တရုတ်ဆေးဝါးကုမ္ပဏီထုတ် Sinovac ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးက ဘေးကင်းစိတ်ချရဟု ဘရာဇီးသုတေသီအဖွဲ့သုံးသပ်  

တရုတ်ဆေးဝါးကုမ္ပဏီထုတ် Sinovac ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးက ဘေးကင်းစိတ်ချရဟု ဘရာဇီးသုတေသီအဖွဲ့သုံးသပ်  

အောက်တိုဘာ ၂၀  

တရုတ်နိုင်ငံ Sinovac Biotech ဆေးဝါးကုမ္ပဏီမှတီထွင်ထုတ်လုပ်သော စမ်းသပ်ဆဲကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ဘရာဇီး၌ပြုလုပ်သည့် နောက်ဆုံးအဆင့်လက်တွေ့စမ်းသပ်‌မှုတွင် ဘေးကင်းစိတ်ချရဟန်ရှိကြောင်း တနင်္လာနေ့ထုတ်ပြန်သည့် ကနဦးရလဒ်များအရ သိရသည်။  

ဘရာဇီး၏ ထိပ်တန်းဇီဝဆေးပညာသုတေသနစင်တာများအနက်တစ်ခုဖြစ်ပြီး  ကာကွယ်ဆေးစမ်းသပ်မှု အဆင့် ၃ ပြုလုပ်နေသော ဆောပိုလိုမှ Butantan Institute က စေတနာ့ဝန်ထမ်း ၉ ၀၀၀ နှင့် CoronaVac ကာကွယ်ဆေး နှစ်ကြိမ်‌ စမ်းသပ်ပြီးချိန်တွင် ဘေးကင်းစိတ်ချရကြောင်း သက်သေပြနိုင်ခဲ့သည်ဟု ဆိုသည်။  

Butantan သုတေသနစင်တာမှ ဒါရိုက်တာ ဒီမက်စ်ကိုဗက်စ်က ၁၃ ၀၀၀ သော စေတနာ့ဝန်ထမ်းအားလုံးနှင့် စမ်းသပ်မှုမပြီးမချင်း ကာကွယ်ဆေးထိရောက်မှုဆိုင်ရာအချက်အလက်များကို ထုတ်ပြန်မည်မဟုတ်ကြောင်း ပြောခဲ့သည်။  

ဘရာဇီးတွင်ပြုလုပ်သော လက်တွေ့စမ်းသပ်မှု ပထမဆုံးရလဒ်များအရ နိုင်ငံအတွင်းစမ်းသပ်သော ကာကွယ်ဆေးများအနက် CoronaVac က စိတ်အချရဆုံးဖြစ်ပြီး အကောင်းဆုံးနှင့် အလားအလာအရှိဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဖြစ်သည်ဟု ဆောပိုလိုအုပ်ချုပ်ရေးမှူး ဂျိုအာဒိုရီးယားက သတင်းထောက်များကို ပြောသည်။  

အချက်အလက်များသည် ကနဦးရလဒ်များသာဖြစ်ပြီး သုတေသီများက ပြုလုပ်နေဆဲစမ်းသပ်မှုတွင် ပါဝင်နေသူများကို ဆက်လက်စောင့်ကြည့်သွားမည်ဟု ဆိုသည်။ Sinovac ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ အဆင့် ၃ စမ်းသပ်မှု ပထမဆုံးရလဒ်များဖြစ်ပြီး တူရကီနှင့်အင်ဒိုနီးရှားတို့တွင်လည်း စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။  

ကာကွယ်ဆေးအပေါ် ပြင်းထန်ဆိုးရွားသောတုံ့ပြန်မှုများမရှိဘဲ စမ်းသပ်ခံစေတနာ့ဝန်ထမ်း ၂၀ % က ဆေးထိုးအပြီး အနည်းငယ်သောနာကျင်မှုဝေဒနာခံစားရသည်ဟုဆိုသည်။ ၁၅ % က ပထမအကြိမ်ကာကွယ်ဆေးထိုးအပြီး ခေါင်းကိုက်မှုများရှိခဲ့ကာ ဒုတိယအကြိမ်ဆေးထိုးမှုအပြီးတွင် ခေါင်းကိုက်သူ ၁၀ % သာ ရှိတော့သည်ဟု ကိုဗက်စ်က ဆိုသည်။ ၅ % ထက်နည်းသောစမ်းသပ်ခံစေတနာ့ဝန်ထမ်းများသည် မအီမသာဖြစ်ခြင်းနှင့် မောပန်းနွမ်းနယ်မှုကို ခံစားရကာ ကြွက်သားနာကျင်သည့်ဝေဒနာများ ခံစားရသူ အနည်းအကျဉ်းရှိခဲ့သည်ဟု  ကိုဗက်စ်ကပြောသည်။  

ဆောပိုလိုပြည်နယ်ကျန်းမာရေးဝန်ကြီး ယောန်ဂေါရင်ချ်တန်က ကာကွယ်ဆေးသည် အကာအကွယ်ပေးသော ပဋိပစ္စည်းများကိုထုတ်လုပ်နိုင်ဟန်ရှိသည်ဟု ဆိုသည်။ ဘရာဇီးတွင် ၂၀၂၁ ခုနှစ် အစောပိုင်း၌ ကာကွယ်ဆေးစတင်အသုံးပြုနိုင်ရန် ယခုနှစ်ကုန်လောက်တွင် CoronaVac ကာကွယ်ဆေးအတွက် အတည်ပြုချက်ရမည်ဟု မျှော်လင့်ထားပြီး အမေရိကတွင် ပထမဆုံးကာကွယ်ဆေးထိုးခြင်း အစီအစဉ်ဖြစ်လာနိုင်ပေသည်။  

ဆောပိုလိုသည် ဖေဖော်ဝါရီလအကုန်၌ ကာကွယ်ဆေးပမာဏ သန်း ၆၀ ဝယ်ယူရန် Sinovac ကုမ္ပဏီနှင့် စာချုပ်,ချုပ်ဆိုထားသည်။  

ဘရာဇီးတွင် ဇူလိုင်နှောင်းပိုင်း ကူးစက်မှုအမြင့်ဆုံးအချိန်က တစ်နေ့တာကူးစက်မှု ၇၀ ၀၀၀ နီးပါးရှိခဲ့ကာ ယခုအချိန်တွင် ထိုအရေအတွက်၏ ၄၃ % သာကူးစက်မှုရှိတော့သော်လည်း ဗိုင်းရပ်စ်ရိုက်ခတ်မှု အခံရဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သောကြောင့် ကာ ကွယ်ဆေးစမ်းသပ်မှုပြုလုပ်ရာနေရာအဖြစ် Sinovac က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။  

ဘရာဇီးတွင် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါကူးစက်သူ ၅.၂ သန်းထက်မနည်းရှိပြီး အမေရိကန်နှင့်အိန္ဒိယပြီးလျှင် ကမ္ဘာပေါ်တွင် ရောဂါကူးစက်မှု တတိယအများဆုံးနိုင်ငံဖြစ်သည်။  

AstraZeneca PLC နှင့် Oxford တက္ကသိုလ်တို့သည်လည်း ၎င်းတို့၏ ယူကေကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်မှုကို လေ့လာဆန်းစစ်မှုပြုလုပ်တော့မည်ဖြစ်သည်။ အမေရိကန်မှ Pfizer Inc ကလည်း ကာကွယ်ဆေးစမ်းသပ်မှုကို ယခုလတွင် ကနဦးဆန်းစစ်မှုပြုလုပ်မည်ဖြစ်ပြီး Moderna Inc က နိုဝင်ဘာလတွင် စမ်းသပ်မှုရလဒ်များကို ကြေညာဖွယ်ရှိသည်။ ရုရှား Gamaleya Institute ကလည်း ၎င်းတို့၏ကာကွယ်ဆေး ဆန်းစစ်မှုများကို လာမည့်လတွင် ပြုလုပ်နိုင်သည်။ 

AstraZeneca နှင့် Johnson & Johnson  တီထွင်ထုတ်လုပ်သည့် ကာကွယ်ဆေးများသည် ဘေးကင်းလုံခြုံမှု ဆိုင်ရာ ပြဿနာများကြောင့် အမေရိကန်တွင်စမ်းသပ်နေမှုများကို ရပ်နားထားရသည်။  

ကမ္ဘာတစ်ဝန်းတွင် လူပေါင်း တစ်သန်းကျော်ကို သေဆုံးစေခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကို တားဆီးရန်အတွက် ကာကွယ်ဆေးများကို မရှိမဖြစ်လက်နက်များအဖြစ် မှတ်ယူထားကြသည်။ ဘရာဇီးတွင် AstraZeneca ထုတ်ကာကွယ်ဆေးအတွက် စမ်းသပ် မှုအဆင့် ၃ ကိုလည်းပြုလုပ်လျက်ရှိပြီး Johnson & Johnson ကုမ္ပဏီကလည်း ၎င်းတို့ကာကွယ်ဆေးအတွက် လူသားများနှင့်စမ်းသပ်မှု နောက်ဆုံးအဆင့်ကို ဘရာဇီးတွင် တိုးချဲ့စမ်းသပ်သွားရန် ရည်ရွယ်ထားသည်ဟု ပြီးခဲ့သည့်လက ပြောသည်။  
CoronaVac ကာကွယ်ဆေးသည် ကိုယ်ခံအားစနစ်ကို အစပျိုးရန်အတွက် လူ့ဆဲလ်များထဲတွင် ပုံတူပွားများနိုင်ခြင်းမရှိသည့် ဗိုင်းရပ်စ်သေများကို အသုံးပြုသော ရိုးရာနည်းလမ်းဖြစ်သည့် သက်မဲ့ဗိုင်းရပ်စ်ကာကွယ်ဆေး (inactivated vaccine) နည်းပညာဖြင့်ထုတ်လုပ်ထားခြင်းဖြစ်သည်။  

တချို့သော သက်မဲ့ဗိုင်းရပ်စ်ကာကွယ်ဆေးများသည် ထိုးပြီးသည့်အခါ ဖြစ်ပေါ်လာသောပဋိပစ္စည်းများက အကာအကွယ်ပေးရမည့်အစား ကူးစက်မှုကို ပိုမိုဆိုးရွားစေကာ ရောဂါတိုးပွားစေသောအကျိုးသက်ရောက်မှု ရှိသောကြောင့် သက်မဲ့ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး၏ ဘေးကင်းလုံခြုံမှုကို အချိန်ကြာကြာစောင့်ကြည့်သင့်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly