ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အသင့်ရှိတယ်လို့ ထိုင်း ဝန်ကြီးချုပ် ပြော 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အသင့်ရှိတယ်လို့ ထိုင်း ဝန်ကြီးချုပ် ပြော 

အောက်တိုဘာ ၂၉ 

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အသင့်ရှိတယ်ဆိုပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက အောက်တိုဘာ ၂၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံပြင်ဆင်တာက လုပ်ငန်းစဉ် အများအပြားကို ဖြတ် သန်းရလိမ့်မယ်ဆိုပြီးတော့ ပရာယွတ်က ပြောသွားခဲ့ပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာကတော့ ယင်းနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေအနက် တစ်ခုဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံမှာ လက်ရှိဖြစ်ပွားနေဆဲ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအပေါ် ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်တဲ့ ပါလီမန် အထူးအစည်းအဝေးတစ်ခုမှာ နှစ်ရက်ကြာ ဆွေးနွေးမှု အပြီးမှာပဲ ထိုင်းဝန်ကြီးချုပ်က ခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ 

ဒါ့အပြင် ပြည်ပက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGOs) တွေ ထိုင်းနိုင်ငံရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာတွေ ရပ်ဆိုင်းကြဖို့ကိုလည်း ထိုင်းဝန်ကြီးချုပ်က တောင်းဆိုသွားခဲ့ပါတယ်။ 

Amnesty International နဲ့ Human Rights Watch (HRW) တို့ကိုတော့ ၎င်းက အမည်တပ်ပြောမသွားပေမယ့် အဆိုပါ အဖွဲ့အစည်းနှစ်ခုက ဆန္ဒပြသူတွေရဲ့ လှုပ်ရှားမှုတွေကို ထောက်ခံအားပေးထားခဲ့ပြီး ဖမ်းဆီးခံ ဆန္ဒပြခေါင်းဆောင်တွေ လွတ်မြောက်ရေးကိုလည်း တောင်းဆိုနေခဲ့ကြတာဖြစ်ပါတယ်။ 

“ဥပဒေသစ်တွေကို ရုတ်ခြည်း စီစဉ်ဖို့ကတော့ မဖြစ်နိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီဖြစ်တဲ့ ဥပဒေအတိုင်း လက်ခံဖို့ လိုပါတယ်၊ ဒါက နိုင်ငံရဲ့ ပင်မ ဥပဒေဖြစ်နေလို့ပါ” လို့ ထိုင်းဝန်ကြီးချုပ်က လက်ရှိဖွဲ့စည်းပုံပြင်ဖို့ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေနဲ့ပတ်သက်လို့ ပြောသွားပါတယ်။ 

“အရေးအကြီးဆုံးအချက်က ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်မှုကို ကျွန်တော် ထောက်ခံတယ်ဆိုတာပါပဲ၊ ဒါကိုလည်း ကျွန်တော် ထုတ်ဖော်ကြေညာထားပြီးပါပြီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ကတော့ ပါလီမန်ရဲ့ တာဝန်ဖြစ်ပါတယ်၊ ပါလီမန်အမတ်တွေက ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ သဘောတူပြီးပြီဆိုရင်တောင်မှ ဒါက လုပ်ငန်းစဉ် အများအပြားကို ဖြတ်ကျော်ဖို့ လိုဦးမှာဖြစ်ပါတယ်၊ ပါလီမန်အနေနဲ့ လက်ရှိ ဖွဲ့စည်းပုံအတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုနေဆဲပါ” လို့ ပရာယွတ်က ပြောသွားပါတယ်။ 

“ထိုင်းနိုင်ငံမှာ လည်ပတ်လုပ်ကိုင်နေတဲ့ (နိုင်ငံရပ်ခြား) အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအားလုံးကိုလည်း ကျွန်တော် ပြောချင်တာ ရှိပါတယ်၊ ခင်ဗျားတို့အနေနဲ့ ထိုင်းနိုင်ငံထဲမှာ လည်ပတ်လုပ်ကိုင်နေတဲ့အချိန်မှာ ခင်ဗျားတို့ဟာ နိုင်ငံ ဖွံ့ဖြိုးရေးအတွက် ထိုင်းနိုင်ငံကို ကူညီရပါလိမ့်မယ်၊ နိုင်ငံရပ်ခြားမှာ နေထိုင်နေကြတဲ့ ထိုင်းတွေလိုပေါ့၊ ထိုင်းတွေတိုင်းဟာ အဲဒီနိုင်ငံတွေမှာ အခွန်အကောက်တွေ ပေးဆောင်ရပါလိမ့်မယ်၊ ပြီးတော့ သူတို့ဟာ နောက် ဆုံးမှာ အဲဒီနိုင်ငံတွေရဲ့ ဥပဒေတွေကို လိုက်နာကြရတဲ့ နိုင်ငံသားတွေ၊ တရားဝင် အလုပ်သမားဝန်ထမ်းတွေ ဖြစ်လာကြပါတယ်” လို့ ပရာယွတ်က ပြောသွားခဲ့ပါတယ်။ 

“ကျွန်တော်တို့ဟာ ကျွန်တော်တို့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နေရာမှာနဲ့ ကျွန်တော်တို့ရဲ့ အခြေခံ လူမှု ဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ အခြား အရာကိစ္စအများအပြားကို တိုးတက်အောင် လုပ်တဲ့နေရာမှာ ပြဿနာတွေနဲ့ ကြုံရပါတယ်၊ ဒီလိုဖြစ်ရတာရဲ့ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းကတော့ (ပြည်ပ) အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကြောင့်ပါ၊ အများပြည်သူရဲ့ သဘောဆန္ဒတွေနဲ့ပတ်သက်လို့ ထုတ်ပြန်ရတဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေဟာ သူတို့ကြောင့် ပိုနှေးကွေးနေရပါတယ်” လို့ ပရာယွတ်က ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly