မြန်မာနှင့် ကူဝိတ် ပွဲစဉ်အား ရွေ့ဆိုင်းလိုက်သည် ဟုသာ ဖီဖာမှ သတင်းထုတ်ပြန်

မြန်မာနှင့် ကူဝိတ် ပွဲစဉ်အား ရွေ့ဆိုင်းလိုက်သည် ဟုသာ ဖီဖာမှ သတင်းထုတ်ပြန်
မြန်မာအသင်းနှင့် ကူဝိတ်အသင်းတို့ ပထမအကျော့ ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-MFF)

နိုဝင်ဘာ ၁၆၊ ရန်ကုန်။                    ။ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကစားနေသည့် ကူဝိတ်လက်ရွေးစင်အသင်းအား ဖီဖာမှ ပြိုင်ပွဲအား ဆက်လက်ယှဉ်ပြိုင်ခြင်း မပြုရန်   ပြစ်ဒဏ်ချမှတ်ခဲ့   သော်လည်း လာမည့် နိုဝင်ဘာ ၁၇ ရက်တွင် ယှဉ်ပြိုင်ကစားမည့် မြန်မာအသင်းနှင့် ကူဝိတ်အသင်းတို့ ပွဲအား ပွဲစဉ်ရွေ့ဆိုင်းလိုက်သည် ဟုသာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ အကြောင်းကြားခဲ့သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် ကူဝိတ်အသင်းအား ကူဝိတ် အစိုးရမှ ကူဝိတ်ဘောလုံးအဖွဲ့ ချုပ်အပေါ် ဝင်ရောက်စွက်ဖက်မှုများ ရှိခဲ့သည့်အတွက် အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် ဆက်လက်ယှဉ်ပြိုင်ခွင့် အပါအဝင် ကလပ်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ကို အောက်တိုဘာ ၁၄ ရက်၌ ပြစ်ဒဏ်ချ ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။

“ မြန်မာနဲ့ ကူဝိတ်ပွဲကို သတ်မှတ်ထားတဲ့ရက်မှာ မကျင်းပတဲ့ အကြောင်းပဲ ဖီဖာက အကြောင်းပြန်လာတယ်။ သူတို့ ဘယ်လိုဆက်ဆုံးဖြတ်မလဲတော့ မသိရသေးဘူး။ ပြစ်ဒဏ်အရဆိုရင်တော့ ကူဝိတ်အသင်းရဲ့ ပွဲစဉ်အားလုံးကို ပယ်ဖျက်ပေးရမှာပါ။ မြန်မာအသင်းကတော့ ကိုရီးယားနဲ့ ပွဲပြီးတာနဲ့ပဲ မြန်မာနိုင်ငံကို ပြန်လာနေပါပြီ။ ဘယ်နေ့မှာ ပြန်ကစားရမယ် ဆိုတဲ့ အကြောင်းကြားစာလည်း အတိအကျ မရသေးပါဘူး။နိုဝင်ဘာ ၁၇ ရက် နောက်ပိုင်းမှပဲ သိရမယ် ထင်ပါတယ်။ သူတို့ ဆုံးဖြတ်ချက်ကိုပဲ စောင့်ဆိုင်းသွားမှာပါ ” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်က ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု (ဆ) တွင် တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအို အစရှိသည့် အသင်းများနှင့် တစ်အုပ်စုတည်း ယှဉ်ပြိုင်ကစားရပြီး လက်ရှိတွင်   ခြောက်ပွဲကစား တစ်ပွဲနိုင် တစ်ပွဲသရေ လေးပွဲရှုံး ရလဒ်ဖြင့် ရမှတ် လေးမှတ် ရရှိကာ အဆင့်လေးနေရာတွင် ရပ်တည်လျက်ရှိသည်။

မြန်မာအသင်းသည် အုပ်စု လက်ကျန်ပွဲစဉ်များအဖြစ် ကူဝိတ်အသင်းအပါအဝင် မတ်လ ၂၉ ရက်တွင် လက်ဘနွန်အသင်းနှင့် အဝေးကွင်းပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly