ရာထူးက မဆင်းပေးတဲ့ ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ရေး ဘန်ကောက်မှာ လူထောင်ပေါင်းများစွာ စုရုံးဆန္ဒပြ 

ရာထူးက မဆင်းပေးတဲ့ ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ရေး ဘန်ကောက်မှာ လူထောင်ပေါင်းများစွာ စုရုံးဆန္ဒပြ 
Photo - AFP

အောက်တိုဘာ ၂၆

ထိုင်းအစိုးရကို မကြုံဖူးလောက်အောင် စိန်ခေါ်နေတဲ့ ဆန္ဒပြသူတွေရဲ့ ရာထူးက နုတ်ထွက်ပေးရေး တောင်းဆိုချက်ကို ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ငြင်းဆန်ခဲ့တဲ့နောက်မှာ လူထောင်ပေါင်းများစွာဟာ ဘန်ကောက်ရဲ့ အဓိကလမ်းဆုံမှာ တနင်္ဂနွေက စုရုံးကြပြီး ဝန်ကြီးချုပ် နုတ်ထွက်ပေးရေး ထပ်မံတောင်းဆိုဆန္ဒပြကြပါတယ်။ 

၂၀၁၄ စစ်အာဏာသိမ်းမှုကို ကြိုးကိုင်ခဲ့သူ စစ်ခေါင်းဆောင်ဟောင်း ပရာယွတ်ချန်အိုချာဟာ လပေါင်းများစွာ ဆန္ဒပြမှုကြီးတွေကို ဆင်နွှဲနေကြတဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေရဲ့ ဖိအားကို ရင်ဆိုင်နေရတာပါ။ 

ပြီးခဲ့တဲ့နှစ်က အတော်လေး အငြင်းပွားမှုတွေ ရှိခဲ့တဲ့ ရွေးကောက်ပွဲကနေပြီး အာဏာကို ဆက်လက်ရယူထားတဲ့ ဝန်ကြီးချုပ်ကို ဆန္ဒပြသူတွေက အသိအမှတ် မပြုကြဘဲ ရာထူးကနေ နုတ်ထွက်ဖို့ ဗုဒ္ဓဟူးနေ့မှာ သုံးရက် အချိန်ပေးထားခဲ့တာပါ။ 

အဲဒီ သတ်မှတ်ချိန် ကျော်လွန်တဲ့ နောက်မှာတော့ ဘန်ကောက်မြို့လယ်က ရှော့ပင်းမောတွေကြား ရတ်ချာပရာဆောင်လမ်းဆုံမှာ ထောင်ပေါင်းများစွာ စုရုံးဆန္ဒပြကြတာပဲ ဖြစ်ပါတယ်။ 

“ပရာယွတ်က နုတ်မထွက်ဘဲ တင်းခံနေမယ်ဆိုရင် ကျွန်တော်တို့ကလည်း သူ့ကို ဖြုတ်ချဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်။”လို့ ဆန္ဒပြကြဖို့ ဆင့်ခေါ်ခဲ့တဲ့ စီစဉ်သူ ဂျက်တူပတ်ပိုင်ဘွန်ပတ်တာရာရတ်ဆာက ပြောပါတယ်။ 

အခု ဆန္ဒပြလှုပ်ရှားမှုရဲ့ အဓိက တောင်းဆိုချက်သုံးရပ်ဖြစ်တဲ့ ပရာယွတ် နုတ်ထွက်ရေး၊ ၂၀၁၇ ခုနှစ် စစ်တပ် ပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံဥပဒေကို ပြန်ပြင်ရေးဆွဲရေးနဲ့ နိုင်ငံရေးပြိုင်ဖက်တွေကို အာဏာပိုင်တွေ ထိပါးနှောင့်ယှက်နေတာတွေ ရပ်တန့်ရေးစတာတွေကို သူက ထပ်လောင်းတောင်းဆိုပါတယ်။ 

အခု စုရုံးဆန္ဒပြမှုအတွင်းမှာ နန်းဝတ်တန်ဆာ အပြည့်အစုံနဲ့ မိဖုရားလို ဝတ်ဆင်ထားသူတွေ၊ ရဲတွေ ဖြိုခွင်းလာမှာကို ကြိုတင်ပြင်ဆင်ပြီး ဟဲလ်မတ်ဦးထုပ်တွေ ဆောင်းထားကြတဲ့ လူငယ်တွေနဲ့ နိုင်ငံရဲ့ ထိုးဆင်းနေတဲ့ စီးပွားရေးအတွက် စိုးရိမ်ပူပန်ကြတဲ့ အသက်ကြီး ဆန္ဒပြသူတွေလည်း ပါဝင်ပါတယ်။ 

“ကျွန်တော် ပရာယွတ်ကို ဝန်ကြီးချုပ် တစ်ဦးဆိုတာထက် နိုင်ငံသားတစ်ယောက်အနေနဲ့ပဲ မြင်ချင်တယ်။ စီးပွားရေးက အမှန်ပဲ ဆိုးဝါးနေပြီ။ ဒီ ပြဿနာကို သူ မဖြေရှင်းနိုင်ဘူး။ သူ အနားယူသင့်ပြီး တစ်ယောက်ယောက်ကို လုပ်ပိုင်ခွင့် ပေးသင့်ပြီ။”လို့ အသက် ၄၃ နှစ်အရွယ် နုက ပြောပါတယ်။ 

မကျေနပ်တဲ့ စိတ်အခံနဲ့ ခုလို ဆန္ဒပြ စုရုံးနေကြတာဖြစ်ပေမယ့် ဆန္ဒပြသူတွေဟာ သီချင်းတွေ သီဆိုကြပြီး နာမည်ကြီး Hunger Games ရုပ်ရှင်ထဲက လက်သုံးချောင်းထောင် အလေးပြုတဲ့ ဒီမိုကရေစီ သင်္ကေတပုံ ရိုက်နှိပ်ထားတဲ့ ဦးထုပ်တွေ ဝယ်ယူကြတာတွေကြောင့် ပွဲလမ်းသဘင်လိုမျိုး ခံစားရစေပါတယ်။ 

ပတ်ပတ်လည်က လမ်းတွေကို ပိတ်ထားပြီး အတားအဆီးတွေ ချထားတဲ့ နားမှာ သက်မွေးဝမ်းကျောင်းသိပ္ပံကျောင်းတွေက ကျောင်းသားတွေဟာ ဆူပူအကြမ်းဖက်မှု မဖြစ်အောင် ဆန္ဒပြသူတွေကို စိစစ်လက်ခံခဲ့တာ ဖြစ်ပြီး အခု စုရုံးဆန္ဒထုတ်ဖော်မှုကြီးကို ည ၉ နာရီခွဲမှာ အဆုံးသတ်ခဲ့ပါတယ်။ 

ဝန်ကြီးချုပ် ပရာယွတ်ကတော့ တင်းခံနေတုန်းပဲ ဖြစ်ပြီး ဘန်ကောက်က သမိုင်းဝင် ဘုရားကျောင်းက ဘာသာရေးအခမ်းအနားတစ်ရပ်ဆီ စနေနေ့က တက်ရောက်ခဲ့ရာမှာ “ပြဿနာအားလုံးကို အပေးအယူ အလျော့အတင်း လုပ်ပြီး ဖြေရှင်းသွားနိုင်မှာဖြစ်တယ်။”ဆိုပြီး ပြောခဲ့ပါတယ်။ 

သူ့အနေနဲ့ ရာထူးက နုတ်ထွက်မှာ မဟုတ်ဘူးလို့လည်း သတင်းထောက်တွေကို ပြောပါတယ်။ 

အခု ဆန္ဒပြလှုပ်ရှားမှုဟာ ဦးဆောင်သူ ခေါင်းဆောင် မရှိပေမယ့် အဖွဲ့အုပ်စုတိုင်းဟာ ပရာယွတ်အစိုးရ အလုံးစုံ ပြုပြင်ပြောင်းလဲရေးကို တစ်ညီတစ်ညွတ်တည်း တောင်းဆိုကြတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required