ထိုင်းတွင် ကားချင်းတိုက်မှု မြန်မာအလုပ်သမား ၁ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ

ထိုင်းတွင် ကားချင်းတိုက်မှု မြန်မာအလုပ်သမား ၁ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ

အောက်တိုဘာ ၂၃ ၊ ၂၀၂၀

ထိုင်းနိုင်ငံ အရှေ့ပိုင်း ချုံဘူရီပြည်နယ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားနှင့် တခြား ထရပ်ကားတစ်စီးတို့ တိုက်မိခဲ့သောကြောင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး အခြား ၁၁ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

သေဆုံးသူရော ဒဏ်ရာရသူအားလုံးပါ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း၊ ယာဉ်တိုက်မှုသည် ချုံဘူရီပြည်နယ်၊ နွန်ကန်ကော့မြို့နယ်ထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပတ္တယား နယူးစ်က အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖော်ပြသည်။

သေဆုံးသူ မြန်မာအမျိုးသားမှာ အသက် ၃၅ နှစ်အရွယ် ကိုဂျူအန် ဆိုသူဖြစ်ပြီး အခြား ဒဏ်ရာရသူ ၁၁ ဦးကို ဒေသန္တရဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပစ်ကပ်ထရပ်ကားကို မောင်းနှင်သူ အသက် ၃၇ နှစ်အရွယ် ထိုင်းနိုင်ငံသား ဆူတင် ယောင်ဟွေးထောင်က သူသည် အလုပ်သမား ၁၂ ဦးကို တင်ဆောင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ မောင်းနှင်လာစဉ် ယာဉ်က ထိန်း မရဖြစ်ပြီး အခြားယာဉ်ကို တိုက်မိခဲ့ကြောင်း ပြောသည်။

ထိုင်းတွင် အများအားဖြင့် ဆောက်လုပ်ရေးလုပ်သား အပါအဝင် အလုပ်သမားများကို အမိုးဖွင့်ပစ်ကပ်ကားဖြင့် အကြိုအပို့ လုပ်လေ့ရှိကြပြီး ယင်းကြောင့်ပင် ယာဉ်မတော်တဆမှု ဖြစ်ပါက ယာဉ်ပေါ်တွင်လိုက်ပါလာသူများ လွင့်စင်ပြုတ်ကျမှု ဖြစ်လေ့ရှိကြသည်။

ထိုင်းရဲများက စောင့်ကြည့် CCTV ကင်မရာများကို စစ်ဆေးနေပြီး ယာဉ်မောင်းကို အမှုဖွင့်နိုင်ရန် မျက်မြင်သက်သေများကိုလည်း မေးမြန်းနေဆဲဖြစ်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly