ဘူးသီးတောင်၊မောင်တောတွင် ဓာတ်အားပြတ်တောက်မှု ရက်ကြာလာသဖြင့် ဒေသခံများ အခက်တွေ့

ဘူးသီးတောင်၊မောင်တောတွင် ဓာတ်အားပြတ်တောက်မှု ရက်ကြာလာသဖြင့် ဒေသခံများ အခက်တွေ့
ဓာတ်ပုံ - အောင်အောင်ထူး/မဇ္ဈိမ

အောက်တိုဘာ ၂၈

မြန်မာနိုင်ငံအနောက်ဖက်နယ်စပ်ဒေသ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ၁၀ ရက်ခန့် ကြာမြင့်လာပြီ ဖြစ်သဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ တစ်ဆင့်လာသော မဟာဓာတ်အားလိုင်းသည် ရသေ့တောင်မြို့နယ် ကျောက်တန်းနှင့် ထီးစွဲကျေးရွာအနီးတဝိုက် ပြတ်တောက်သွားခြင်း ဖြစ်ပြီး ၎င်းနေရာသည် တိုက်ပွဲဖြစ်ပွားနေသည့်ဧရိယာ ဖြစ်သဖြင့် သွားရောက်ပြင်ဆင်ခြင်း မပြုနိုင်သေးကြောင်း ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်နေတဲ့ ဧရိယာဆိုတော့ သွားလုပ်မယ်ဆိုရင် တိုက်ပွဲတွေကို ရပ်ဆိုင်းကြရမယ်။ တစ်ဖက် တည်းက ရပ်လို့မရဘူး။ နှစ်ဖက်စလုံးက ရပ်တန့်ရမယ်။ (လျှပ်စစ်)မီးဆိုတာက ပြည်သူလူထုရဲ့ နေ့တဓူဝလိုအပ်ချက်တစ်ခုလေ။ ပြည်သူတစ်ခုတည်း မဟုတ်ဘူး။ အစိုးရယန္တရားတွေလည်း ရပ်တန့်နေရတယ်ပေါ့လေ။ ပြည်သူ့လိုအပ်ချက်ဖြစ်တဲ့ ထမင်းချက်တယ်။ ရေတင်တယ်။ မီးနဲ့ပဲ အမြဲတမ်းသုံးနေရတော့ အခက်ခဲရှိတယ်လေ”ဟု ဘူးသီးတောင်ဒေသခံ ကိုဝင်းနိုင်က ပြောသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ဘူးသီးတောင်မြို့နယ်၊ ဒီဇင်ဘာလတွင် မောင်တောမြို့နယ်တို့ကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးအသုံးပြုနိုင်မှု မကြာသေးသော် လည်း စတင်ရရှိခဲ့ချိန်မှစ၍ လျှပ်စစ်ကိုသာ အားပြု သုံးစွဲလာသဖြင့် လက်ရှိတွင် ထင်းနှင့် မီးသွေး အဆင်သင့်မရှိသည့်အပြင် ပွင့်လင်းရာသီ ဖြစ်သဖြင့် ဖယောင်းတိုင်းသုံးစွဲမှုကြောင့် မီးဘေးအန္တရာယ်ရှိမည်ကို စိုးရိမ်ကြောင်း ကိုဝင်းနိုင်က ဆိုသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ပါဝင်သည့် မောင်တောခရိုင်တွင် လျှပ်စစ်ဓာတ်အား အသုံးပြုသည့် အိမ်ထောင်စု ၈၀၀၀ ကျော်ရှိပြီး အောက်တိုဘာ ၁၈ ရက်က ပြတ်တောက်ခဲ့သည့် လျှပ်စစ်ဓာတ်အားမှာ လက်ရှိ အချိန်အထိ မရရှိသေးဘဲ ဓာတ် အားပြတ်တောက်ရသည့် အကြောင်းအရင်းကို မသိရသေးကြောင်း ခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာန၊ တာဝန်ခံ ဦးဟိန်းမိုးထက်က မဇ္စျိမကို ဖြေကြားသည်။

“လိုင်းက သပ်သပ်ရှိတယ်လေ။ လိုင်းထိန်းသိမ်းပြုပြင်ရေးအဖွဲ့။ ၆၆ ဗို့အားမြင့်လိုင်းကိုး။ တာဝန်ရှိတာကတော့ အဲဒီအဖွဲ့ကပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ကလည်း ဝိုင်းလုပ်ပေးရတာပေါ့။ ဖြန့်ဖြူးရေးအပိုင်းမှာ တာဝန်ရှိတာပေါ့။ အခုဟာက လုံခြုံရေးအရ သွားလို့မရသေးလို့ ကြာနေတာပါ။ ပြည်နယ်အစိုးကို တင်ပြထားတယ်။ လုံခြုံရေးအရ စိတ်မချရသေးလို့ ခွင့်ပြုချက်မရသေးဘူး”ဟု စစ်တွေခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနတာဝန်ခံ ဦးမိုးဇော်က ဆိုသည်။

လျှပ်စစ်မီးပြတ်တောက်နေသည့် ၎င်းမြို့နယ်များတွင် လမ်းမီးများသာ ပေးထားနိုင်ပြီး အိမ်သုံး လျှပ်စစ်ဓာတ်အား များကိုမူ အသုံးပြုသူများသဖြင့် အစားထိုးမီးပေးနိုင်သည့် အခြေအနေမရှိသေးကြောင်း ဦးဟိန်းမိုးထက်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly