ဆမ်ဆောင်းကို ကမ္ဘာလုံးဆိုင်ရာ နည်းပညာလုပ်ငန်းကြီးအဖြစ် ပြောင်းလဲပေးခဲ့တဲ့ ဥက္ကဋ္ဌ လီကွန်ဟီး ကွယ်လွန်

ဆမ်ဆောင်းကို ကမ္ဘာလုံးဆိုင်ရာ နည်းပညာလုပ်ငန်းကြီးအဖြစ် ပြောင်းလဲပေးခဲ့တဲ့ ဥက္ကဋ္ဌ လီကွန်ဟီး ကွယ်လွန်

အောက်တိုဘာ ၂၅

တောင်ကိုရီးယားနည်းပညာကုမ္ပဏီ ဆမ်ဆောင်း အီလက်ထရောနစ် (Samsung Electronics) ကို ကမ္ဘာလုံးဆိုင်ရာ အထင်ကရ နည်းပညာလုပ်ငန်းကြီးဖြစ်လာအောင် ပြောင်းလဲပေးခဲ့သူ ဥက္ကဋ္ဌ လီကွန်ဟီးဟာ အောက်တိုဘာ ၂၅  ရက်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ လီကွန်ဟီးဟာ ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရှိပြီ ဖြစ်ပါတယ်။

လီရဲ့ ဦးဆောင်မှုအောက်မှာ ဆမ်ဆောင်းဟာ စမတ်ဖုန်းတွေနဲ့ memory chips (မှတ်ဉာဏ်ချစ်ပ်ပြား) တွေကို ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်သူ ဖြစ်လာတဲ့အထိ လုပ်ငန်းကြီးထွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယင်းကုမ္ပဏီရဲ့ ယနေ့အချိန်ကာလ စုစုပေါင်း ငွေအနုတ်အသိမ်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဂျီဒီပီရဲ့ ငါးပုံ တစ်ပုံနဲ့ ညီမျှနေပါတယ်။

တစ်ကိုယ်တော် တသီးတသန့် နေထိုင်တတ်တဲ့ ပုံစံ ရှိသူ ဖြစ်တဲ့ လီကွန်ဟီးဟာ ၂၀၁၄ ခုနှစ်မှာ နှလုံးရောဂါကြောင့် အိပ်ယာထဲလဲနေခဲ့ပါတယ်။ ယင်းနောက်ပိုင်း လီရဲ့ အခြေအနေနဲ့ပတ်သက်လို့ အနည်းအကျဉ်းမျှသာ ထုတ်ဖော်ခဲ့သလို ယုတ်စွအဆုံး ၎င်းရဲ့ နောက်ဆုံးနေ့ရက်တွေမှာတောင်မှ ၎င်းနဲ့ပတ်သက်လို့ ဖုံးကွယ်ထားခဲ့တာ ဖြစ်ပါတယ်။

“ဆမ်ဆောင်း အီလက်ထရောနစ်ရဲ့ ဥက္ကဌ လီကွန်ဟီး ကွယ်လွန်သွားပြီ ဆိုတာကို အလွန်တရာ ဝမ်းနည်းစွာနဲ့ပဲ ကြေညာလိုက်ရပါတယ်” လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

“ဥက္ကဋ္ဌ လီဟာ အောက်တိုဘာ ၂၅ ရက်မှာပဲ ကွယ်လွန်ခဲ့တာပါ၊ သူကွယ်လွန်ချိန်မှာ ဒုဥက္ကဋ္ဌ ဂျေးဝိုင်လီ အပါအဝင် သူ့မိသားစုဝင်တွေ အနားမှာ ရှိနေခဲ့ကြပါတယ်” လို့လည်း ထုတ်ပြန်သွားခဲ့ပါတယ်။

“ဥက္ကဋ္ဌ လီဟာ ဆမ်ဆောင်းကို ပြည်တွင်းလုပ်ငန်းတစ်ခုကနေ ကမ္ဘာ့ဦးဆောင် တီထွင်ဆန်းသစ်အားကောင်းတဲ့ စက်မှုဆိုင်ရာ အင်အားကြီးလုပ်ငန်းအဖြစ် အသွင်ပြောင်းလဲပေးခဲ့တဲ့ စစ်မှန်တဲ့ စိတ်ကူးဉာဏ်ထက်မြက်သူ ဖြစ်ပါတယ်၊ သူထားခဲ့တဲ့ အမွေအနှစ်တွေဟာ အမြဲတည်တံ့နေမှာဖြစ်ပါတယ်” လို့ ကုမ္ပဏီက ထုတ်ပြန်သွားပါတယ်။

ဆမ်ဆောင်းဟာ လက်ရှိအချိန်အထိတော့ တောင်ကိုရီးယားမှာ စီးပွားရေးလုပ်ငန်းတွေကို လွှမ်းမိုးထားတဲ့ မိသားစုထိန်းချုပ်တဲ့ အကြီးဆုံးသော စီးပွားရေးကော်ပိုရေးရှင်းကြီး ဖြစ်ပါတယ်။

၎င်းတို့ဟာ နိုင်ငံကို စစ်ပွဲတစ်ခုရဲ့ ဒဏ်ရာဒဏ်ချက်တွေ ရထားတဲ့ အခြေအနေကနေ ကမ္ဘာ့ ၁၂ ခုမြောက် အကြီးဆုံး စီးပွားရေးအင်အားကြီး နိုင်ငံအဖြစ် ရောက်ရှိအောင် အသွင်ကူးပြောင်းမှုကို မောင်းနှင်ပေးခဲ့ကြပေမယ့် ယနေ့အချိန်ကာလတွေမှာတော့ နောက်ကြောင်းမရှင်းတဲ့ နိုင်ငံရေးဆိုင်ရာ ပတ်သက်မှုတွေ၊ ဈေးကွက်ယှဉ်ပြိုင်မှုအပေါ် ချုပ်ထိန်းမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ လီ ကိုယ်တိုင်ဟာလည်း ရာဇဝတ်မှုဆိုင်ရာ ပြစ်မှုတွေနဲ့ နှစ်ကြိမ်အထိ စီရင်ချက် ချမှတ်ခံရပြီး တစ်ကြိမ်မှာတော့ သမ္မတ တစ်ဦးကို လာဘ်ထိုးခဲ့တဲ့ ဖြစ်စဉ်လည်း ပါဝင်နေခဲ့ပါတယ်။

လီဟာ ၎င်းရဲ့ ဖခင်ဖြစ်သူ ငါးနဲ့ သစ်သီး တင်ပို့မှုလုပ်ငန်းအဖြစ် စတင်တည်ထောင်ခဲ့တဲ့ ဆမ်ဆောင်းအုပ်စုရဲ့ ဥက္ကဋ္ဌနေရာကို ၁၉၈၇ ခုနှစ်မှာ ဆက်ခံခဲ့ချိန် ယင်းဟာ နိုင်ငံရဲ့ အကြီးဆုံးလုပ်ငန်းစုကြီး ဖြစ်နေပြီဖြစ်ပြီး လူသုံးကုန်လျှပ်စစ်ပစ္စည်းတွေကနေ ဆောက်လုပ်ရေးလုပ်ငန်းအထိ လုပ်ငန်းတွေမှာ လည်ပတ်လုပ်ဆောင်နေခဲ့ပါတယ်။

ဒါပေမယ့် လီဟာ လုပ်ငန်းကို အာရုံစိုက်ရင်း ကမ္ဘာလုံးဆိုင်ရာ နည်းပညာလုပ်ငန်းဖြစ်အောင် ပြောင်းလဲလုပ်ဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ၎င်း နှလုံးရောဂါ ခံစားရချိန် ယင်းက ကမ္ဘာ့အကြီးဆုံးသော စမတ်ဖုန်းနဲ့ memory chip ထုတ်လုပ်သူလုပ်ငန်းကြီး ဖြစ်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ယင်းဟာ ယနေ့အချိန်မှာ တစ်ပိုင်းလျှပ်ကူးပစ္စည်း (semiconductor) တွေနဲ့ LCD displays ပိုင်းမှာ အဓိက လုပ်ကိုင်သူ ဖြစ်နေပါတယ်။

၎င်းဟာ ဆိုးလ်မြို့လယ်မှာ ရှိတဲ့ ၎င်းရဲ့ သီးသန့် ခြံဝင်းကနေ ကုမ္ပဏီဌာနချုပ်ကို သွားဖို့ အပြင်ထွက်တာမျိုးက ဖြစ်တောင့်ဖြစ်ခဲ ဖြစ်တာကြောင့် ၎င်းကို တစ်ကိုယ်တော် ဘုရင်အဖြစ် ညွန်းဆိုခဲ့ကြပါတယ်။

၎င်းရဲ့ သားဖြစ်တဲ့ ဆမ်ဆောင်း အီလက်ထရောနစ် ဒုဥက္ကဋ္ဌ ဂျေးဝိုင်လီ လို့ သိကြတဲ့ လီဂျေယောင်းကတော့ ဖခင်ဖြစ်သူ လီကွန်ဟီး ၂၀၁၄ ခုနှစ်မှာ နှလုံးဝေဒနာ ခံစားရပြီးနောက်ပိုင်း ကုမ္ပဏီကို ပဲ့ကိုင်ဦးစီးခဲ့ပါတယ်။

လီဂျေယောင်းဟာလည်းပဲ သမ္မတဟောင်း ပါ့ခ်ဂွန်ဟေးနဲ့ပတ်သက်တဲ့ လာဘ်ပေးလာဘ်ယူမှု၊ အခြားပြစ်မှုတွေ ကျူးလွန်ထားတယ်လို့ စစ်ဆေးတွေ့ရှိပြီးနောက် ၂၀၁၇ ခုနှစ်မှာ ထောင်ငါးနှစ်ချမှတ်ခံခဲ့ရပါတယ်။ ယင်းနောက် ၎င်းဟာ အယူခံဝင်ရင်းနဲ့ အကြီးလေးဆုံး စွဲချက်တွေကနေ ကင်းရှင်းခဲ့ပြီး နောက်တစ်နှစ်မှာ ထောင်ကနေ လွတ်မြောက်ခဲ့ပါတယ်။

အဆိုပါ အမှုကိုတော့ လက်ရှိမှာ ပြန်လည် ရုံးတင်စစ်ဆေးလျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly