ကာတာနိုင်ငံမှာ စီးနင်းသူ စက်ရုပ်ဂျော်ကီတွေနဲ့ ကုလားအုတ် အပြေးပြိုင်ပွဲ ပြန်စ

ကာတာနိုင်ငံမှာ စီးနင်းသူ စက်ရုပ်ဂျော်ကီတွေနဲ့ ကုလားအုတ် အပြေးပြိုင်ပွဲ ပြန်စ

အောက်တိုဘာ ၂၅

ကာတာမှာ ဒေသတွင်း ပြိုင်ပွဲတစ်ခုအတွက် ကုလားအုတ်တွေနဲ့ သူတို့ကို စီးနင်းတဲ့ စက်ရုပ်ဂျော်ကီတွေဟာ ခုလိုရင် ပြေးလမ်းပေါ် ပြန်လည်ရောက်ရှိလို့ လာပါပြီ။  

ရှေးဓလေ့ထုံးစံဖြစ်တဲ့ ကုလားအုတ် အပြေးပြိုင်ပွဲတွေဟာ ဖေဖော်ဝါရီလကတည်းက စတင်ရမှာဖြစ်ပေမယ့် COVID-19 ကပ်ဘေးကြောင့် ရပ်နားထားခဲ့ရတာဖြစ်ပြီး စက်တင်ဘာလကမှ တစ်ဖြည်းဖြည်း ပြန်လည်ကျင်းပလာ ခဲ့ တာ ဖြစ်ပါတယ်။

၂၀၂၀-၂၀၂၁ ရာသီ ကုလားအုတ်အပြေးပြိုင်ပွဲတွေကို စက်တင်ဘာကနေပြီး နောက်နှစ် ဧပြီအထိ ကျင်းပမှာ ဖြစ်ပါတယ်။

ဆုကြေးငွေအနေနဲ့ကတော့ ဒေသတွင်း ပြိုင်ပွဲတွေမှာ ကာတာသုံး ရီယယ်ငွေ ၈၀၀၀ (အမေရိကန်ဒေါ်လာ ၂၁၀၀) ကနေ မတ်လမှာ ကျင်းပမယ့် ပသီစော်ဘွားပွဲတော်တွေက ပြိုင်ပွဲတွေနဲ့ ဧပြီလ နောက်ဆုံးရာသီပြိုင်ပွဲဖြစ်တဲ့ တံခွန်စိုက်ပြိုင်ပွဲတွေအတွက်တော့ ရီယယ် ၁၀ သန်းကျော်အထိ ဆုကြေးငွေ ရရှိကြမှာ ဖြစ်ပါတယ်။

ကုလားအုတ်ပြိုင်ပွဲတွေဟာ ပင်လယ်ကွေ့နိုင်ငံ ကာတာမှာ ရှေးဟောင်းဓလေ့ထုံးစံတစ်ရပ်ဖြစ်ပြီး ကာတာရဲ့ ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ် မျိုးဆက်တွေဆီ လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တာပဲ ဖြစ်ပါတယ်။

စော်ဘွားနိုင်ငံငယ် ကာတာမှာ ကုလားအုတ်အပြေးပြိုင်ပွဲတွေကို ၁၉၇၀ ခုနှစ် အစောပိုင်းကာလတွေမှ ပရိုဖက်ရှင်နယ်ပြိုင်ပွဲတွေအဖြစ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

ဒိုဟာကနေ တစ်နာရီကြာ ကားမောင်းသွားရတဲ့ အယ်ရှာဟာနီယာ အပြေးပြိုင်ပွဲကွင်းဟာ ပြိုင်ပွဲတော်တော်များများကို ကျင်းပရာ ကွင်းလည်း ဖြစ်ပါတယ်

ကာတာမှာက အပြေးပြိုင်ပွဲဝင် ကုလားအုတ် ၂၀၀၀ နီးပါး ရှိပြီး ပြိုင်ပွဲကြီးတွေမှာတော့ ပင်လယ်ကွေ့ဒေသအနှံ့က ကုလားအုတ် ၁၃၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်နိုင်တာပဲ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်ကစပြီး ကုလားအုတ် စီးနင်းသူ ဂျော်ကီတွေအဖြစ် အဝေးထိန်း စက်ရုပ်တွေကို စတင်အသုံးပြုလာခဲ့တာ ခုထိပဲ ဖြစ်ပါတယ်။

အရင်ကတော့ ကုလားအုတ် အပြေးပြိုင်ပွဲတွေမှာ အသက် လေးနှစ်လောက်တောင် ငယ်ရွယ်တဲ့ ကလေးတွေ စီးနင်းခဲ့တာဖြစ်ပေမယ့် ဒီ အမူအကျင့်ကို လက်ရှိမှာ တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။

ကုလားအုတ်တွေကို ထိန်းကျောင်းသင်ကြားသူတွေဟာ ပြိုင်ပွဲတွေအတွင်းမှာ ကုလားအုတ် ကျောပေါ်က စက်ရုပ်ဆီ ရေဒီယိုအသံလွှင့်စက်ကနေ ဆက်သွယ်စေခိုင်းတာ ဖြစ်ပါတယ်။

အဲဒီ ရိုဘော့စက်ရုပ်မှာ ကျာပွတ်တစ်ချောင်းလည်း ပါရှိပြီး ဒီ ကျာပွတ်ကို ကုလားအုတ်ပိုင်ရှင် ဒါမှမဟုတ် ထရိန်နာကပဲ အဝေးက ထိန်းချုပ်တာ ဖြစ်ပါတယ်။

ကုလားအုတ်တွေ အပြေးပြိုင်ကြပြီဆိုရင်တော့ ပိုင်ရှင်တွေ၊ ထရိန်နာတွေဟာ ရိုဘော့စက်ရုပ်တွေကို ထိန်းချုပ်နိုင်ဖို့အတွက် အပြေးလမ်းကြောင်းနဲ့ အပြိုင် ကားလမ်းပေါ်ကနေ ကားတွေနဲ့ တောက်လျှောက်လိုက် ထိန်းချုပ် စေခိုင်းတာပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲ တစ်ခုပြီးတိုင်း အနိုင်ရ ကုလားအုတ်ရဲ့ သွေးနဲ့ ဆီးကို ယူပြီး စိတ်ကြွဆေး ထိုးနှံပေးထားတာ ရှိမရှိလည်း စစ်ဆေးပါတယ်။

ကာတာက ကုလားအုတ်ပြိုင်ပွဲအဖွဲ့အစည်းဟာ Snapchat မှာ ဖလိုဝါပေါင်း ၁ ဒသမ ၈ သန်းအထိ ရရှိထားတာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် ကုလားအုတ်အနေနဲ့ အနည်းဆု့း တစ်နာရီ ၂၅ မိုင် ပြေးနိုင်စွမ်း ရှိရမှာ ဖြစ်ပါတယ်။

ပြေးလမ်းအရှည်ဟာလည်း ပြိုင်ပွဲနဲ့ ကုလားအုတ်ရဲ့ အသက်အပိုင်းအခြားပေါ်မူတည်ပြီး နှစ်မိုင်ခွဲမှ ခြောက်မိုင်အထိ ရှိပါတယ်။

အနိုင်ရတဲ့ ကုလားအုတ်တွေဟာ ကာတာငွေ နှစ်သန်းလောက်အထိ အရောင်းအဝယ် ဈေးပေါက်နိုင်တဲ့ ကုလားအုတ်တွေပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly