ဖိလစ်ပိုင်မှာ တိုင်ဖွန်းမုန်တိုင်း မိုလာဝီ တိုက်ခတ်လို့ လူ ၃ ဦးသေဆုံးကာ ၁၂ ဦး ပျောက်ဆုံး 

ဖိလစ်ပိုင်မှာ တိုင်ဖွန်းမုန်တိုင်း မိုလာဝီ တိုက်ခတ်လို့ လူ ၃ ဦးသေဆုံးကာ ၁၂ ဦး ပျောက်ဆုံး 
Photo - AFP

အောက်တိုဘာ ၂၇ 

ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တိုင်ဖွန်းမုန်တိုင်း မိုလာဝီ (Molave) တိုက်ခတ်ခဲ့လို့ မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူထောင်ပေါင်းများစွာဟာ အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ 

အဆိုပါအပူပိုင်းမုန်တိုင်းကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးသူ တစ်ဒါဇင်ရှိတယ်လို့ တာဝန်ရှိသူတွေက အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။ 

သုံးဦးစလုံးဟာ ရေနစ်သေဆုံးခဲ့ကြတာဖြစ်တယ်လို့ သဘာဝဘေးအန္တရာယ်လျှော့ချရေးနဲ့စီမံခန့်ခွဲမှုကောင်စီ (NDRRMC) ကပြောပါတယ်။ 

ရေလုပ်သားအများစုပါဝင်တဲ့ တခြား လူ ၁၂ ယောက်ဟာလည်း ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ 

လေတိုက်နှုန်း တစ်နာရီကို ၁၃၀ ကီလိုမီတာ ( မိုင် ၈၀) နှုန်းနဲ့တိုက်ခတ်ခဲ့တဲ့ မုန်တိုင်း မိုလာဝီဟာ နိုင်ငံအနောက်ပိုင်းကို မဖြတ်ကျော်မီ တနင်္ဂနွေနေ့က တောင်ပိုင်း လူဇုံကျွန်းကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။  

တိုင်ဖွန်းမုန်တိုင်းလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ရွာတွေနဲ့ လယ်မြေတွေကို ရေလွှမ်းမိုးခဲ့ပြီး အားပြင်းတဲ့မုန်တိုင်းကြောင့် သစ်ပင်တွေလဲကာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။  

ကယ်ဆယ်ရေးစခန်း ၈၀၀ မှာ လူပေါင်း ၇၀ ၀၀၀ ထက်မနည်း ခိုလှုံလျက်ရှိပါတယ်။ 

ဖိလစ်ပိုင်မှာ နှစ်စဉ်နှစ်တိုင်း ပျမ်းမျှအားဖြင့် မုန်တိုင်း ၂၀ လောက် ဝင်ရောက်တိုက်ခတ်ပါတယ်။ မုန်တိုင်းအများစုဟာ လူသေစေလောက်တဲ့အထိ ပြင်းထန်ပြီး ပုံမှန်အားဖြင့် လယ်ယာတွေ၊ အိမ်တွေနဲ့ အဆောက်အအုံများစွာကို ပျက်စီးစေပြီး နှစ်စဉ်လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းနက်မြဲနက်စေခဲ့ပါတယ်။  

အဆိုးရွားဆုံးကတော့ ၂၀၁၃ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ဟိုင်ယန်ဖြစ်ပြီး လူပေါင်း ၇ ၃၀၀ ထက်မနည်း အသေအပျောက်တွေရှိခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly