ကိုဗစ်နှင့် ရာသီတုပ်ကွေး လက္ခဏာ ရောထွေးမှုများ ရှိနေ

ကိုဗစ်နှင့် ရာသီတုပ်ကွေး လက္ခဏာ ရောထွေးမှုများ ရှိနေ
Photo - EPA

အောက်တိုဘာ ၂၅၊ ၂၀၂၀

ကိုဗစ်ရောဂါနှင့် ယခုတလော အဖြစ်များနေသည့် ရာသီတုပ်ကွေး ရောဂါလက္ခဏာများ ဆင်တူသောကြောင့် ရောထွေးမှုရှိနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖျားနာကုဆေးခန်း (fever clinic) ဖွင့်လှစ်ထားသည့် အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ကျော်စွာဦးက သတိပေးသည်။  

“အခုဖြစ်နေတဲ့ ရာသီတုပ်ကွေးက ကိုဗစ်နဲ့ ခပ်ဆင်ဆင်ပဲ။ အနံ့ပျောက်တာက ကိုဗစ်မှာ အဓိက လက္ခဏာလို သွားဖြစ်‌နေတယ်။ အအေးမိ၊ နှာစေး၊ ချောင်းဆိုးက သိပ်မဖျားဘူး။ ဒါပေမယ့် နှာစေး၊ ချောင်းဆိုး၊ နှာပိတ်တဲ့ အတွက် အနံ့မရဘူး။ ရာသီတုပ်ကွေးက ဖျားတယ်၊ ကိုက်ခဲတယ်၊ အသက်ရှုကြပ်တယ်၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာတွေ ဖြစ်တယ်။ ကိုဗစ်နဲ့ တော်တော်လေး လက္ခဏာတွေ ဆင်တယ်။ ကိုဗစ်နဲ့ ရာသီတုပ်ကွေး ကွာတာက ကိုဗစ်ရဲ့ အဓိက လက္ခဏာက အနံ့ပျောက်တာ၊ နှာခေါင်းပိတ်လို့ မဟုတ်ဘူး။ အဲ့ဒါလေးကိုတော့ ကွဲပြားသိဖို့ လိုတယ်။ အထူးသဖြင့်တော့ ရာသီတုပ်ကွေးနဲ့ ကိုဗစ် လက္ခဏာက တော်တော်များများက ခပ်ဆင်ဆင်ပေါ့” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းလည်း ဖြစ်သူ ဒေါက်တာ ကျော်စွာဦးက ပြောသည်။

ရာသီတုပ်ကွေး ခံစားနေရသူများ အနေဖြင့် ကုသမှု အချိန်နောက်မကျစေရန် ရောဂါစတင် ခံစားလာရချိန်တွင် ကြောက်ရွံ့ခြင်းမရှိဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများထံ သွားရောက် ကုသသင့်ကြောင်းလည်း ဒေါက်တာ ကျော်စွာဦးက အကြံပြုထားသည်။

“နောက်ပိုင်း အဓိက လက္ခဏာ တစ်ခုအနေနဲ့ လုံးဝ အနံ့ပျောက်တာပေါ့၊ အခုဒီကာလ ဖျားလည်းဖျား၊ ချောင်းဆိုး၊ အသက်ရှုကြပ်၊ မောတယ်၊ အနံ့ပျောက်တယ်ဆိုရင်တော့ ကိုယ့်အနေနဲ့ ကိုဗစ်လား၊ ရာသီတုပ်ကွေးလားဆိုတာ ခွဲခြားမနေဘဲနဲ့ နီးစပ်ရာ ဆေးရုံဆေးခန်း၊ fever clinic လို့ ခေါ်တဲ့ ဖျားနာကုဆေးခန်းမှာ သွားပြပြီးတာကတော့ အကောင်းဆုံးပါပဲ” ဟု ၎င်းက ပြောသည်။

ရာသီတုပ်ကွေးမိပြီး ပြန်လည် သက်သာလာသူ ဒဂုံမြို့သစ် တောင်ပိုင်းနေ ကိုတရုတ်ကြီးက “မိုးမိပြီးတော့ နောက်ရက်ကျတော့ ကိုယ်လက်ကိုက်ခဲလာတယ်။ အိမ်ရောက်တော့ ဆေးတော့ သောက်လိုက်သေးတယ်။ မနက်ကျတော့ ဝိုင်းရိုက်ထားသလို ခံစားရတယ်။ ဆေးခန်းသွားပြီး ဆေးနှစ်လုံး ဆေးထိုးလိုက်တယ်၊ fever clinic သွားဖို့ ကြတော့ အဲ့ဒီမှာ ရောဂါတွေ့တဲ့ သူတွေလည်း ရှိတော့ သွားရမှာ နည်းနည်းတွေဝေတာ‌တွေ ရှိတယ်ဗျ။ သက်သာလာပေမယ့် လူကတော့ နှုန်းနေတယ်။ အားဖြစ်စေမယ့် အစားအစာ စားပေမယ့် အရသာ သိပ်မရှိသလိုပဲ။ အနံ့က မရတာ မဟုတ်ဘူး၊ စူးရှတဲ့ အနံ့ဆိုရင်ရတယ်။ အကုန်လုံး ဂရုစိုက်သင့်တယ်၊ ကိုဗစ် ဟုတ်၊ မဟုတ်ကိုလည်း သေချာသိသင့်တယ်” ဟု ပြောသည်။

ရပ်ကွက်များအတွင်းရှိ ဆေးအရောင်းဆိုင်များတွင် ရောဂါလက္ခဏာ ပြောပြပြီး စပ်ဆေးများ သောက်သုံးနေကြမှုအပေါ်တွင်လည်း ဒေါက်တာ ကျော်စွာဦးက “ရာသီတုပ်ကွေးက သတ်သတ်၊ ကိုဗစ်က သတ်သတ်၊ အအေးမိ နှာစေး၊ ချောင်းဆိုးက သတ်သတ်၊ မတူဘူး။ ဖြစ်ပုံဖြစ်နည်းလည်း မတူဘူး။ စပ်ဆေးတွေ သောက်တာကြတော့ တချိူ့လည်း အခြေအနေကြောင့်ပေါ့၊ စီးပွားရေး အခြေအနေ အရသော်လည်းကောင်း၊ ဆေးရုံဆေးခန်း သွားပြဖို့ အခြေအနေ မပေးတာက တစ်ကြောင်း၊ အဲဒီလို သောက်တာကတော့ မသောက်သင့်ဘူးပဲ ယူဆပါတယ်။ ဆေးဆိုင်တွေကလည်း ပြည်သူလူထု လိုအပ်ချက်အတွက် ရောင်းပေးတာတွေလည်း ရှိတဲ့အတွက် ရောင်းပေးရခြင်း ဖြစ်တယ်လို့ နားလည်တယ်။ တတ်နိုင်ရင်တော့ စပ်ဆေးတွေ ဝယ်သောက်မယ့်အစား နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကုသမှုခံယူတာတော့ အကောင်းဆုံးပေါ့။ စပ်ဆေးတွေကိုတော့ မသောက်စေချင်ပါဘူး” ဟု ပြောသည်။

ရာသီတုပ်ကွေးသည် ကိုဗစ်ရောဂါ ကူးစက်ပုံနှင့် ဆင်တူပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်ကြောင်း၊ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားလျှင် ပိုမိုပြင်းထန်စွာ ခံစားရနိုင်သူများနှင့် ကျန်းမာရေး ဝန်ထမ်းများ နှစ်စဉ် ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးနှံသင့်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကလည်း သတိပေးချက် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly