တရုတ်နိုင်ငံရဲ့ ဂျီဒီပီ တတိယသုံးလပတ်မှာ ၄.၉ % မြင့်တက်

တရုတ်နိုင်ငံရဲ့ ဂျီဒီပီ တတိယသုံးလပတ်မှာ ၄.၉ % မြင့်တက်
Photo - AFP

အောက်တိုဘာ ၁၉

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ကိုရိုနာဗိုင်းရပ်စ်လော့ဒေါင်းတွေကြားထဲကနေ ပြန်လည်ဦးမော့လာခဲ့ပြီး ကပ်ရောဂါမတိုင်မီအခြေအနေတွေဆီပြန်ရောက်ဖို့ နီးကပ်လာခဲ့ကာ တတိယသုံးလပတ်မှာ နိုင်ငံ့ဂျီဒီပီ ၄.၉ % အထိ မြင့်တက်ခဲ့တယ်လို့ အောက်တိုဘာ ၁၉ ရက်ကထုတ်ပြန်တဲ့ တရားဝင်ကိန်းဂဏန်းတွေအရ သိရပါတယ်။

တရုတ်နိုင်ငံ အမျိုးသားစာရင်းဗျူရို (National Bureau of Statistics-NBC) က နိုင်ငံတကာအခြေအနေတွေ ရှုပ်ထွေးနေဆဲဖြစ်တာကြောင့် အနာဂတ်မှာ မရေရာမသေချာမှုတွေရှိနေတယ်လို့ သတိပေးခဲ့စဉ်မှာပဲ မျှော်လင့် ချက်မရှိတဲ့ကြားထဲက ဇူလိုင်-စက်တင်ဘာလအတွင်းမှာ ကမ္ဘာ့ စီးပွားရေးဒုတိယအင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်ရဲ့ စီးပွားရေးဟာ  အနည်းငယ်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံအများအပြား လော့ဒေါင်းတွေ၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်အသစ်တွေနဲ့ တိုက်ပွဲဝင်နေရချိန်မှာ တရုတ်ရဲ့စီးပွားရေးနာလန်ထူမှုဟာ ဒီနှစ်မှာ တိုးချဲ့လာတဲ့ တစ်ခုတည်းသော အဓိကစီးပွားရေးလမ်းကြောင်းပေါ်ရောက်ရှိနေပြီလို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းပြောဆိုလိုက်ပါတယ်။

AFP က ကောက်ယူထားတဲ့စစ်တမ်းအရ တရုတ်နိုင်ငံဟာ ဒုတိယသုံးလပတ်မှာ စီးပွားရေးတိုးတက်မှုနှုန်း ၃.၂ % ရှိရာကနေ တတိယသုံးလပတ်မှာ ၄.၉ % အထိ တိုးတက်ခဲ့တာဖြစ်ပါတယ်။ 

တရုတ်ဟာ ကပ်ရောဂါရဲ့ ဇာစ်မြစ်ကို ဖုံးကွယ်ဖို့ကြို့စားရင်း နိုင်ငံသားထော င်ပေါင်းများစွာကို စမ်းသပ်ဆဲ ကာကွယ်ဆေးတွေ ထောက်ပံ့ကာ ဗိုင်းရပ်စ်ဖြစ်ပွားမှုကို ကိုင်တွယ်ခဲ့ကြပါတယ်။ 

တခြားနိုင်ငံတွေနဲ့မတူဘဲ တရုတ်ပြည်သူတွေဟာ ဈေးဝယ်ထွက်တာ၊ ခရီးသွားကြတာတွေနဲ့ အပြင်ထွက်စားကြတာတွေ ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ 

အစိုးရက ပြည်တွင်းဝယ်လိုအားကို ပြန်လည်ဖြည့်ဆည်းဖို့ ကြိုးပမ်းနေပေမယ့်လည်း အလုပ်အကိုင်နဲ့ နိုင်ငံအတွင်း ဗိုင်းရပ်စ်ပြန်လည်ကူးစက်မှုအပေါ် ကာလရှည်ကြာစိုးရိမ်မှုတွေရှိနေတာကြောင့်  စားသုံးသူတွေရဲ့ ခံယူချက်ကို ချိန်ဆလုပ်ကိုင်နေကြရပါတယ်။ 

တနင်္လာနေ့က ထုတ်ပြန်တဲ့ NBS ရဲ့ဒေတာတွေအရ ဩဂုတ်လက လက်လီရောင်းအား ၀.၅% တိုးတက်မှုရှိရာကနေ  စက်တင်ဘာလမှာ မျှော်မှန်းထားတာထက် လျင်မြန်စွာတိုးတက်ခဲ့ပြီး ၃.၃ % အထိ မြင့်တက်ခဲ့ပါတယ်။ 

စက်မှုထုတ်ကုန်တိုးတက်မှုနှုန်းဟာ နောက်ကျနေဆဲဖြစ်ပေမယ့် ဩဂုတ်လမှာ ၅.၆ % ရှိရာက စက်တင်ဘာလမှ တိုးတက်မှု ၆.၉ % အထိ ရှိခဲ့ပြီး မျှော်မှန်းထားတာထက်များခဲ့ပါတယ်။ 

မြေယာနဲ့အဆောက်အအုံလိုမျိုး ပုံသေရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂၀၂၀ ခုနှစ်အတွင်း ပထမဆုံးအကြိမ် အပေါင်းလက္ခာဏာပြခဲ့ပြီး နိုင်ငံအဝှမ်းအလုပ်လက်မဲ့နှုန်းဟာလည်း ဩဂုတ်လက ၅.၆ % ကနေ စက်တင်ဘာမှာ ၅.၄ % အထိ ကျဆင်းခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly