အရပ်သားတွေ သေဆုံးတဲ့ ဂန်ဂျာမြို့ တိုက်ခိုက်မှုအတွက် အာမေးနီးယားကို အဇာဘိုင်ဂျန်က လက်စားချေမည် 

အရပ်သားတွေ သေဆုံးတဲ့ ဂန်ဂျာမြို့ တိုက်ခိုက်မှုအတွက် အာမေးနီးယားကို အဇာဘိုင်ဂျန်က လက်စားချေမည် 

အောက်တိုဘာ ၁၈ ၊ ၂၀၂၀

ဂန်ဂျာမြို့မှာ ညပိုင်း လူတွေ အိပ်စက်နေချိန် ဒုံးကျည်ပစ်လွှတ် တိုက်ခိုက်တာကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ရတာအတွက် အာမေးနီးယားနိုင်ငံကို ကလဲ့စားချေ လက်တုံ့ပြန်သွားမှာဖြစ်တယ်ဆိုပြီး အဇာဘိုင်ဂျန်သမ္မတ အီဟမ်းအလီယက်ဗ်က သံန္နိဋ္ဌာန်ချ ပြောဆိုပါတယ်။ 

အငြင်းပွား နာဂေါ်နို ကာရာဘတ်ရှ်ဒေသနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား တိုက်ပွဲဖြစ်နေရာမှာ ဒီ ဒုံးကျည်တိုက်ခိုက်မှုက တင်းမာမှုရေချိန်ကို ပိုပြီး မြင့်မားသွားစေပါတယ်။ 

အရုဏ်မတက်မီ အစောပိုင်းနာရီမှာ အခု တိုက်ခိုက်မှုမဖြစ်ခင် အနီးနားက မဟာဗျူဟာအရေးပါတဲ့ မင်ဂီစီဗားမြို့ကိုလည်း ဒုံးကျည်ပစ်ခတ်ခံခဲ့ရပါတယ်။ အဇာဘိုင်ဂျန်တပ်ဖွဲ့တွေက တိုင်းရင်းသား အာမေးနီးယား ခွဲထွက်ရေးဒေသရဲ့ မြို့တော် စတက်ပါနာကက်ကို အမြောက်ကြီးတွေနဲ့ ပစ်ခတ်ပြီးနောက် ခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားလာခဲ့တာပါ။ 

ဒုံးကျည်တိုက်ခိုက်မှုကြောင့် ဂန်ဂျာမြို့မှာ ကျရောက်ပေါက်ကွဲရာမှာ အိမ်ခြေအဆောက်အအုံတန်း တစ်ခု လုံးလုံးပြိုကျ ပျက်စီးပြီး လူ ၄၀ အနည်းဆုံး ဒဏ်ရာရခဲ့ပါတယ်။ သမ္မတ အလီယက်ဗ်က ဒီတိုက်ခိုက်မှုဟာ ‘စစ်ရာဇဝတ်မှု’အဖြစ် သတ်မှတ် ပြောဆိုပါတယ်။ 

အဇာဘိုင်ဂျန် စစ်တပ်ဟာ စစ်မြေပြင်မှာ လက်စားချေ ပြန်လည်တုံ့ပြန်တိုက်ခိုက်တော့မှာဖြစ်တယ်ဆိုပြီး ရုပ်သံကနေ မိန့်ခွန်းပြောပါတယ်။ ဒါအပြင် ကာရာဘတ်ရှ်ဒေသကိုလည်း အာမေးနီးယားစစ်သားတွေကို ခွေးတွေလို မောင်းထုတ်ပြီး ပြန်လည်လက်ရသိမ်းပိုက်မယ်လို့ ကတိပေးပါတယ်။ 

ခရစ်ယာန် အာမေးနီးယားနဲ့ မွတ်စလင် အဇာဘိုင်ဂျန်ကြားက ဖြစ်ပွားလာဖို့ ရှိနေတဲ့ သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်မှုတွေဟာ တိုက်ပွဲတွေ တစ်ကျော့ပြန် မဖြစ်ပွားရေး နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အောက်ခြေကနေ ယိုင်နှဲ့လိမ့်မှာ ဖြစ်သလို ဒေသတွင်း အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ရုရှနဲ့ တူရကီတို့ရဲ့ ကြားဝင်ဖြန်ဖြေမှုကို ရှောင်ကွင်းပြီး လူရာပေါင်းများစွာ သေဆုံးရမယ့် ပဋိပက္ခ ထိပ်တိုက်တိုက်ပွဲတစ်ရပ်ဆီ ဦးတည်သွားဖွယ် ရှိနေပါတယ်။ 

လူဦးရေ သုံးသိန်းကျော် နေထိုင်ရာ ဂန်ဂျာမြို့မှာ အခု တိုက်ခိုက်မှုမတိုင်ခင် ခြောက်ရက်လောက်က အခြား လူနေရပ်ကွက်ဧရိယာကို ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်တာကြောင့် အရပ်သား ဆယ်ဦး သေဆုံးခဲ့ပါဝယ်။ 

အငြင်းပွားနေတဲ့ နာဂေါ်နိုကာရာဘတ်ရှ်ဒေသဟာ အဇာဘိုင်ဂျန် ပိုင်နက်ထဲမှာရှိတဲ့ အာမေးနီးယားတိုင်းရင်းသား တစ်သိန်းခွဲနီးပါး နေထိုင်ရာ ဒေသဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်က လူ သုံးသောင်းနီးပါး သေဆုံးတဲ့ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားတို့ကြား စစ်ပွဲအပြီးမှာ ဒီ ဒေသဟာ အဇာဘိုင်ဂျန် ထိန်းချုပ်မှုကနေ ကင်းကွာသွားခဲ့တာပါ။ ဒေသရဲ့ ခွဲထွက်ရေးအစိုးရကို အာမေးနီးယားက အပြည့်အဝ ကျောထောက်နောက်ခံ ပေးထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly