ကိုဗစ်နဲ့ နရသိန်ရသစုံ 

ကိုဗစ်နဲ့ နရသိန်ရသစုံ 
ဓာတ်ပုံ - သန်းဇော်

အသက်တစ်ချောင်း - 

ကမ္ဘာပေါ်မှာရော ကျွန်တော်တို့နိုင်ငံမှာပါ ကိုဗစ်နိုင်တင်းကို တော်လှန်တိုက်ခိုက် ကျော်ဖြတ်နေရတာ ပင်ပန်းနေ   ပါပြီ။ ဒါပေမယ့်လည်း ကိုမြင်နိုင်ကြီးကတော့ ပြန်မပြောနားမထောင် သူတိုက်ခိုက်လို့ရတဲ့ အကွက်တွေကနေရော၊  ထောင့်ကနေရော ဆက်လက်ပြီး ကျွန်တော်တို့ လူသားတွေကို ဒုက္ခပေးနေတုန်းပဲ ဖြစ်ပါတယ်။ အိမ်ထဲမှာနေရတာလည်း ငြီးငွေ့လှ၊ ဝါးတီးကလည်း သိတ်မကောင်းလှ၊ နေတဲ့ အိမ်ခန်းက ကျဉ်းနေတော့ လေ့ကျင့်ခန်းလည်း ကောင်းကောင်းလုပ်မရဆိုတော့ တစ်ခါတစ်ခါ ကိုယ်နှစ်ရှည်လပေါင်းများစွာ နေခဲ့ရတဲ့ နရသိန်နန်းတော်ကြီးဆီ    စိတ်က ရောက်တော့ . . ဟူး. တော်သေးတယ်ပေါ့၊ နောက် ပက်လက်လှန်စဉ်းစားပြန်တော့လည်း ကိုဗစ်က အခန့်မသင့်ရင် ကိုယ့်အသက်ကို   လူမသိ သူမသိ ပူးကပ် ထုတ်ယူသွားနိုင်တယ်ပေါ့။  မျက်စိထဲမြင်ကြည့်တာ ICU ထဲမှာ အောက်စီဂျင်ကို  အပြင်း အထန်ရှူ၊ ချောင်းတစ်ဟွတ်ဟွတ်ဆိုးပြီး အခြားဘဝတွေကို အလည်ရောက်သွားတာတွေ၊ မမြင်တွေ့ရတဲ့ ဗိုင်းရပ်စ်ပိုးနဲ့ အသေအလဲစစ်တိုက်ရတာ ကြောက်စရာ။ 

ဘာများထူးလို့လည်း၊ နရသိန်ထဲမှာလည်း တိုက်ပွဲတွေရှိတာပေါ့၊ မမြင်ရတဲ့တိုက်ပွဲ၊ မြင်ရတဲ့တိုက်ပွဲ၊ ညစ်ညမ်းတဲ့ တိုက်ပွဲ၊ ဂွင်ဖန်တဲ့တိုက်ပွဲ၊ ဝါးတီးအတွက်တိုက်ပွဲ၊ ဂုဏ်သက္ခာတိုက်ပွဲ၊ လိုင်းဝင်တိုက်ပွဲစတဲ့ တိုက်ပွဲပေါင်း မြောက် များစွာ ရှိလေရဲ့။ ကိုယ်တွေကတော့ နိုင်ငံရေးအကျဉ်းသားတွေဆိုတော့ ဂုဏ်သိက္ခာတိုက်ပွဲတွေကို မရေတွက်နိုင် လောက်အောင်ကို တိုက်ပွဲဝင်ခဲ့ရသူပါ။ အဲဒီအထဲကမှာ ကိုယ့်အသက်အတွက် ရုန်းကန်ခဲ့ရ၊ ကံကောင်းလို့ မသေခဲ့ ရတဲ့ အကြာင်းလေးကို ခုလို ကိုဗစ်ကာလမှာ သတိရလိုက်မိပါတယ်။ 

ဗြဟ္မာ့ပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်း ထိစပ်နိုင်တယ်၊ လူဖြစ်လာဖို့ ခဲယဉ်းတယ်ဆိုတဲ့ စကားကို ကျွန်တော်တို့မြန်မာလူမျိုးတွေ သိကြပါတယ်။ အမိဝမ်းက မမွေးခင်ရော၊ မွေးပြီးတဲ့အချိန်က စလို့ရော ၊ တဖြည်းဖြည်းကြီးပြင်းလာတဲ့ တစ်လျှောက်လုံးမှာ အသက်အန္တရာယ်မရှိအောင် ၊ မဖြစ်အောင်၊ သတိထားကြရ ပါတယ်။ ကျွန်တော်ရဲ့ အတွေးအရကတော့ အသက်ရဲ့တန်ဖိုးဟာ လူ့ရဲ့တန်ဖိုးပါ။ လူ့ရဲ့တန်ဖိုးဆိုတာကလည်း သူ့ရဲ့ ပြုမူနေထိုင် ကျင့်ကြံ အားထုတ်ဆောင်ရွက် လုပ်ကိုင်တဲ့အပေါ်မှာ အကဲဖြတ်ပြီး တန်ဖိုးခြင်းခြားနားလာ တာပဲ ဖြစ်ပါတယ်။ လူတိုင်းဟာ သူ့တန်ဖိုးနဲ့သူ ရှိကြတာပဲဖြစ်လို့ သူ့နေရာနဲ့သူကတော့ အသုံးဝင်၊ အသုံးကျ၊ တန်ဖိုးရှိပါတယ်လို့ ယေဘုယျဆိုပါရစေ။ 

ကျွန်တော်တို့ လူ့ဘဝကြီးကို ဖြတ်သန်းနေစဉ်မှာပဲ ၁၉၈၉ ခုနှစ် နဝတ စစ်အစိုးရခေတ်မှာ မဟုတ်မမှန်အမှုတွေ ဆင်ပြီး စစ်ခုံရုံးကနေ ထောင်ဒဏ်နှစ်ရှည်ခံလိုက်ရပါတယ်။ ထောင်ထဲမှာလည်း မတော်မတရားတာတွေကို ဆန့်ကျင်၊ မဟုတ်မခံ ပြန်မပြောနားမထောင်၊ အနှိပ်စက်ခံ၊ အထုထောင်းခံကာ တစ်နှစ်ကျော် အင်းစိန်ထောာင် ကြိုးတိုက်(သေဒဏ်တိုက်)ထဲမှာ နေခဲ့ရပြီး စာဥတိုက်ပွဲလို့ လူသိများတဲ့ ၁၉၉၀ စက်တင်ဘာ ၂၅ စစ်အာဏာရှင် ခေတ် အင်းစိန်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်းသပိတ်တိုက်ပွဲမှာ ဦးဆောင်ပါဝင်လို့ ဟုဆိုကာ မသေရုံညှဉ်းပန်းနှိပ်စက်ရိုက်နှက်ခြင်းခံရပါတယ်။ ချက်ချင်းဆိုသလို သံခြေချင်းခတ်ကာ နောက်တစ်နေ့ မှာပဲ သရက်ထောင်ကို ပို့ဆောင်ခြင်းခံရပါတယ်။ တော်သေးတယ် ကံကောင်းလို့မသေ။ 

သရက်ထောင်ရောက်တော့လည်း အနံ့အသက်မကောင်းတဲ့ တိုက်ခန်းကျဉ်းလေးထဲ နှစ်ပေါင်းများစွာ နေခဲ့ရတဲ့ အချိန်တွေထဲက တစ်ချိန်ဖြစ်တဲ့ ၁၉၉၅ ခုနှစ်မှာဖြစ်ပါတယ်။ ကျွန်တော်က ထောင်ဒစ် အနှစ် ၃၀ ကျတယ်ဆိုပြီး တော့ အခြားနိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ဆေးရုံဆောင်ကိုပို့လိုက်ပြီး ကျွန်တော့ကို တိုက်ထဲမှာ ချန်ထား ခဲ့ပါတယ်။ မှတ်မှတ်ရရ (၃)တိုက်မှာဖြစ်ပါတယ်။ အဲဒီတိုက်ထဲမှာ ကလေးမုဒိန်း၊ လူသတ်မှုစတဲ့ သေဒဏ်ကျ ရာဇဝတ်သားတွေအပြင် အင်းစိန်ထောင်က ပြောင်းလာတဲ့ ရာဇဝင်လူဆိုး စိုးမြတ်ဆိုသူလည်းရှိပါတယ်။ သူတို့ တွေနဲ့အတူ မကွေးတိုင်း၊ အောင်လံမြို့ ရွာတစ်ရွာက လူသတ်မှုနဲ့ စိတ်ရောဂါသည် တစ်ဦးလည်းရှိပါသေးတယ်။ သူ့ နာမည်က ကိုဝင်းမောင်။ 

သူဟာ သူ့ရဲ့အမရင်းကမွေးတဲ့ ရက်သားပဲရှိသေးတဲ့ ကလေးနုနုနယ်နယ်လေးကို စိတ်ဖောက်ပြန်ပြီး ဓားနဲ့ တုံးတစ် လို့ ဆန်ကောထဲထည့်ကာ ရွာလည်ရောင်းတယ်တဲ့၊ အဲဒါနဲ့ ရွာက ဝိုင်းဖမ်းပြီး တရားရုံးတင်ထောင်ချလိုက်တဲ့အမှုနဲ့ ရောက်လာသူဖြစ်ပါတယ်။ သူ သရက်ထောင်ကိုရောက်လာတော့ သူနေတဲ့တိုက်ခန်းကနေ ရေချိုးချတာတို့ မိလ္လာ ချတာတို့ဆိုရင် သူ့ကိုတစ်ခန်းတည်းဖွင့်ပြီး ထောင်ဝန်ထမ်းဝါဒါက ဦးဆောင်ပြီးလုပ်ပေးပါတယ်။ သူ့ကို လေ့လာ ကြည့်တဲ့အခါ ယဉ်ယဉ်လေးရူးနေတာ စိတ်မကောင်းစွာတွေ့ရပါတယ်။ ဘာ့ကြောင့် အရူးနဲ့ကျွန်တော် တစ်တိုက် တည်း အတူထားတာလဲဆိုတာ ကျွန်တော် စဉ်းစားရပါတော့တယ်။ 

အရင် နှစ် နှစ်လောက်က ကျွန်တော်တို့နဲ့အတူ သရက်ထောင်ကိုပြောင်းလာတဲ့ ထောင်နှစ်ရှည်ကျ ကျောင်းသား တပ်မတော်က ကိုမြင့်ဆွေဆိုသူကို (၄)တိုက်မှာ အရူးတစ်ယောက်က ဆန်ပြုတ်ထမ်းတဲ့ ထမ်းပိုးနဲ့ ရိုက်သတ်လို့ သေဆုံးသွားခဲ့တဲ့ အဖြစ်ကလည်း သရက်ထောင်မှာ ရာဇဝင်ရှိခဲ့ပါတယ်။ 

ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ကိစ္စချောအောင် လုပ်တဲ့နည်းစနစ်တွေထဲမှာ ဒီနည်းစနစ်တစ်ခုလည်း ပါဝင်တယ်ဆိုတာ ကျွန်တော်တို့က သိထားတော့ လေးလေးနက်နက် စဉ်းစားရတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ကျွန်တော်က စိတ်မနှံ့တဲ့ ကိုဝင်းမောင်ကို အမြဲစောင့်ကြည့်နေရပါတော့တယ်။ ကိုယ့်မှာရှိတဲ့ စားသောက်စရာ အချို့ကိုလည်း တခြားအကျဉ်းသားတွေလိုပဲ သူ့ကို ဝေမျှပေးပါတယ်။ သူဟာ ကျွန်တော့ဆီက ကြည့်မှန်လေးကို မကြာခဏဆိုသလို ငှားကြည့်တတ်ပါတယ်။ ငှားကြည့်ရင်လည်း တော်တော်နဲ့ ပြန်မပေးတတ်ပါဘူး။ ရှာဖွေရေး လုပ်ခါနီး သို့မဟုတ် ရှာဖွေရေးလုပ်ပြီဆိုရင် စိုးရိမ်တကြီး ကျွန်တော့အခန်းကို လှမ်းပစ်ပေးပါတယ်။ တစ်ခါတစ် လေ ဝန်ထမ်းဝါဒါတွေ တွေ့တဲ့အခါလည်းရှိပါတယ်။  

သူက မှန်ကြည့်ပြီးဘာလုပ်လည်းဆိုတော့ မှန်ထဲမှာ အိုက်တင်အမျိုးမျိုးလုပ်တယ်၊ သူ့ကိုယ်သူ အလှပြင်တယ်၊ မှန်ကိုကြည့်ပြီး ရယ်ပြလိုက် မဲ့ပြလိုက်လုပ်တယ်၊ အဲဒီလိုမျိုး မှန်ငှားပြီးရင် အဲဒီလို တစ်ချိန်လုံး လုပ်နေတာပါ။ မှန်ကို အပိုင်ယူလိုက်တော့ဆိုလည်း သူက မယူပြန်ဘူး၊ မှန်ကို ရှာဖွေရေးမှာ မိသွားရင် အမေးအမြန်းခံရနိုင်တယ်၊ အပြစ်ပေးခံရနိုင်တယ်၊ မှန်က ထောင်ထဲမှာ တရားမဝင်ပစ္စည်းပါ။ နောက်မှတွေးမိတာ မှန်ကို သူ အပိုင်မယူတာ လည်း ကောင်းသွားပါတယ်။  သူမှန်ကြည့်နေတာကို ကျွန်တော်မြင်သွားရင်လည်းကောင်း၊ ဝန်ထမ်းဝါဒါမြင်သွား ရင်လည်းကောင်း သူဟာပြုံးနေတတ်ပါတယ်။ သူစိတ်ဖောက်ပြန်တဲ့အခါ အော်ဆဲတာတွေလည်းရှိရဲ့၊ ကျွန်တော် တို့ နားမလည်တဲ့ ဘာသာစကားတွေလည်း ပြောရဲ့၊ အဲဒါတွေကို ဝန်ထမ်းဝါဒါတွေအားလုံးက သိကြပါတယ်။ အာဏာပိုင်တွေ အားလုံးလည်း သိကြပါတယ်။  

အဲဒီလိုနေရင်း တစ်နေ့မှာပေါ့။ မနက်ပိုင်း ရှစ်ခန်းတွဲဖြစ်တဲ့ (၃)တိုက်ရဲ့ တိုက်ခန်း ၃ ခန်းကို ဖွင့်လိုက်ပါတယ်။ ကျွန်တော်ရယ်၊ ကိုစိုးမြတ်အခန်းရယ်၊ ကိုဝင်းမောင်အခန်းရယ်ပဲ ဖြစ်ပါတယ်။ ကျန်တဲ့အခန်းက ရာဇဝတ်မှုနဲ့ သေဒဏ်ကျအကျဉ်းသားတွေ ဖြစ်လို့ သူတို့ကိုတော့ သီးခြားခွဲပြီးဖွင့်ပါတယ်။ တိုက်ဝန်းထဲ လမ်းလျှောက်ကြပေါ့၊ ကိုစိုးမြတ်ကတော့ အပြင်ထွက်သွားပြီး တစ်ယောက်ယောက်ဆီ သွားတယ်ထင်ပါတယ်။ တိုက်ဝန်းထဲမှာ ကျွန်တော်ရယ် ကိုဝင်းမောင်ရယ် နှစ်ယောက်ထဲ လမ်း လျှောက်နေတာပါ။ အဲဒီနေ့ကျမှ အဲဒီအချိန်ကျမှ စိတ်မနှံ့သူ ကိုဝင်းမောင်ဟာ လမ်းလျှောက်ရင်း ကျွန်တော့လည်ပင်းကို ဖက်ပြီး စကားလာပြောပါတယ်၊ ခါတိုင်း အဲဒီလို ဖက်လေ့ မရှိပါဘူး။ တာဝန်ကျဝန်ထမ်းကလည်း တိုက်ဝန်းထဲမှာ မရှိဘဲ အဲဒီအချိန် ကိုဝင်းမောင်ဟာ ကျွန်တော့ လည်ပင်းကို တအားလာဖက်တာပါ။ စက္ကန့်ပိုင်းအတွင်းမှာ လည်ပင်းညှစ်သလိုဖြစ်လာပြီး ကျွန်တော်လည်း အတင်းရုန်းပါတယ်၊ သူ့ဗလနဲ့ ကျွန်တော်က အားချင်းမမျှတော့ ကျွန်တော်ရုန်းနေပေမယ့်လည်း သိတ်ပြီး မထိ ရောက်ပဲ ဖြစ်နေပါတယ်။  

တဖြည်းဖြည်းနဲ့ ကျွန်တော့လည်ပင်းကို အတင်းညှစ်နေပါတော့တယ်။ ကျွန်တော့ကို လည်ပင်းညှစ်သတ်နေတာပဲ ဖြစ်ပါတယ်။ ကံကောင်းချင်တော့ ကျွန်တော်ရုန်းနေတဲ့အချိန်မှာပဲ ကိုစိုးမြတ်က တိုက်ဝန်းထဲ ပြန်ဝင်လာပါတယ်။ ကျွန်တော့ကို လည် ပင်းညှစ်နေတာ၊ ကျွန်တော်က ရုန်းကန်နေတာကို မြင်သွားပြီး ကိုဝင်းမောင်ရဲ့ လက်တွေကို အတင်းဆွဲဖယ်ပါတော့တယ်။ သူ့ကိုလည်း ချော့ရင်း သူ့လက်တွေကိုလည်း ကိုစိုးမြတ်က ကြီးမားတဲ့ သူ့ဗလကြီးနဲ့ အတင်းဖယ်ရှားရင်း ကိုဝင်းမောင်ရဲ့ လက်ကနေ ကျွန်တော်လွတ်သွားပါတော့တယ်။  

အရူးက ပြုံးပြုံးလေးနဲ့ သွေးအေးအေးနဲ့ ကျွန်တော်ကို လည်ပင်းညှစ်သတ်တာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုစိုးမြတ်ဟာ သူ့ထက်ဗလသေးမယ်ဆိုရင် ကျွန်တော့အတွက် မတွေးရဲစရာပါ။ နောက် တိုက်ဝန်းမှာ ဘယ်သူမှ မရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး လုပ်ကြံတာပဲ ဖြစ်ပါတယ်။ အနေအထားတွေကို လေ့လာသုံးသပ်ရရင် အရူး ကိုဝင်းမောင်အပါအဝင် တိုက်ထဲရှိအကျဉ်းသားတွေကို ကျွန်တော်က တတ်နိုင်သလောက် အကူညီပေးနေပါလျက် လူသားချင်း ပိုမိုစာနာထောက်ထားပြီး  သနားလို့ကူညီပေးခဲ့တဲ့သူက ကျွန်တော်ကိုလုပ်ကြံတာ ဘာကြောင့်လဲ ဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။  

အခင်းဖြစ်ပြီးချိန် နောက်ပိုင်းမှာတော့ ကျွန်တော်ဟာ အခန်းတိုင်းသတိထားပြီး စကားပြောပါတယ်။ ဖြစ်ချင်လည်း ဖြစ်နိုင်ပါလိမ့်မယ်၊ ညသန်းကောင်ကျော်လောက်မှာ ကိုဝင်းမောင်ကို ဝန်ထမ်းဝါဒါတစ်ယောက်က စကားလာပြော နေတာသိကြောင်း၊ နှစ်ရက်လောက်ဆက်ပြီးပြောတာသတိထားမိကြောင်း၊ ဘာတွေပြောသလဲဆိုတာတော့မကြား မိကြောင်းသိရပြီး ထင်မယ်ဆို ထင်နိုင်လောက်တဲ့ အကြာင်းများလည်းရှိပါတယ်။  

အဲဒီခေတ်အခါတုန်းက ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေဟာ ကိုယ့်အသက်ကို ကိုယ်သတိကြီးစွာထားပြီး စောင့်ရှောက်ရပါတယ်။ ထောင်အာဏာပိုင်တွေနဲ့ အဆင်မပြေတဲ့ နိုင်ငံရေးအကျဉ်းသားဆိုရင် ပိုပြီးဂရုစိုက်သတိ ထားနေရပါတယ်။ ထောက်လှမ်းရေးမှတ်ချက်ဖြင့်သော်လည်းကောင်း၊ ထောက်လှမ်းရေးက အနီးကပ်စောင့်ကြည့် နေတဲ့ နိုင်ငံရေးအကျဉ်းသားဆိုရင် ပိုဆိုးပါတယ်။  

နေမကောင်းဖြစ်ရင် ထောင်က ချက်ချင်း ဆေးကုမပေးဘဲ ထောက်လှမ်းရေးကို သတင်းပို့ရပါတယ်။ အကြောင်း ကြားရပါတယ်၊ ထောက်လှမ်းရေး ခွင့်ပြုမှ ဆေးကုသခွင့်ရပါတယ်။ ကျွန်တော်တို့လို ထောင်က မလွှတ်ပေးချင်တဲ့ သူတွေ၊ သူတို့လုပ်ရပ်တွေကို အမှန်အတိုင်း ပြည်သူတွေရော ကမ္ဘာကသိအောင် လုပ်မယ့်သူမျိုးဆိုရင် တလွဲဆေး တွေနဲ့ကုပေးတာမျိုး၊ ဆေးပတ်မလည်အောင်လုပ်တာမျိုး၊ ဆေးကို ရက်ပြည့်အောင်မပေးတာမျိုး၊ သေပလေ့စေဆို ပြီး ပစ်ထားတာမျိုးဆိုတဲ့ သာဓကတွေလည်း ထောင်သမိုင်းမှာ ကျွန်တော်ကိုယ်တိုင် တွေ့ကြုံလာခဲ့တာပါ။ 

ကျွန်တော် ထောင်ထဲမှာ စစ်အစိုးရခေတ်(တပ်မတော်အစိုးရ၊ နဝတ၊ နအဖ )တစ်ခေတ်လုံးနေခဲ့ရတော့ အဲဒီနေခဲ့ရ စဉ်ကာလတစ်လျှောက် အသက်ဘေးကလွတ်ခဲ့ပုံတွေ အများကြီးထဲက တစ်ခုဖြစ်ပြီး ကျွန်တော်တို့ နောင် အဲဒီလို ခေတ်မျိုး စနစ်မျိုး ပြန်မရောက်ရလေအောင် ကျွန်တော်တို့ ဝိုင်းဝန်း ကာကွယ်ရမှာပဲဖြစ်ကြောင်း တင်ပြလိုက်ရပါ တယ်။  ။ 

(မှတ်ချက် .   . ကိုစိုးမြတ်ဆိုတာ ရန်ကုန်က နာမည်ကြီး လူဆိုးတစ်ယောက်ဖြစ်ပြီး ထောင်ကလွတ်ပြီးနောက် တခြားလူဆိုးတစ်ယောက်က လုပ်ကြံသတ်ဖြတ်ခြင်းခံရပြီး သေဆုံးသွားပါတယ်။ ကိုဝင်းမောင်ကတော့ ရန်ကုန် စိတ်ရောဂါကုဆေးရုံကို ခေါ်ဆောင်သွားစဉ် ထွက်ပြေးလို့ ကားတိုက်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly