ကယားပြည်နယ်တွင် ကိုဗစ်ပိုးတွေ့သူ ၅ ဦးအထိ ရှိလာ

အောက်တိုဘာ၊ ၂၅ ၊၂၀၂၀

ကယားပြည်နယ်၊ လွိုင်ကော် ပညာရေးကောလိပ် ကွာရန်တင်း စင်တာတွင် အသွားအလာ ကန့်သတ်ထားသူ ၁၅ ဦးကို စစ်ဆေးခဲ့ရာ သုံးဦးတွင် ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိရသဖြင့် ကယားပြည်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ငါးဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။

“တစ်ခန်းထဲ အတူနေတဲ့အခါကျတော့ အဲ့ဒီလို ကူးတယ်လို့ပဲ ယူဆရတာပေါ့လေ။ ဒါပေမယ့် ပြောလို့မရဘူး။ ရန်ကုန်က လာတော့ ပါလာတာလည်း ဖြစ်နိုင်တယ်။ ဒီရောဂါအခြေအနေက အပြတ်ပြောနိုင်တာ မရှိဘူး။ တစ် ယောက်နဲ့ တစ်ယောက်ကတော့ မျက်နှာချင်းဆိုင် စကားပြောတာ ၁၅ မိနစ်ထက် စကားပြောရင် ရောဂါပိုး ကူးစက်ဖို့ အခွင့်အရေးများပါတယ်” ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင် သတင်းထောက်များကို ပြောသည်။   

ပိုးတွေ့လူနာများသည် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဖြစ်ပြီး ရန်ကုန်မှ ပြန်လာ၍ လွိုင်ကော် ပညာရေးကောလိပ်ရှိ ကွာရန်တင်း စင်တာတွင် ဝင်ရောက်နေသူများ ဖြစ်သည်။ ပိုးတွေ့လူနာများ ကျန်မာရေး ကောင်းမွန်ပြီး လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးတွင် အမျိုးသမီး၊ အမျိုးသား သီးသန့်အဆောင်များသို့  ပို့ဆောင်၍ ကုသပေးနေ ကြောင်း သိရသည်။  

လွိုင်ကော်မြို့တွင် ပိုးတွေ့လူနာကို အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်တွေ့ရှိခဲ့ကာ ယမန်နေ့က တစ်ရက်တည်းအတွင်း  သုံးဦး ထပ်မံ တိုးလာ၍ အထိ စုစုပေါင်း ငါးဦး ရှိလာပြီ ဖြစ်သည်။ ပိုးတွေ့ရှိသူ အများစုသည် လွိုင်ကော်မြို့၊ ဒေါဥခူ ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly