ကိုဗစ်ပြင်းထန်လူနာများ ယခင်ထက်များလာဟုဆို

အောက်တိုဘာ ၂၂ရက်

COVID-19 ကူးစက်ခံရမှု အများဆုံးဖြစ်နေသည့် ရန်ကုန်တွင် ရောဂါပြင်းပြင်းထန်ထန် ခံစားနေရသည့်လူနာအရေအတွက် ယခင်ကထက် ပိုမို များပြားလာပြီး အောက်ဆီဂျင်ရှုရသည့် ပြင်းထန် လူနာအရေအတွက်မှာလည်း ပိုများလာကြောင်း  ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန တာဝန်ခံ ဒေါက်တာမော်မော်ဦးက ပြောသည်။

ယခင်က ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာသည့်လူနာများအနက် ၂၀ ရာခိုင်နှုန်းအောက်ခန့်သာ အောက်ဆီဂျင်ရှူရန် လိုအပ်သူများဖြစ်ပြီး ယခုနောက်ပိုင်းတွင် ရောက်ရှိလူနာများ၏ ၅ဝရာခိုင်နှုန်းခန့်သည် အောက်ဆီဂျင်ရှူ ရန် လိုအပ်သည့် ပြင်းထန်လူနာများဖြစ်ကြောင်း၎င်းကပြောသည်။

 “အောက်ဆီဂျင်ရှူဖို့အတွက် လူနာအရေအတွက် စုစုပေါင်း ကျွန်တော်တို့ဆေးရုံကြီးမှာ ၂၅၀ လောက်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ဒါတောင်မှ လာသမျှလူတွေနဲ့ မလောက်နိုင်သေးဘူး အဲ့လောက်များနေတာ အောက်ဆီဂျင်လို အပ်တဲ့ပမာဏက။ အဲ့ထက်လိုနေတယ်။ ဒါကြောင့်မို့လို့ တခြားစင်တာတွေဖြစ်တဲ့ အင်းယားတို့၊ ဖောင်ကြီးတို့၊ ဧရာတို့ အဲ့နေရာတွေကိုတောင် ပြန်ပြန်ပို့နေရတယ်” ဟု ဒေါက်တာမော်မော်ဦးက ဆိုသည်။

တိုင်းဒေသကြီး ကိုဗစ်ကော်မတီ၏ ဆောင်ရွက်မှုဖြင့် ရန်ကုန်တိုင်းအတွက် တစ်ရက်လျှင် ၄၀ လီတာ ဆန့်သော အောက်ဆီဂျင်အိုး ၅၀၅၀ ခန့် ရရှိနေသောကြောင့် လက်ရှိတွင် အဆင်ပြေနေသော်လည်း နောက်ပိုင်းတွင် အောက်ဆီဂျင်ပေးရမည့် လူနာများ ယခုထက် ပိုမိုများပြားလာမည်ဆိုပါက အောက်ဆီဂျင် မလောက်ငှမှုများ ဖြစ်လာနိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

 “အခံရောဂါရှိတဲ့သူတွေနဲ့ အသက်ကြီးတဲ့သူတွေက ကိုဗစ်ကူးစက်ခံရရင် ဆိုးဝါးမှုအခြေအနေပိုများတယ်။ ဒါကြောင့် မကူးစက်အောင်နေကြဖို့အတွက် အရေးကြီးတယ်။ နံပါတ် နှစ်ကတော့ ရောဂါမဆိုးလာခင် ဆေးရုံဆေး ခန်းကို အချိန်မီ ပြနိုင်ဖို့လိုတယ်။ နေနိုင်သေးတယ်။ နေနိုင်သေးတယ်နဲ့ပဲ နေနေရင် ပြဿနာရှိတယ်။ အဲ့မှာနည်းနည်း ဆိုးလာတဲ့အခါကျမှ လာတဲ့လူနာတွေက အောက်ဆီဂျင်ရှူတာတောင်မှ ရှူလို့မရတဲ့ အခြေအနေတွေ ဖြစ်တယ်။ နောက်ကိုယ့်ရဲ့ ရောဂါအခံတွေက ဘယ်လောက်များလဲ။ ရောဂါအခံများရင် စောစောစီးစီသာလာပြလို့ရှိရင် စောစောစီးစီး positive၊ negative သိလို့ရှိရင် များသောအားဖြင့် အဲ့ဒီလူတွေဟာ ကောင်းလေ့ရှိပါတယ်။ အသက်ဆုံးရှုံးမှုလည်းမရှိဘူး။ နောက်ကျပြီးမှ လာရင်တော့ အသက်ဆုံးရှုံးမှုများတယ်” ဟု ဒေါက်တာမော်မော်ဦးက ပြောသည်။

ပြင်းထန်လူနာများအတွက် ရန်ကုန်ဆေးရုံကြီးတွင် ICU(အထူးကြပ်မတ်ကုသဆောင်) ၃ဝနှင့် HDU (High Dependency Unit - အထူးအောက်ဆီဂျင် ကုသဆောင်) ၅ဝခန့်အား တိုးချဲ့ထားပြီးဖြစ်သည်။

လက်ရှိတွင် ရန်ကုန်ဆေးရုံကြီး ကိုဗစ်ကုသဆောင်ရှိ လူနာများအား ပြုစုစောင့်ရှောက်ရန်အတွက် စေတနာ့ဝန်ထမ်းအနေဖြင့် တာဝန်ထမ်းဆောင်နိုင်မည့် ဆရာဝန်နှင့် သူနာပြုတို့လိုအပ်နေကြောင်းလည်း သိရသည်။

အောက်တိုဘာ ၂၁ရက် ညပိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19  အတည်ပြုလူနာ ၃၉၆၉၆ ဦးရှိပြီး သေဆုံးသူ ၉၇၂ ဦးနှင့် ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၈၈၆၅ ဦး ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required