ရောဂါအခံရှိသူများ သေနှုန်းများကြောင်း ထုတ်ပြန်ချက်က ညွှန်ပြနေ

ရောဂါအခံရှိသူများ သေနှုန်းများကြောင်း ထုတ်ပြန်ချက်က ညွှန်ပြနေ
Photo - AFP

အောက်တိုဘာ ၂၆

ရောဂါအခံရှိသူများမှာ COVID - 19 ရောဂါကြောင့် သေဆုံးမှုနှုန်း ပိုမြင့်မားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော အချက်အလက်များက ညွှန်ပြနေသည်။

အောက်တိုဘာ ၂၅ ရက်နေ့အထိ စာရင်းများအရ ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက် ၁၀၉၅ ဦးအထိ ရှိလာရာ ယင်းအထဲတွင် ရောဂါအခံကြောင့် သေဆုံးသူ ဦးရေမှာ ၉၈၅ ဦးအထိ ပါဝင်နေသည်။

ယင်းမှာ သေဆုံးသူ ပမာဏအားလုံး၏ ၈၉ ဒသမ ၉၅ ရာခိုင်နှုန်း ဖြစ်သည်။ ထိုအထဲတွင် ဆီချိုသွေးချိုဖြင့် သေဆုံးနှုန်းက အများဆုံးဖြစ်ကာ ကျောက်ကပ်ရောဂါ၊ အဆုတ်တီဘီရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အသည်းရောင်အသာဝါ စီပိုး၊ လေဖြတ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အဆုတ်ပွရောဂါ၊ သွေးနှင့်ဆိုင်သော ရောဂါများက အစဉ်လိုက် ရှိနေသည်။ ထိုအရေအတွက်ထဲတွင် ဆေးရုံရောက်ပြီးမှ ဆေးမကုသလိုက်ရဘဲ သေဆုံးသူများလည်း ပါသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကြောင့် ဧပြီလပိုင်းမှ စတင်သောသေဆုံးမှုတွင် ထိုတစ်လတည်း၌ ခြောက်ယောက်သာ သေဆုံးခဲ့ပြီး သြဂုတ်လကုန်အထိ သေဆုံးမှု မရှိခဲ့ပေ။ ထို့နောက် စက်တင်ဘာ ပထမအပတ်မှ စတင်ကာ သေဆုံးမှု ပြန်ဖြစ်ပေါ်လာခဲ့သည်။  နေ့စဉ် ခုဂဏန်း အရေအတွက်ဖြင့်သာ သေဆုံးမှု ရှိခဲ့ရာမှ စက်တင်ဘာ လလယ်အရောက်တွင် ‌ဆယ်ဂဏန်း ပမာဏာအထိ သေဆုံးနှုန်း မြင့်တက်လာခဲ့သည်။

ကနဦး သေဆုံးနှုန်းမှာ တစ်ဦးနှင့်တစ်ဦး သေဆုံးမှုတွင် တစ်ပတ်ခြားအထိ ရှိခဲ့သော်လည်း စက်တင်ဘာလ အရောက်တွင် နေ့စဉ်တိုင်း သုံးဦးမှ ငါးဦးနှုန်းအထိ သေဆုံးလာသည်။ ထို့နောက် စက်တင်ဘာ ၂၀ ရက် နောက်ပိုင်းတွင်မူ တစ်ရက်လျှင် ၂၄ ဦး၊ ၂၈ ဦး၊ ၃၄ ဦးနှုန်း စသည်ဖြင့် ရုတ်တရက် သေဆုံးနှုန်း မြင့်မားသွားခဲ့ ဖြစ်သည်။

စက်တင်ဘာ တစ်လအတွင်း သေဆုံးမှုနှုန်းမှာ ၃၀၄ ဦးအထိ ရှိခဲ့ကာ ထိုအထဲတွင် ၃၀၂ ဦးက ရောဂါအခံဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

အောက်တိုဘာလ ၂၅ ရက်နေ့အထိ ယခုလအတွင်း သေဆုံးသူပေါင်း ၇၉၁ ဦး ရှိသည်။ ပြီးခဲ့သော စက်တင်ဘာလထက် သေနှုန်း နှစ်ဆကျော် မြင့်တက်သွားခြင်း ဖြစ်သည်။ အောက်တိုဘာလအတွင်း သေဆုံးခဲ့သူများထဲမှ ၆၈၃ ဦးမှာ ရောဂါအခံဖြင့် သေ ဆုံးသူများ ဖြစ်နေသည်။  

ကျန်းမာရေးနှင့် အားကစားဝန်းကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက သေဆုံးမှုများနှင့် ပတ်သက်ပြီး မဇ္ဈိမနှင့် အမေးအမြန်းလုပ်စဉ်က ယခုကဲ့သို့ ဖြေကြားထားဖူးသည်။

“ဂဏန်းကိုလည်း ပြန်ပြီးချိန်းရဦးမှာ။ ကားတိုက်ရင် ရင်ခွဲစစ်ဆေးရမယ်။ စစ်ဆေးမယ့် ဆရာဝန်ကြီးက ဒီလူကတော့ ဖြစ်တဲ့နေရာ၊ များတဲ့နေရာက လာတယ်။ အဲဒီအချိန်မှာ positive တွေ့တယ်ပေါ့နော်။ ဖြစ်ချင်တော့ ကိုဗစ်တော့ ကိုဗစ်ကြောင့် သေ ဆုံးတဲ့သူစာရင်းထဲ ဝင်သွားရော၊ အဲ့ဒါမျိုးတွေကလည်း ရှိသေးတယ်။ ဒါတွေကိုလည်း ပြန်နုတ်ရဦးမှာပေါ့။ ရောဂါအခံရှိပြီး ဆေးရုံရောက် ဆုံးတာတွေလည်း များတယ်။ ဒါပေမယ့် ကိုဗစ်ထူးရှားချက်က ရောဂါအခံမရှိတဲ့ လူငယ်လူရွယ်ထဲမှာ ဆုံးတာတွေလည်း ပါတယ်။ ရောဂါအခံရှိတဲ့၊ အသက်အရွယ်ကြီးရင်တဲ့ သူကတော့ အများစုပေါ့နော်။ ဒါပေမယ့် အနည်းစုဖြစ်တဲ့ လူငယ်၊ လူရွယ်တွေမှာလည်း သေဆုံးနိုင်တယ်ဆိုတာတော့ မေ့လို့မရဘူး” ဟု ဒေါက်တာ သန်းနိုင်စိုးက ဆိုသည်။

ကျန်းမာရေး အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သေဆုံးသူများတွင် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ပြီး  ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့က အစဉ်လိုက် များပြားသည်။ အသေအပျောက် များလာသည့်နောက်ပိုင်း ဝန်ကြီးဌာနက သေဆုံးသူစာရင်းကို တစ်ပေါင်းတည်း ကြေညာသဖြင့် ခွဲခြမ်းစိတ်ဖြာ မရသော်လည်း ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းမှပင် သေဆုံးသူ ၁၆၀၀ ကျော်ရှိသည်ဟု ယုံကြည်ရသည်။

လက်ရှိ အခြေအနေများအရ ပိုးတွေ့လူနာ အရေအတွက်နှင့် သေဆုံးမှုနှုန်းမှာ အနည်းငယ် ပြန်လျော့ကျလာသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required