ဘာမှကွာခြားတာတော့မဟုတ်ဘူး။ဒါပေမယ့် ဖွဲ့စည်းပုံဆိုတာ
ကတော့ ကျွန်တော်တို့ ဘာကြောင့်ထည့်ရသလဲဆိုတော့ ပြည်နယ်တစ်ခုနဲ့တစ်ခု ဖွဲ့စည်းမှုဟာ မတူဘူး။တချို့ပြည်နယ်တွေမှာနော်။ဥပမာ-ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ၊နယ်မြေတွေစသည်ဖြင့် အမျိုးသားဒေသတွေ၊ တချို့ပြည်နယ်မှာ အဲသလိုလူမျိုးကွဲပြားမှုသိပ်မရှိဘူးဗျာ။အဲတော့ ဖွဲ့စည်းပုံကလည်းမတူဘူလေ။ ဖွဲ့စည်းပုံထည့်ခြင်းအားဖြင့် ဘာမှတော့ အဓိပ္ပာယ်ပိုသွားတာမရှိပါဘူး။လက်ရှိမှာတော့ တပ်မတော်နဲ့အစိုးရဖက်ကတော့ ဖွဲ့စည်းပုံကို မထည့်စေချင်ဘူး။တိုင်းရင်းသားတွေဖက်ကတော့ ထည့်ရမယ်။ဘာကြောင့်လဲဆိုတော့ ပြည်နယ်တစ်ခုနဲ့တစ်ခုဖွဲ့စည်းပုံမတူဘူးနော်။ ကိုယ့်အခြေအနေနဲ့ကိုယ်ဖွဲ့စည်းရတာမို့လို့။ ဒါကြောင့် ဖွဲ့စည်းပုံထည့်ဖို့ သင့်တယ်လို့မြင်တယ်။'' လို့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာက ရှင်းပြပါတယ်။

" ပြည်ထောင်စုနှင့်တိုင်းဒေသကြီး/ ပြည်နယ်များအကြားတွင်သော်လည်း ကောင်း၊တိုင်းဒေသကြီး/ ပြည်နယ်အချင်းချင်းအကြားတွင်သော်လည်း ကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရန် အတွက် သီးခြားလွတ်လပ်သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကို ထူထောင်ထားရှိရမည်။'' လို့ ပြည်ထောင်စုသဘောတူစာချုပ် အပိုဒ် (၄) မှာ ဖော်ပြထားပါတယ် ။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖက်ကတော့ ပြည်နယ်တွေရဲ့ဖွဲ့စည်းပုံ

အခြေခံဥပဒေဟာ နိုင်ငံရေးလိုအပ် ချက်ဆိုတာထက် ပကတိလိုအပ်မှုသာဖြစ်တယ်လို့ ဆိုပါတယ်။

"ကျနော် နားလည်ရသလောက် တချက်ကတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ အချုပ်အခြာအာဏာ အတိုင်းအတာတခု၊ဒါကြောင့်မို့လို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက ကျနော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့လည်း ဆိုင်တယ်။ ပြည်ထောင်စု တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စ သူ့ရဲ့ အချုပ်အခြာ အာဏာပဲပြောပြော၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပဲပြောပြော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရှိရမယ်” လို့ ကရင်အမျိုးသားအစည်း အရုံး( ကေအန်ယူ)ရဲ့ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး နောက်ဆုံးနေ့မှာတော့ ပြည်နယ်တွေရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခွင့်မပါ ဝင်တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို လက်မှတ်ရေးထိုးခဲ့ကကြပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုခေါင်းဆောင် စောမြရာဇာလင်းက ''ကျမတို့က ဒီတစ်ခေါက်တော့ ပြည်နယ်ဖွဲ့စည်းပုံရမယ်လို့ မျှော်မှန်းခဲ့တာ။ ပြည်နယ်ဖွဲ့စည်းပုံရမယ်ဆိုရင် ကျမတို့ မျှော်မှန်းတာတွေ ၅၀ ရာခိုင် နှုန်း ရောက်တယ်လို့ ပြောလို့ရတာပေါ့။ ဒါပေမဲ့ အခုက တစ်ဆို့မှုတွေ များသွားတယ်။” လို့ ဆိုပါတယ်။

စကားလုံးအသုံးအနှုန်းညှိနှိုင်းမှုအဆင်မပြေတာတွေကြောင့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) မှာ ထည့်သွင်းမချုပ်ဆိုနိုင်ခဲ့ပေမယ့် ဆက်လက်ဆွေးနွေးဖို့တော့ သဘောတူခဲ့ကြတယ်လို့လည်း သိရပါတယ်။

"EAO အဖွဲ့တော်တော်များများကတော့ ပြည်နယ်ဖွဲ့စည်းပုံဆိုတာမျိုးကို ရချင်ကြတယ် ကျမကိုယ်တိုင်ကလည်း ရချင်တယ်။ နိုင်ငံတော်မှာကျလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေလို့ ဖြစ်နေပါတယ် EAOအဖွဲ့တွေကတော့ “ဖွဲ့စည်းပုံ ”ရအောင်လို့ဆိုတဲ့ စကားလုံးကိုရအောင်လို့ ကျမတို့ ကြိုးပမ်းခဲ့တယ် ဒါပေမဲ့ မရခဲ့ဘူး။မရခဲ့ဘူးဆိုတော့ ဆက်ဆွေးနွေးသွားရဖို့ ဖြစ်သွားတယ်” လို့ သူမက ရှင်းပြပါတယ်။

အစိုးရနဲ့တပ်မတော်သဘောထား

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကို ပြီးခဲ့တဲ့ညီလာခံမှာ ထည့်သွင်းချုပ်ဆိုဖို့ သဘောတူညီမှု မရခဲ့တာဟာအချင်းချင်းကြားယုံကြည်မှုတည်ဆောက်ဖို့ အများကြီးလိုသေးတယ်ဆိုတာပြတယ်လို့လည်း ဆိုပါတယ်။

အစိုးရအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ''အစိုးရ၊ လွတ်တော်၊ တပ်မတော်ဘက်က အဆိုပြုချက်ကတော့ ပြည်နယ်မှာ အခြေခံဥပဒေလို့ သုံးနှုန်းဖို့ကိစ္စပေါ့။အဲ့ဒီကိစ္စက နှစ်ဖက်ကြားမှာသဘောတူညီချက်မရဘူး။ တကယ့်ဖက်ဒရယ်ဆိုပြီး စံပြုထားတဲ့နိုင်ငံတွေမှာလည်း အခေါ်အဝေါ်တွေက အပေါ်နဲ့အောက်မတူဘူး။ ဥပမာ ဆွတ်ဇာလန်မှာဆိုရင် Article of confederation ဆိုပြီးပြည်ထောင်စုမှာခေါ်တယ်။ပြည်နယ် တွေမှာဆိုရင် State law ဆိုပြီးခေါ်တယ်။ ဂျာမဏီမှာလည်း ပြည်နယ်တွေမှာ State law ဆိုပြီးပြည်နယ်တွေမှာခေါ်တယ်။'' လို့ ရှင်းပြပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အခန်း(၁)က မှာ '' ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓါတ်နှင့်အညီ ဒီမိုကရေစီ ၊အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော၊ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလာဒ်များနှင့် အညီ တည်ဆောက်သွားရန်၊'' လို့ ရေးသားထားပါတယ်။

"အဲ့ဒါကလည်း နှစ်ဖက်ယုံကြည်မှုပြဿ နာဖြစ်နေတယ်။ ယုံကြည်မှု ဒီထက်ပိုပြီးခိုင်မာကောင်းမွန်လာတယ်ဆိုရင် သွားရမယ့် သဘောတရား အနှစ်သာရကတော့အတူတူပဲ။ သို့သော် ဒီလိုမျိုး ဝေါဟာရပေါ်မှာပဲ အငြင်းပွား မှုတွေဖြစ်နေတာကယုံကြည်မှု အများကြီးလိုသေးတယ်ဆိုတာပြတယ်။ ခေါင်းဆောင် အချင်းချင်းကြားမှာကော ကျွန်တော်တို့ ဖြစ်စဉ်ကို အကောင်အထည်ဖော်တဲ့အခါမှာရော ဒီအပေါ်မှာ ကျွန်တော်တို့ ယုံကြည်မှုတည် ဆောက်ဖို့ လိုအပ်နေသေးတယ်။'' လို့ ဦးဇော်ဌေး က ဆက်ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူများ အပိုဒ် (၄၇) မှာ ''ဤအခန်းပါ အခြေခံမူများနှင့်အခန်း(၈)၊နိုင်ငံသား ၊နိုင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်များ အခန်းတွင်ပါရှိသော '' နိုင်ငံတော်''ဆိုသည်မှာ ရှေ့နောက် စကားရပ်တို့၏ အဓိပ္ပာယ်ကို ထောက်၍ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုမှုအခွင့်အာဏာကိုသော်လည်ကောင်း အုပ်ချုပ်မှုအခွင့်အာဏာကိုသော်လည်ကောင်း ကျင့်သုံးသော အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကိုဆိုလိုသည်။'' လို့ ရေးသားထားပါတယ်။

"ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် အခွင့်အရေး တွေ၊ ကတိကဝတ်တွေကို အခန်း (၁)၊ နိုင်ငံတော် အခြေခံမူများအခန်းနဲ့ အခန်း (၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအခန်းမှာ ပြည့်ပြည့်စုံစုံ ထည့်သွင်းရေးသား ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။'' လို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးအဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ် အစိ တ်အပိုင်း(၃)၏ နောက်ဆက်တွဲ (ဂ) ၃၊ (ခ)မှာ ' နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မ (၃) ဖြစ်သည့် ဥပဒေ ပြုရေး ၊အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာ (၃) ရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများသို့ ခွဲဝေအပ်နှင်းရမည်။ ပြည်ထောင်စု၊တိုင်းဒေသကြီး/ပြည်နယ်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသများအကြားဥပဒေပြုရေး ဆိုင်ရာအာ ဏာများနှင့်ပူးတွဲအာဏာများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကခွဲဝေ အပ်နှင်းပေးရမည်။'' လို့ ဆိုပါတယ်။

ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး

" ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်နေထိုင်နေထိုင်ကြသောတိုင်းရင်းသားလူမျိုးများ၏ နောက်ခံသမိုင်း၊ရိုးရာယဉ်ကျေးမှု၊စာပေ၊ဘာသာစကားနှင့်အမျိုးသားရေးလက္ခဏာများ မတူကွဲပြားမှုကို လက်ခံ အသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ဘာသာစကားပေါင်းစုံတို့ဖြင့် ပြည်ထောင်စုလက္ခဏာတစ်ရပ်ကို နိုင်ငံသားအားလုံးစုပေါင်းဖော်ဆောင်ရန်။'' လို့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)၏ နောက်ဆက်တွဲ (က)အဆက် အပိုဒ် ၉ မှာဖော်ပြထားပါတယ်။

"မူအားဖြင့်တော့ အားလုံးကလက်ခံပေးကြပါတယ်။ပြည်နယ်တွေမှာ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးဟာ ဖယ်ဒရယ်ရဲ့အခြေခံမူတစ်ခုဖြစ်တယ်။ဖယ်ဒရယ်နိုင်ငံတိုင်းမှာ ပြည်နယ်တွေမှာ ရေးဆွဲခွင့်ရှိတယ်ဆိုတာ လူတိုင်းသိ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေမှာလည်းဖယ်ဒရယ်တည်ဆောက်မယ်လို့ပြောရင် ပြည်နယ်တွေမှာ ရေးဆွဲခွင့်ရှိတယ်ဆိုတာကို ဟန့်တားပစ်ပယ်လို့မရပါဘူး။'' လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယက ခွန်ဥက္ကာက ပြောပါတယ်။

" နိုင်ငံတော်ကို ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ်ဖွဲ့စည်းရမည်။'' လို့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)၏ နောက်ဆက်တွဲ (ဂ) ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်တို့ကို အခြေခံ သည့်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာလမ်းညွှန်အခြေခံမူများ အပိုဒ် (၁) မှာရေးသားထားပါတယ်။

၂ဝ၂၀ အလွန် အဆင့်လိုက် လုပ်ငန်း စဉ်များနှင့်အဆင့်လိုက်အကောင်အ ထည်ဖော်မှုများအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မ တီ(UPDJC)အစည်းအဝေးတွေကိုတော့ စက်တင်ဘာလမှာ ပြန်လည် စတင်မယ်လို့ အစိုးရအဖွဲ့က ပြောဆိုခဲ့ပေမယ့်အောက်တိုဘာလအထိတော့ မပြုလုပ်
နိုင်သေးတာကို တွေ့ရပါတယ်။

ဒီအပြင်နိုဝင်ဘာလမှာ ရွေးကောက်ပွဲရှိနေတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ခေတ္တရပ်နားရမယ့် အခြေအနေမှာရှိနေပြီး ရွေးကောက်ပွဲပြီးလို့ အစိုးရအပြောင်းအလဲဖြစ်သွားခဲ့ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရိုက်ခတ် မှာနဲ့ ရှေ့ဆက်အကောင်အထည်ဖော်မယ့်အစီအစဉ်တွေလည်း တမျိုးတဖုံပြောင်းလဲသွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

သမ္မတဟောင်းဦးသိန်းစိန်လက်ထက်က လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာတဲ့အန်အယ်ဒီအစိုးရနဲ့ ဆက်လက်လုပ်ဆောင်ရာမှာ လူအပြောင်းအလဲ၊ မူအပြောင်းအလဲ၊ ချည်းကပ် မှုအသွင် စတာတွေကြောင့်အချိတ် အဆက်မမိတာမို့ နှောက်နှေးကြန့်ကြာတာတွေရှိခဲ့တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ဆိုပါတယ်။

ဒါကြောင့် ခုညီလာခံမှာကျန်သွားတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအရေးကို နောက်အစိုးရလက်ထက်ဆက်လက်ဆွေးနွေးရာမှာ မတင်မကျဖြစ်မှာကိုလည်း တိုင်းရင်းသားတွေ ဘက်က စိုးရိမ်မှုတွေရှိနေပြီး အကောင်း ဘက်ကမျှော်လင့်နေသူတွေလည်းရှိနေ
ကြပါတယ်။

"ဒီသဘောတူညီချက်ရဲ့မှတ်ချက်ဖြစ်တဲ့ '' ပြည်ထောင်စုလက္ခဏာဆိုသည်မှာ

စည်းလုံးညီညွတ်သည့် တစ်ခုတည်းသော ပြည်ထောင်စုဖြစ်သည်။'' ဆိုတဲ့အချက်ဟာ အထူးပဲအရေးကြီးပါတယ်။စုပေါင်းဖော်ဆောင်ရမယ့် ပြည်ထောင်စု လက္ခဏတစ်ရပ်ကို ၂၀၂၀အလွန်ကာလမှာ ဦးစားပေးကြိုးပမ်း  ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။'' လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး တတိယနေ့ ကျေးဇူးတင်စကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

စုံလင်ကွဲပြားတဲ့ ရိုးရာဝတ်စုံတွေနဲ့လူတွေအများကြီးရှေ့ကနေ အမျိုးသမီး ကြီးတစ်ဦးကတော့ အပြုံးတွေနဲ့လက်ပြနှုတ်ဆက် ထွက်သွားပေမယ့် ခန်းမကျယ်ကြီးထဲမှာတော့ အစိမ်းရောင်တူ
ညီဝတ်ထားသူတွေကတော့ မပြန်ကြသေးဘဲတီးတိုးပြောဆိုကျန်နေခဲ့ကြပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly