ချီလီမှာ ဆန္ဒပြပွဲလှုပ်ရှားမှု နှစ်ပတ်လည်အဖြစ် လူပေါင်းသောင်းချီ စုဝေးခဲ့ကြပြီး ဘုရားကျောင်းတွေ မီးရှို့ခံရ 

ချီလီမှာ ဆန္ဒပြပွဲလှုပ်ရှားမှု နှစ်ပတ်လည်အဖြစ် လူပေါင်းသောင်းချီ စုဝေးခဲ့ကြပြီး ဘုရားကျောင်းတွေ မီးရှို့ခံရ 
Photo - AFP

အောက်တိုဘာ ၁၉

ချီလီနိုင်ငံမှာ ယမန်နှစ် ၂၀၁၉ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြလှုပ်ရှားမှုကြီးတစ်ခုရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့ အောက်တိုဘာ ၁၈ ရက်မှာ သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဆန်တီယာဂိုမြို့လယ် ရင်ပြင်တစ်ခုမှာ စုဝေးခဲ့ကြပြီး ခရစ်ယာန်ဘုရားကျောင်းနှစ်ခုလည်း မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။ 

ဒါဟာ ယင်းနိုင်ငံမှာ အာဏာရှင်ခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို အသစ်တစ်ခုနဲ့ အစားထိုးမလား၊ မထိုးဘူးလား ဆိုတာနဲ့ပတ်သက်တဲ့ ဆန္ဒခံယူပွဲတစ်ခုကို ချီလီပြည်သူတွေ မဲပေးမှု မတိုင်မီ တစ်ပတ်အလိုမှာ ဒီ ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ 

ဖွဲ့စည်းပုံဥပဒေကို အသစ်တစ်ခုနဲ့ ပြန်အစားထိုးဖို့ ဆိုတာကတော့ ယင်းနိုင်ငံမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၈ မှာ ဆန္ဒပြပွဲ လှုပ်ရှားမှုကြီးတစ်ခု စတင် ဖြစ်ပေါ်ခဲ့ချိန်တုန်းက အဓိက တောင်းဆိုချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ 

ယမန်နေ့ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းမှာတော့ Plaza Italia နေရာမှာ အများအားဖြင့် စည်ကားခဲ့တဲ့ ဝန်းကျင်တစ်ခုကို ဆန္ဒပြပွဲတွေဖြစ်စေခဲ့သလို နေ့လည်ပိုင်းမှာတော့ အကြမ်းဖက်မှု၊ ပစ္စည်းလုယက်မှု၊ အများပိုင်ပစ္စည်း ဖျက်ဆီးမှု ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 

Plaza Italia အနီးအနားက ဘုရားကျောင်းတစ်ခု မီးရှို့ပြာကျခဲ့ချိန် ခေါင်းစွပ်မျက်နှာဖုံး ဝတ်ထားတဲ့ ဆန္ဒပြသူတွေ သြဘာပေးခဲ့ကြပါတယ်။ တချိန်တည်းမှာလည်းပဲ ဒုတိယမြောက် ဘာသာရေးဝတ်ပြုနေရာတစ်ခုမှာလည်း လုယက်ခံရမှုတွေဖြစ်ခဲ့ပြီး မီးဘေးထိခိုက်မှုကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် မီးသတ်သမားတွေက ဒီမီးကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

လုံးလုံးလျားလျား မီးလောင်ပျက်စီးသွားခဲ့တဲ့ အရွယ်အစားသေးတဲ့ ဘုရားကျောင်းကတော့ အနုပညာရှင်တွေရဲ့ ခရစ်ယာန် အသင်းတော်တစ်ခုအဖြစ် သိကြတယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

ဆန်တီယာဂိုမြို့ရှိ ရပ်ကွက်တစ်ခုမှာလည်း ဘောလုံး လူရမ်းကားအုပ်စုတွေအကြား ပဋိပက္ခ ခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်ခဲ့သလို Plaza Italia က ဆန္ဒပြသူတွေဟာလည်း ရုပ်တုတစ်ခုကို ဆေးအနီနဲ့ ပက်ဖျန်းခဲ့ပါတယ်။ 

မြို့လယ်ရင်ပြင်အနီး ရပ်ကွက်တစ်ခုက ကွန်မြူနစ် မြို့တော်ဝန်တစ်ဦးဖြစ်တဲ့ ဒန်နီယယ် ဂျာဒူးကိုလည်း Plaza Italia မှာ ရပ်တည်နေလို့ မရအောင် ဆန္ဒပြသူတွေက အတင်းအကျပ် ထွက်ခွာစေခဲ့တယ်လို့ သိရပါတယ်။ 

ယင်းနေ့ မနက်ပိုင်းတုန်းကတော့ အခြေအနေတွေဟာ အေးအေးချမ်းချမ်း ရှိခဲ့တာဖြစ်ပြီး ဆန္ဒပြသူအများစုဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ကာကွယ်ဖို့ နှာခေါင်းစည်းတွေ ဝတ်ထားပြီး စာတန်းတွေ ကိုင်၊ သီချင်းတွေ ဆို၊ ကခုန်နေခဲ့ကြတာ ဖြစ်ပါတယ်။ 

ယင်းနောက်ပိုင်းမှာတော့ ရဲတွေဟာလည်း Plaza Italia ကနေ တဖြည်းဖြည်းချင်း နောက်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။ 

“ဒါ တအားကောင်းတယ်၊ အရမ်း ကောင်းပါတယ်၊ သူတို့ဟာ ချီလီအတွက် တကယ့် ကောင်းတဲ့အရာတွေဖြစ်တယ်၊ ချီလီ ပြည်သူတွေအနေနဲ့ စည်းလုံးဖို့ လိုပါတယ်၊ ကျွန်မတို့ဟာ အရာကိစ္စတွေကို လုပ်နိုင်တယ်ဆိုတာ ကျွန်မတို့ ယုံကြည်ရပါမယ်” လို့ အသက် ၄၃ နှစ်အရွယ် ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ဗီဗီယန်နာ ဒိုနိုဆိုက ပြောသွားပါတယ်။ 

တစ်ချိန်တည်းမှာလည်းပဲ သမ္မတ ဆီဘတ်ရှန် ပီညဲရာ အစိုးရကလည်း ဆန္ဒပြသူတွေကို ငြိမ်းငြိမ်းချမ်းချမ်း ရှိကြဖို့နဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်တွေကို လိုက်နာဖို့ တောင်းဆိုခဲ့ပါတယ်။ 

ချီလီမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၉၀,၀၀၀ ကျော်နဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃,၆၀၀ ခန့် ရှိနေပါတယ်။ 

ယင်းနိုင်ငံမှာတော့ ယမန်နှစ် ၂၀၁၉ ခုနှစ်တုန်းက မြေအောက် ရထားလက်မှတ်ခတွေ မြင့်တက်တာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကနဦး စတင်ပေါ်ပေါက်ခဲ့ရာကနေ နောက်ပိုင်းမှာ နိုင်ငံမှာ သာတူညီမျှမရှိမှုနဲ့ အစိုးရအပေါ် ဆန့်ကျင်တဲ့ အထွေထွေဆန္ဒပြပွဲကြီးတစ်ခုအဖြစ် နေ့ချင်းညချင်း ပြောင်းလဲဖြစ်ပေါ်ထားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly