ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်တွင် လေယာဉ်များ ပျံသန်းပြေးဆွဲနိုင်ရန် အဆင်သင့် ဖြစ်နေ

ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်တွင် လေယာဉ်များ ပျံသန်းပြေးဆွဲနိုင်ရန် အဆင်သင့် ဖြစ်နေ

အောက်တိုဘာ ၂၇ ၊ ၂၀၂၀

ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်ဖြစ်လာမည့် ဖလမ်း(ဆူရ်ဘုန်)လေဆိပ်တွင် လေယာဉ်အစမ်း ဆင်းသက်မှု  အောင်မြင်ခဲ့သဖြင့် ၎င်းလေဆိပ်တွင် လေယာဉ်များပျံသန်းပြေးဆွဲနိုင်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က မဇ္စျိမသို့ ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် ကူးစက်မြန် COVID-19 ကြောင့် ပြည်တွင်းလေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲခြင်းကို နိုဝင်ဘာလ ၁၅ရက်အထိ ယာယီပိတ်ထားပြီး ပြန်လည်ပြေးဆွဲခွင့်ရပါက ဒေသတွင်းခရီးသွားလိုအပ်ချက်နှင့်  လေကြောင်းလိုင်းများ၏ စီးပွားရေးတွက်ခြေကိုက်မှုအပေါ် မူတည်၍ ညှိနှိုင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အောက်တိုဘာလ ၂ရရက် နံနက် ၁ဝနာရီ ခွဲခန့်က မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)မှ ATR 72 အမျိုးအစား ခရီးသည်တင် လေယာဉ် ဖြင့် အဆိုပါလေဆိပ်သို့ အစမ်းဆင်းသက်ခဲ့ခြင်းဖြစ်သည်။

အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က “ လေယာဉ်စမ်းသပ်ဆင်းသက်ခြင်းလုပ်ငန်းဆောင်ရွက်တာပါ။ လေယာဉ်ကွင်းတစ်ကွင်းတည်ဆောက်ပြီးရင် လေယာဉ်ကွင်းတပ်ဆင်ထားတဲ့ စက်ကိရိယာတွေကို စမ်းသပ်ရတယ်။ အဲဒါစမ်းသပ်ပြီးရင် စမ်းသပ်ဆင်းသက်ခြင်းလုပ်တာပေါ့။ အောင်အောင်မြင်မြင်ဆင်းသက်နိုင်ပြီပေါ။ ATR 72 ဒီဇိုင်းနဲ့လုပ်ထားတဲ့ လေယာဉ်တွေ ကောင်းကောင်းဆင်းလို့ရပြီ။” ဟု ပြောသည်။

ဖလမ်း(ဆူရ်ဘုန်) လေဆိပ်သည် ပင်လယ်ပြင်မျက်နှာပြင်အမြင့် ပေ၆ဝဝဝတွင် တည်ဆောက်ထားသည့် လေယာဉ်ကွင်းတစ်ခုဖြစ်ပြီး ြည်ထောင်စုဘတ်ဂျတ်မှ ကျပ် ၃၄ ဘီလီယံနီးပါး ကျခံသုံးစွဲ တည်ဆောက် ထားသည့် လေယာဉ်ကွင်းတစ်ကွင်းဖြစ်သည်။

လေယာဉ်ပြေးလမ်းမှာ အလျားပေ ၆၀၀၀ အနံပေ ၁ဝဝ အရှည်ရှိပြီး လေဆိပ်အဆောက်အဦးမှာ အခုံးပုံစံဖြင့် ဆောင်လုပ်ထားခြင်းဖြစ်သည်။

အဆိုပါ လေဆိပ်သို့ ခရီးသည် ၇၀ ဦးဆံ့ လေယာဉ်များ ဆင်းသက်နိုင်မည်ဖြစ်ပြီး ခရီးသည် ၂၅ဝဦးကို တစ်ပြိုင်နက် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly