ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်ရှိ၊ မရှိ စစ်ဆေးခွင့်ပြုမည်

ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်ရှိ၊ မရှိ စစ်ဆေးခွင့်ပြုမည်

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက်

ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်ရှိ၊ မရှိ စစ်ဆေးခွင့်ပြုသွားမည်ဖြစ်ပြီး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး အတွက် အသေးစိတ် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက မဇ္ဈိမကို ပြောသည်။

“ခွင့်ပြုတာကတော့ ခွင့်ပြုမယ်လို့ သိရတယ်။ ပြည်ထောင်စုဝန်ကြီးက ဒီကိစ္စကို အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ လမ်းညွှန်ထားတယ်။ ဒါပေမယ့် လောလို့ မရဘူးပေါ့ ထည့်သွင်းစဉ်းစားရမှာတွေ အများကြီးရှိပါတယ်” ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။

ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းများ ပြန်လည် ဖွင့်လှစ်နိုင်မည်ဆိုပါက ကိုဗစ်ပိုးမရှိသည့် လူနာများကို ကုသနိုင်မည့် ကုတင် အရေအတွက် တိုးလာနိုင်မည်ဖြစ်သဖြင့် အများအကျိုးရှိမည့် ကိစ္စဖြစ်သောကြောင့် မြန်မြန် လုပ်ဆောင် နိုင်ရန်လိုကြောင်း ၎င်းက ပြောသည်။

“ ကိုဗစ်ကတော့ တကယ်ကို ကူးစက်လည်း မြန်တယ်။ ပြင်းလည်း ပြင်းထန်တယ်ပေါ့နော်။ အဲ့ဒီလို ရောဂါဖြစ်တဲ့အတွက် ကျွန်တော်တို့က လုံခြုံစိတ်ချရဖို့ရယ်၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်ဖို့ ဒါတွေကို ညှိနေရတဲ့ အပိုင်းပါဗျ” ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။

ပုဂ္ဂလိကဆေးရုံများသို့ ရောက်ရှိလာသော လူနာများကို ကိုဗစ်ရှိ၊ မရှိ စစ်ဆေးပေးပြီး ကိုဗစ်ပိုးတွေ့လူနာနှင့် ပိုးမတွေ့ရှိရသူများကို ခွဲခြားကုသပေးနိုင်ရေး၊ ကိုဗစ်ရှိ၊ မရှိ အခကြေးငွေဖြင့် စစ်ဆေးလိုသူများကိုလည်း ပုဂ္ဂလိက ဆေးရုံများတွင် စစ်ဆေးပေးနိုင်ရေးတို့အတွက် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တင်ပြထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က “အစိုးရက ပုဂ္ဂလိကဆေးရုံတွေကို ပြည်သူ့ဆေးရုံများနည်းတူ ပေးစစ်မယ်ဆိုရင်တော့ ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ အဆင်သင့်ပါ။ အမျိုးစုံသောပေါ့ ပြည်တွင်းရော၊ ပြည်ပထွက်မယ့်သူရော စက်ရုံအလုပ်ရုံရော၊ ဥပမာ ရန်ကုန်ကနေ အခြားတိုင်းဒေသကြီး၊ပြည်နယ် ကို ထွက်မယ့်သူရော အားလုံးကို စစ်ပေးချင်ပါတယ်။ ဒီလို စစ်ဆေးတဲ့ Test Kit ရမယ်ဆိုရင် ကိုဗစ်မဟုတ် တဲ့လူနာကို ပြည်သူ့ဆေးရုံကို လွှတ်စရာမလိုတော့ဘူးဆိုတော့ ကိုဗစ်မဟုတ်တဲ့လူနာတွေ အချိန်နှောင့်နှေးပြီးတော့ သေဆုံးရတာတွေ၊ ကုသမှုနှောင့်နှေးလို့ သေဆုံးတာတွေ နည်းပါးသွားပါလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းလက်အောက်တွင် ပုဂ္ဂလိကဆေးရုံပေါင်း ၂၃ဝ ဝန်းကျင်ရှိသည့်အနက် ဆေးရုံအချို့တွင် ယခုအစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရက လက်ရှိအသုံးပြုနေသော ကိုဗစ်ရှိ၊ မရှိ အမြန်စစ်ကိရိယာ Rapid Antigen Testkit များကို အသုံးပြုစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ရှိ၊ မရှိ စစ်ဆေးမှုရလဒ်ကို တိကျသေချာစေရေး အမြန်စစ်ကိရိယာဖြင့် စစ်ဆေးပြီး ရောဂါမရှိကြောင်း အဖြေထွက်သူများကို ပုဂ္ဂလိကဓာတ်ခွဲခန်းတွင် ထပ်မံစစ်ဆေးရန်၊ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူများကို ပုဂ္ဂလိကဆေးရုံ နှင့် ပြည်သူ့ဆေးရုံများတွင် ကုသမှုပေးနိုင်ရန်၊  ပုဂ္ဂလိကဆေးရုံများ၏ ရင်းနှီးမြှုပ်နှံထားမှုအရ အခကြေးငွေကောက်ခံရမည့်အပိုင်းများ စသည့်တို့ကို ဝန်ကြီးဌာနအနေဖြင့် ထည့်သွင်းဆွေးနွေးလျှက်ရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required