မဲပေးခွင့်ရှိသည့် ပြည်ပရောက်နိုင်ငံသား ၇ဝ ရာခိုင်နှုန်းနီးပါး ကြိုတင်မဲပေး

မဲပေးခွင့်ရှိသည့် ပြည်ပရောက်နိုင်ငံသား ၇ဝ ရာခိုင်နှုန်းနီးပါး ကြိုတင်မဲပေး

ရန်ကုန်၊ အောက်တိုဘာ ၂ဝ ရက်

ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြန်မာနိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး လေးဆယ့်ငါးခုတွင် မဲပေးခွင့်ရှိသည့် ပြည်ပရောက် မြန်မာနိုင်ငံသား ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါးက ကြိုတင်မဲပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းက မဇ္ဈိမကို ပြောသည်။

၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲအတွက် ပုံစံ (၁၅) ဖြင့် မဲပေးခွင့်ရရှိသည့် ပြည်ပရောက်မြန်မာနိုင်ငံသား တစ်သိန်းနှစ်ထောင်ကျော်အနက် ခုနစ်သောင်းကျော်က ကြိုတင်မဲပေးခဲ့ပြီး ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွင် နှစ်သောင်းနှစ်ထောင်ကျော်သာ ကြိုတင်မဲပေးခဲ့ကြောင်း ဦးအောင်စိုးဝင်းက ပြောသည်။

“ဒါ ၃ ဆခွဲလောက် မြင့်တက်လာတယ်ဆိုတာ တွေ့ရမှာပေါ့။ သက်ဆိုင်ရာနိုင်ငံတွေအလိုက် လိုက်နာရမယ့်အချက်တွေ ထုတ်ပြန်တာရှိပါတယ်။ သံရုံးတွေက တိတိကျကျလိုက်နာပြီး ကျန်းမာရေးဆိုင်ရာအကာအကွယ်တွေ၊ Social Distancing လိုဟာတွေ ဆောင်ရွက်ထားတယ်။ ဒီလိုဆောင်ရွက်မှုက တစ်ပိုင်း အဓိကသည် မဲဆန္ဒရှင်မြန်မာနိုင်ငံသားတွေအနေနဲ့ တက်တက်ကြွကြွမဲပေးလိုတဲ့ ဆန္ဒရှိတဲ့အတွက်ကြောင့် ဒါက အရင်ထက်စာရင် အများကြီးမြင့်တက်လာတယ်လို့ပဲ မြင်ပါတယ်”  ဟု ၎င်းက ပြောသည်။

ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲပေးခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၈ ရက်နေ့အထိ နိုင်ငံအသီးသီးတွင် ဆောင်ရွက်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကြိုတင်မဲပေးရန်ကျန်ရှိနေသူ အချို့အတွက် သက်ဆိုင်ရာသံရုံးဘက်က စောင့်ဆိုင်းပေးနေမှုအနည်းငယ်သာကျန်ရှိတော့ကြောင်းလည်း ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းက ပြောသည်။

“အောက်တိုဘာ ၁၈ ရက်မှာ ပြီးဆုံးသွားတဲ့ သဘောပါ။ ပြီးဆုံးတယ်ဆိုပေမယ့် တစ်ဦးစ နှစ်ဦးစ ကျန်တာလေးတွေအတွက် ကျွန်တော်တို့က သက်ဆိုင်ရာမြန်မာသံရုံးတွေကနေ စောင့်ပေးနေတာလေးတွေရှိတယ်ပေါ့နော်။ အားလုံးနီးနီးပြီးဆုံးသွားပြီဆိုတဲ့ အနေအထားရှိပါတယ်။ မြန်မာသံရုံးတွေက ပို့တာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လွှဲပြောင်းပေးနေတာရှိပါတယ်” ဟု ပြောသည်။

၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲအတွက် တောင်ကိုရီးယားရောက် မဲဆန္ဒရှင်ပေါင်း ခုနစ်ထောင့်ရှစ်ရာကျော်က ကြိုတင်မဲပေးခဲ့ပြီး မဲဆန္ဒရှင်အရေအတွက်၏ ၈ဝ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံရောက် မဲဆန္ဒရှင်ပေါင်း သုံးသောင်း ခန့်က ကြိုတင်မဲပေးခဲ့ပြီး မဲဆန္ဒရှင်အရေအတွက်၏ ၈၉ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံရောက် မဲဆန္ဒရှင်ပေါင်း ငါးထောင့်ကိုးရာကျော်က ကြိုတင်မဲပေးခဲ့ပြီး မဲဆန္ဒရှင်အရေအတွက်၏ ၇၂. ၇၂ ရာခိုင်နှုန်းကြိုတင်မဲ ပေးခဲ့ကြကြောင်း သက်ဆိုင်ရာမြန်မာသံရုံးများက ထုတ်ပြန်သည်။  မြန်မာသံရုံးမရှိသည့် ယူအေအီးနိုင်ငံတွင် ဟိုတယ်တစ်ခု၌ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာ မဲဆန္ဒရှင် ၅ဝဝ ကျော်ကြိုတင်မဲလာရောက်ပေးခဲ့ပြီး မဲဆန္ဒရှင်အရေအတွက်၏ ၈၅ ရာခိုင်နှုန်းကျော်က ကြိုတင်မဲပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required