ထိုင်းမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေချိန် ဘုရင်စနစ် ထောက်ခံသူတွေ တန်ပြန်စုရုံးဆန္ဒပြ 

ထိုင်းမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေချိန် ဘုရင်စနစ် ထောက်ခံသူတွေ တန်ပြန်စုရုံးဆန္ဒပြ 
Photo - AFP

အောက်တိုဘာ ၂၈

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေ အရှိန်မြှင့်ဖြစ်ပေါ်နေချိန် ယမန်နေ့ အောက်တိုဘာ ၂၇ ရက်က ဘုရင်စနစ်ကို ထောက်ခံသူ ရာနဲ့ချီတို့ကလည်း ဘန်ကောက်မြို့မှာ စုဝေးပြီး တန်ပြန်ဆန္ဒပြခဲ့ကြပါတယ်။ 

“ဒီမြေဟာ ဖခင် (ဘုရင် မဟာဝါဇီရ လောင်ကွန်း) ပိုင်တယ်ဆိုတာ ခု မျိုးဆက်သစ် ကလေးတွေကို သဘောပေါက်နားလည်စေချင်ပါတယ်၊ ဖခင်ဟာ ကျွန်တော်တို့တွေအတွက် ဒါကို တည်ဆောက်ပေးထားတာပါ၊ ဒါကြောင့်လည်း ကျွန်တော်တို့တွေ ဒီမြေပေါ်မှာ အေးအေးချမ်းချမ်းနဲ့ နေထိုင် စားသောက်လုပ်ကိုင်နိုင်တာဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဒီ မြေအပေါ်မှာ ကျေးဇူးတင်သင့်ပါတယ်” လို့ ထိုင်းဘုရင်စနစ် ထောက်ခံသူတစ်ဦးဖြစ်တဲ့ ပရီးချား မာတုန်ထိုင်က ပြောပါတယ်။ 

“ဘုရင်စနစ်ကို ကျွန်မ ဘာကြောင့်  ချစ်သလဲ ဆိုတာကတော့ ကျွန်မ မသိပါဘူး၊ ကျွန်မကတော့ မွေးကတည်းက သူတို့ကို ချစ်လာခဲ့တာပါ၊ ကျွန်မ သူတို့ကို ချစ်ရပါလိမ့်မယ်၊ ဆက်ပြီးတော့လည်း သူတို့ကိုပဲ ချစ်သွားမှာပါ” လို့ ဘုရင်စနစ် ထောက်ခံသူတစ်ဦးဖြစ်တဲ့ သာနာဝမ် ကွန်သရက်ပ်က ပြောသွားပါတယ်။ 

“ကျွန်မတို့ရဲ့ ဘုရင် ဂျာမနီကို သွားတာက သူ့ရဲ့ အခွင့်အရေးပါပဲ၊ ဒါကို အစိုးရဆန့်ကျင်ဆန္ဒပြသူတွေက ဂျာမန်သံရုံးဆီ ချီတက်ပြီး ပန်ကြားတာတွေ လုပ်တာက ထိုက်သင့်လျော်ကန်တယ်လို့ ကျွန်မတော့ မထင်ပါဘူး၊ ပြဿနာက ထိုင်းနိုင်ငံထဲမှာပဲ ရှိတယ်လို့ ကျွန်မ ထင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ထိုင်းပြည်သူတစ်ယောက်အနေနဲ့ ပြောရရင် ကျွန်မတို့အနေနဲ့ ကိုယ့်ပြဿနာတွေကို ကိုယ့်ဘာသာ ဖြေရှင်းရပါမယ်” လို့ ဘုရင်စနစ် ထောက်ခံသူ အမည်မပြောတဲ့ အခြားဆန္ဒထုတ်ဖော်သူတစ်ဦးကလည်း ပြောသွားပါတယ်။ 

ထိုင်းနိုင်ငံမှာ အစိုးရနဲ့ ဘုရင်စနစ်အပေါ် ပစ်မှတ်ထားတဲ့ ဆန္ဒပြပွဲတွေကြောင့် ဘုရင်စနစ်ကို အလွန်အကျွံ လိုလားထောက်ခံသူတွေအကြားမှာ စိတ်ခံစားမှုပိုင်း တင်းမာခက်ထန်မှုကို ဖြစ်ပေါ်ထားစေခဲ့ပြီး အဆိုပါဘုရင်စနစ် ထောက်ခံသူတွေက အွန်လိုင်းပေါ်မှာ ရန်လိုတဲ့ အရေးအသားတွေနဲ့ တုံ့ပြန်တာတွေ ရှိနေခဲ့ပါတယ်။ 

Like ထောင်ချီ ရခဲ့တဲ့ မက်ဆေ့ချ် တချို့ကတော့ အန္တရာယ် လက္ခဏာရပ်တစ်ခုလို ဖြစ်နေပြီး တချို့ကတော့ အတိတ်ကာလအတွင်း နိုင်ငံကို လှုပ်ရမ်းခဲ့တဲ့ အကြမ်းဖက် ထိပ်တိုက်တွေ့မှုတွေကို ညွန်ပြနေပါတယ်။ 

ဒါဟာ ယင်းနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့နဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတဲ့ လူသောင်းချီ ပါဝင်တဲ့ ဆန္ဒပြပွဲတွေ လတွေနဲ့ချီ ပေါ်ပေါက်ထားခဲ့ပြီးနောက် ခုလို ခြိမ်းခြောက်တဲ့ ရေးသားပြောဆိုမှုတွေ ပေါ်ပေါက်နေတာဖြစ်ပါတယ်။ 

“ဘုရင်စနစ်ကို စော်ကားတဲ့သူတွေ သေပဲ သေသင့်ပါတယ်” လို့ ဖေ့ဘွတ်ခ် အသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး ဘုရင်စနစ်ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အဓိက တွန်းအားပေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ လူသိများတဲ့ တက်ကြွလှုပ်ရှားသူ အေနွမ် နမ်ပါကို စော်ကားရေးသားသွားခဲ့ပါတယ်။ 

“ထိုင်းမှာ ခင်ဗျားလို လူတွေ မလိုပါဘူး” လို့လည်း ရေးသားထားပါတယ်။ 

ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့ခဲ့တဲ့ အချို့ အကြောင်းအရာပို့စ်တွေမှာတော့ အကြမ်းဖက်ဖို့ ခြိမ်းခြောက်မှုတွေ ပါနေပြီး ရိုင်ဖယ်သေနတ်ကိုင်ထားတဲ့ အမျိုးသားတစ်ဦးက ဘုရင်စနစ်ကို ဘယ်နည်းနဲ့ဖြစ်ဖြစ် ကာကွယ်ရမယ်လို့ ပြောဆိုနေတာမျိုးကို တွေ့ခဲ့ရသလို တက်ကြွလှုပ်ရှားသူတစ်ဦးရဲ့ ဘေးမှာ ဖိုတိုရှော့နဲ့ လုပ်ထားတဲ့ အခေါင်းတစ်ခု ရှိနေတဲ့ ဓာတ်ပုံတို့အထိ အွန်လိုင်းပေါ် ရောက်ရှိထားခဲ့ပါတယ်။ 

ဘုရင်စနစ် ထောက်ခံသူအုပ်စု (ဘုရင် သစ္စာခံ ထိုင်းပြည်သူများ) ကို တည်ထောင်သူ အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ ၀ရုန် ဒက်ချ်ဂစ်ဗီဂရွန်ကတော့ ၎င်းရဲ့ ရောင်းရင်းအပေါင်းအဖော်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်းပဲ ရှိပါတယ်လို့ အခိုင်အမာ ပြောသွားပါတယ်။ 

“အကြမ်းဖက်မှုကို အသုံးပြုချင်တဲ့ ရည်ရွယ်ချက်မျိုး ကျွန်တော်တို့မှာ မရှိပါဘူး” လို့ အဆိုပါ အသက် ၅၉ နှစ်အရွယ် အငြိမ်းစား မီးယပ်ရောဂါပါရဂူက ပြောသွားပါတယ်။ 

နိုင်ငံတည်ငြိမ်မှုအတွက် ဘုရင်စနစ်ကို လိုအပ်တယ်လို့ ၎င်းက အခိုင်အမာ ပြောသွားသလို ဘုရင်စနစ်အပေါ် ဆန္ဒပြနေတဲ့ လူငယ်တွေကိုလည်း ၎င်းက ပြစ်တင်သွားခဲ့ပါတယ်။ 

“သူတို့က ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲချင်နေတာ မဟုတ်ဘူး၊ ဒါကို ဖျက်ဆီးပစ်ချင်နေတာပါ၊ ဘုရင်စနစ်မရှိရင် ပြည်တွင်းစစ်တစ်ခု ဖြစ်သွားပါလိမ့်မယ်” လို့ ၎င်းက ပြောသွားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly