ဘရာဇီးဂန္ထဝင် ဘောလုံးကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒင်ဟို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ 

ဘရာဇီးဂန္ထဝင် ဘောလုံးကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒင်ဟို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ 
Photo - AFP

အောက်တိုဘာ ၂၆

နာမည်ကျော် ဘရာဇီးဂန္ထဝင် ဘောလုံးကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒင်ဟိုက ၎င်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အောက်တိုဘာ ၂၅ ရက်မှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ၎င်းမှာ COVID-19 ရောဂါ လက္ခဏာရပ်တွေ ပြတာတာမျိုးတော့ မရှိဘူးလို့ ရော်နယ်လ်ဒင်ဟိုက ပြောပါတယ်။ 

ကျော်ကြားမှုတွေ ရှိခဲ့တဲ့ ဘောလုံးသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ဖလားနဲ့ ကမ္ဘာ့ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အသက် ၄၀ အရွယ် ဘာစီလိုနာနဲ့ အေစီမီလန် ကစားသမားဟောင်းဟာ ယခုဆိုရင် ဘရာဇီးနိုင်ငံ ဘယ်လိုဟော်ရီဇွန်တီမြို့က ဟို တယ်တစ်ခုမှာ သီးခြားခွဲနေထိုင်သွားမယ်လို့ သိရပါတယ်။ 

“ဟိုင်း၊ သူငယ်ချင်းတွေ၊ မိသားစုနဲ့ ပရိသတ်တို့ရေ၊ ကျွန်တော် ကိုဗစ်-၁၉ စစ်ဆေးမှု လုပ်ခဲ့ပါတယ်၊ ရလဒ်ကတော့ ဗိုင်းရပ်စ် ရှိနေတယ်လို့ အဖြေထွက်ပါတယ်၊ ကျွန်တော် နေလို့ကောင်းပါတယ်၊ ခုချိန်မှာ ကျွန်တော့်မှာ ရောဂါလက္ခဏာလည်း မပြပါဘူး” လို့ ရော်နယ်လ်ဒင်ဟိုက အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာ ပြောခဲ့ပါတယ်။ 

ရော်နယ်လ်ဒင်ဟိုကတော့ ပတ်စ်ပို့တ် အတု ကိုင်ဆောင်မှု ကိစ္စနဲ့ ပါရာဂွေးနိုင်ငံမှာ ငါးလကျော်ကြာ အချုပ်ကျခံရပြီး ပြီးခဲ့တဲ့ သြဂုတ်လကမှ ဘရာဇီးကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) ဆု ကို ရရှိခဲ့ဖူးသူဖြစ်တဲ့ ရော်နယ်လ်ဒင်ဟိုနဲ့ ၎င်းရဲ့ အကိုဖြစ်သူတို့ဟာ ပါရာဂွေးမှာ ထောင်ဒဏ် တစ်လ၊ အဆန်စီယွန်မြို့က ဟိုတယ်တစ်လုံးမှာ နေအိမ်အကျယ်ချုပ် လေးလ တို့ကို ကျခံခဲ့ရတာဖြစ်ပါတယ်။ 

ဘရာဇီးနိုင်ငံမှာတော့ ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၅၆,၀၀၀ ကျော် ရှိနေပြီး ဒါဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒုတိယမြောက် သေဆုံးမှု အများဆုံး နိုင်ငံဖြစ်နေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required